မိခင်ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြချက်ရရှိရေး မြန်မာစစ်တပ်ကို ဖိအားပေးရန် သားဖြစ်သူ ကင်မ်အဲရစ်က ပြင်သစ်သမ္မတမက်ခရွန်ထံသို့ အကူအညီတောင်းခံစာပေးပို့
ရန်ကုန်၊ မေ ၁၅
အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခံထားရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း တိကျသည့် သက်သေပြချက်ရရှိရေး မြန်မာစစ်တပ်ကို ဖိအားပေးရန် သားဖြစ်သူ ကိုထိန်လင်း (ခ)ကင်မ်အဲရစ် (Kim Aris) က ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ထံသို့ အကူအညီတောင်းခံစာ ပေးပို့ခဲ့ကြောင်း The Diplomat က သတင်းဖော်ပြသည်။
ပြီးခဲ့သည့်သီတင်းပတ် ဖိလစ်ပိုင်နိုင်ငံ၊ ဆီဘူးမြို့တွင် ကျင်းပခဲ့သည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ အသက် ၄၈ နှစ်အရွယ် ကိုကင်မ်အဲရစ်က ပြင်သစ်သမ္မတထံ စာရေးသားပေးပို့ခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီက ၎င်း၏မိခင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်တွင်းမှ နေပြည်တော်ရှိ အထူးနေအိမ်တစ်နေရာသို့ ပြောင်းရွှေ့လိုက်သည်ဟု ပြီးစလွယ်ပြောဆိုထားခြင်းထက် ပိုမိုခိုင်လုံသည့် သက်သေများ ထုတ်ပြလာစေရန် ပြင်သစ်အစိုးရအနေဖြင့် စစ်ကောင်စီနှင့် ၎င်း၏သမ္မတသစ် မင်းအောင်လှိုင်အပေါ် ဖိအားပေးတိုက် တွန်းပေးရန် တောင်းဆိုထားသည်။
အသက် ၈၀ အရွယ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့်ပတ်သက်၍ ကမ္ဘာက စိုးရိမ်နေချိန်တွင် စစ်ကောင်စီကမူ ၎င်းတို့ကို အာဆီယံအစည်းအဝေးများမှ ဖယ်ကြဉ်ထားခြင်းမှာ “ခွဲခြားဆက်ဆံသည့် လုပ်ရပ်” ဖြစ်သည်ဟုဆိုကာ ဒေါသတကြီးတုံ့ပြန်ခဲ့သည်။
ထို့ပြင် မြန်မာစစ်တပ်က ဇန်နဝါရီလတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပြီး နိုင်ငံအတွင်း ကောင်းမွန်သော တိုးတက်မှုများရှိနေပြီး ၎င်းကို အာဆီယံနိုင်ငံအများစုက အသိအမှတ်ပြုကြသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
အာဆီယံအတွင်း ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ကသာ မင်းအောင်လှိုင်ကို အမည်ခံ”သမ္မတ” ဖြစ်လာခြင်းကို ဂုဏ်ပြုလွှာပေးပို့ခဲ့ကြပြီး၊ ဗီယက်နမ်နှင့် ဘရူနိုင်းတို့က နှုတ်ဆိတ်နေခဲ့ကြသည်။ အခြားတစ်ဖက်တွင် အင်ဒိုနီးရှား ၊ မလေးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင်တို့က စစ်ကောင်စီကို အာဆီယံအစည်းအဝေးများမှ ဆက်လက်ဖယ်ကြဉ်ထားရန် ပြတ်ပြတ်သားသား ရပ်တည်ခဲ့ကြပြီး၊ အရှေ့တီမော (Timor-Leste) ကမူ စစ်ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများပင် စတင်နေပြီဖြစ်သည်။
အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်က “မြန်မာနိုင်ငံမှာ ဘာတိုးတက်မှုမှ ရှိမလာသေးဘူး” ဟု ထုတ်ဖော်ပြောကြားခဲ့သလို၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်ကလည်း “သူတို့နိုင်ငံသားတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်ဖြစ်နေလို့ ကျွန်တော်တို့ တော်တော်လေး စိတ်မသက်မသာ ဖြစ်ရပါတယ်” ဟု ပြတ်ပြတ်သားသား ဝေဖန်ခဲ့သည်။
စစ်ကောင်စီကမူ ၎င်းတို့သည် အာဆီယံအပေါ် “သည်းခံစိတ်ရှည်ခဲ့သည်” ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း၊ ၎င်းတို့ကိုယ်တိုင် ၂၀၂၀ ပြည့်နှစ်က ပြည်သူလူထုအပြတ်အသတ် မဲပေးရွေးချယ်ခဲ့သည့် ဒီမိုကရေစီအစိုးရကို ဖြုတ်ချခဲ့ခြင်းဖြစ်သည်ကို ထည့်သွင်းပြောဆိုခြင်းမရှိဘဲ ၎င်းတို့၏ ရွေးကောက်ပွဲအတုကိုသာ အတင်းအကျပ် အသိအမှတ်ပြုခိုင်းနေသည်။
နိုင်ငံတကာ လေ့လာသူများကမူ စစ်ကောင်စီကို မည်သည့်ပုံစံဖြင့်မဆို အသိအမှတ်ပြုခြင်းသည် ၎င်းတို့ ပြည်သူအပေါ်ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကို အားပေးရာရောက်မည်ဖြစ်ကြောင်း ဝေဖန်ထောက်ပြထားသည်။