မုံရွာနှင့် ရွှေဘိုမြို့မှ ပေါ်တာဆွဲဖမ်းဆီးခဲ့သော လူငယ် ၅၀၀ ကျော်ကို တပ်မ ၃၃ သို့ ပို့ဆောင်ပြီး ရှမ်းပြည်နယ်နှင့် ရန်ကုန်ရှိ စစ်မှုထမ်းသင်တန်းကျောင်းများသို့ ဆက်လက်စေလွှတ်
ရန်ကုန်၊ မေ ၁၅




စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်နှင့် ရွှေဘိုမြို့ပေါ်ရှိ လမ်းဆုံများနှင့် မြို့တွင်းဂိတ်များတွင် စစ်ကောင်စီတပ်က ပြီးခဲ့သည့် ၂ လအတွင်း ပေါ်တာဆွဲ ဖမ်းဆီးခဲ့သည့် လူငယ် ၅၀၀ ခန့်ကို လက်ရှိတွင် စစ်ကိုင်းအခြေစိုက် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်သို့ ပို့ဆောင်ထားပြီး၊ ထိုမှတစ်ဆင့် ရှမ်းပြည်နယ်နှင့် ရန်ကုန်ရှိ စစ်မှုထမ်းသင်တန်းကျောင်းများသို့ ဆက်လက်ပို့ဆောင်နေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
စစ်ကောင်စီတပ်သည် မတ်လနှင့် ဧပြီလတစ်လလုံးတွင် မုံရွာမြို့နှင့် ရွှေဘိုမြို့တို့ရှိ လမ်းဆုံလမ်းခွများနှင့် စစ်ဆေးရေးဂိတ်များ၌ အဓိက ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရသူများမှာ အသက် ၂၅ နှစ်မှ အသက် ၃၅ နှစ်ဝန်းကျင်ခန့်ရှိသည့် အမျိုးသားလူငယ်များ ဖြစ်ကြပြီး၊ မေလ ၁၅ ရက်နေ့တွင် ၎င်းတို့အားလုံးကို အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်အတွင်းသို့ လွှဲပြောင်းပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။
လတ်တလော စစ်ကောင်စီတပ်က ပေါ်တာဆွဲ ဖမ်းဆီးမှု အများဆုံး လုပ်ဆောင်နေသည့် မြို့များတွင် မုံရွာ၊ ရွှေဘိုနှင့် စစ်ကိုင်းမြို့တို့ ပါဝင်နေသည်။
ဒေသခံပြည်သူတစ်ဦး၏ ပြောပြချက်အရ စစ်ကောင်စီတပ်သည် မတ်လနှင့် ဧပြီလအတွင်း ဖမ်းဆီးထားသည့် လူငယ် ၅၀၀ ခန့်ကို မိသားစုဝင်များနှင့် လုံးဝတွေ့ဆုံခွင့် မပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် မိသားစုဝင်များက ငွေကြေးဖြင့် လာရောက်ရွေးချယ်ရန် ကြိုးပမ်းခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်က အရွေးမခံဘဲ တပ်မ ၃၃ သို့ ချက်ချင်း ရွှေ့ပြောင်းလိုက်ခြင်း ဖြစ်သည်။
အလားတူ ပြီးခဲ့သည့် မေလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ တစ်ပတ်တာကာလအတွင်း၌လည်း ရွှေဘိုမြို့ပေါ်တွင် အလုပ်သွားအလုပ်ပြန်လုပ်နေသည့် လူငယ်များကို စစ်ကောင်စီတပ်က ထပ်မံပိတ်ဆို့ ဖမ်းဆီးခဲ့ပြီး၊ နေအိမ်အချို့အတွင်းသို့ပါ ဝင်ရောက်ကာ အသက် ၂၀ အရွယ်မှ ၃၀ ဝန်းကျင်ရှိ အမျိုးသားများကို ပစ်မှတ်ထား ဖမ်းဆီးခဲ့သည်။
အခြားတစ်ဖက်တွင်လည်း မေလ ၁၄ ရက်နေ့က ကာကွယ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ အစည်းအဝေး (၂/၂၀၂၆) တွင် ဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်က နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်အင်အားစာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လ၀က) နှင့် ပူးပေါင်းကာ စာရင်းပြုစု မှတ်ပုံတင်ထားရန် ညွှန်ကြားခဲ့သည်။
ဗိုလ်ချုပ်ကြီး ထွန်းအောင်က အင်အားအချက်အလက် အမှန်ရရှိရေးအတွက် မိမိနယ်မြေအတွင်း အကျုံးဝင်သူ အင်အားစာရင်းကို သက်ဆိုင်ရာ ပြည်သူ့အင်အားဦးစီးဌာနနှင့် ပေါင်းစပ်၍ စာရင်းပြုစု မှတ်ပုံတင်ထားရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ထိုသို့ မှတ်ပုံတင်ထားသူများကို အလှည့်ကျစနစ်ဖြင့် ဆင့်ခေါ်နိုင်ရေး စီမံထားရှိရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
၎င်း၏ ပြောပြချက်အရ လက်ရှိအချိန်အထိ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၂ အထိ သင်တန်းဆင်းပေးခဲ့ပြီးဖြစ်ကာ၊ လတ်တလောတွင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂ ခုကို ထပ်မံဖွင့်လှစ် လေ့ကျင့်ပေးနေကြောင်း သိရသည်။ စစ်မှုထမ်းကာလ ပြီးမြောက်ခဲ့သူများကိုလည်း အစိုးရဌာန ဝန်ထမ်းအဖြစ်သော်လည်းကောင်း၊ ပြည်ပအလုပ်အကိုင်နှင့် ပုဂ္ဂလိကလုပ်ငန်းများတွင်သော်လည်းကောင်း လုပ်ကိုင်နိုင်ရေး စတင်ဆောင်ရွက်ပေးနေပြီဟု ဆိုသည်။
သို့သော်လည်း စစ်ကောင်စီသည် ယခုမေလအတွင်း စစ်မှုထမ်းအပတ်စဉ် ၂၅ ကို ထပ်မံဖွင့်လှစ်ရန် ပြင်ဆင်နေပြီး၊ နိုင်ငံတစ်ဝန်းတွင် လူငယ်များကို အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးမှုများနှင့် ငွေညှစ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေခြင်းအပေါ် တစ်စုံတစ်ရာ အရေးယူဖြေရှင်းပေးခြင်းမရှိဘဲ လျစ်လျူရှုထားသည့်အတွက် ပြည်သူလူထုနှင့် မိသားစုဝင်များအကြား စိုးရိမ်သောကရောက်မှုများ ပိုမိုမြင့်တက်နေရသည်