ရန်ကုန်တွင် မြေအောက်ရထားလမ်း တည်ဆောက်အသုံးပြုရန်နှင့် မန္တလေးတွင် အမေရိကန်နိုင်ငံကဲ့သို့ စိုက်ပျိုးထုတ်လုပ်တင်ပို့ကြရန် အကြမ်းဖက် မင်းအောင်လှိုင် ပြောပြန်

ရန်ကုန်တွင် မြေအောက်ရထားလမ်း တည်ဆောက်အသုံးပြုရန်နှင့် မန္တလေးတွင် အမေရိကန်နိုင်ငံကဲ့သို့ စိုက်ပျိုးထုတ်လုပ်တင်ပို့ကြရန် အကြမ်းဖက် မင်းအောင်လှိုင် ပြောပြန်
ရန်ကုန်၊ မေ ၁၆
မြန်မာနိုင်ငံတွင် စီးပွားရေးကျဆင်းမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများ ကြုံတွေ့နေရချိန်၌ ရန်ကုန်တွင် နောင်အနာဂတ်၌ မြေအောက်ရထားလမ်းများ တည် ဆောက်အသုံးပြုရန်နှင့် မန္တလေးတိုင်းတွင် အမေရိကန်ပြည်ထောင်စုကဲ့သို့ စိုက်ပျိုးရေးထုတ်ကုန်များကို အများအပြား ထုတ်လုပ်တင်ပို့ကြရန် အာဏာ သိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စိတ်ကူးယဉ်ဆန်စွာ ထုတ်ဖော်ပြောဆိုလာပြန်သည်။
မေ ၁၄ ရက်နေ့ နေပြည်တော်ရှိ မီးရထားစက်ခေါင်းစက်ရုံကို သွားရောက်စဉ် ရန်ကုန်တွင် မြေအောက်ရထားလမ်းများ တည် ဆောက်အသုံးပြုနိုင်ရန် လုပ်ဆောင်ရေး ပြောဆိုခဲ့ပြီး မေလ ၁၅ ရက်နေ့ မန္တလေးတိုင်းမှ ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာတွင်လည်း အမေရိကန်နိုင်ငံကဲ့သို့ စိုက်ပျိုးထုတ်လုပ်တင်ပို့ကြရန် မင်းအောင်လှိုင်က ပြောဆိုလာခြင်းဖြစ်သည်။
စစ်ခေါင်းဆောင်က ရန်ကုန်မြို့ပတ်ရထားလမ်းကြောင်းတစ်လျှောက်တွင် စနစ်တကျဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောဆိုပြီး၊ “နောင်အနာဂတ်ကာလတွင် မြေအောက်ရထားလမ်းများ တည်ဆောက်အသုံးပြုနိုင်သည်အထိ စနစ်တကျ သုတေသနပြု တွက်ချက်ဆောင်ရွက်ထားရှိရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
လက်တွေ့တွင်မူ ဂျပန်နိုင်ငံ (JICA) ချေးငွေဖြင့် လုပ်ဆောင်နေသည့် ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းပင်လျှင် စစ်အာဏာသိမ်းမှုကြောင့် ဂျပန်ဘက်က ချေးငွေရပ်ဆိုင်းလိုက်သဖြင့် ကြန့်ကြာမှုများ ရှိနေချိန်တွင် စစ်ခေါင်းဆောင်က မြေအောက်ရထားလမ်း တည်ဆောက်ရန်အထိ စိတ်ကူးယဉ်ပြောဆိုလာခြင်း ဖြစ်သည်။
ထို့ပြင် စစ်ခေါင်းဆောင်က မန္တလေးတိုင်းအတွင်း ပန်းတိုင်ရည်မှန်းချက် သီးနှံ ၁၀ မျိုးတွင် အထွက်နှုန်း မပြည့်မီခြင်းကြောင့် နှစ်စဉ် မြန်မာကျပ်ငွေ ၃,၇၆၅ ဘီလီယံခန့် လျော့နည်းနစ်နာ ဆုံးရှုံးနေရပြီး၊ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့် ထိခိုက်နစ်နာနေရသည်ဟု ဆိုသည်။
မင်းအောင်လှိုင်က လက်ရှိစိုက်ပျိုးနေသည့် စိုက်ဧကအတိုင်း သီးထပ်စွမ်းအား ပြည့်မီအောင် စိုက်ပျိုးနိုင်ပါက နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့် ပိုမိုအကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ကြောင်း ၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ “ဥပမာအားဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံသည်ပင်လျှင် စိုက်ပျိုးရေးထုတ်ကုန်များကို ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ အများအပြားတင်ပို့နေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း” ပြောဆိုကာ အမေရိကန်နိုင်ငံကို နမူနာယူရန် ပြောကြားခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီပြတ်လပ်မှု၊ လျှပ်စစ်မီးမမှန်မှု၊ သွင်းအားစုစရိတ် မြင့်မားမှုနှင့် တိုက်ပွဲများကြောင့် စိုက်ပျိုးမြေအမြောက်အမြား လက်လွှတ်နေရချိန်တွင်၊ စစ်ခေါင်းဆောင်က စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်း (Agro-based Industries) နှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများကို အားပေးမြှင့်တင်ရန် ပြောဆိုနေခြင်းမှာ လက်တွေ့မြေပြင်အခြေအနေနှင့် ကင်းကွာနေသည့် စိတ်ကူးယဉ်ဝါဒဖြန့်ချိမှုသာဖြစ်ကြောင်း စီးပွားရေးလေ့လာသူများနှင့် ကုန်သည်ပွဲစားများက ဝေဖန်လျက်ရှိသည်