နေပြည်တော်နှင့် တိုင်း/ပြည်နယ်များတွင် စစ်မှုထမ်းရန် အကျုံးဝင်နေသော လူငယ်များ၏ စာရင်းကို လ၀ကနှင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက စာရင်းပြုစု မှတ်ပုံတင်ထားရန် ဗိုလ်ချုပ်ထွန်းအောင် ညွှန်ကြား၊ စစ်မှုထမ်းအကြောင်းပြ ငွေညှစ်မှုများနှင့် ပေါ်တာဆွဲမှုများကို အရေးမယူဘဲ လျစ်လျူရှုထားဆဲ

နေပြည်တော်နှင့် တိုင်း/ပြည်နယ်များတွင် စစ်မှုထမ်းရန် အကျုံးဝင်နေသော လူငယ်များ၏ စာရင်းကို လ၀ကနှင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက စာရင်းပြုစု မှတ်ပုံတင်ထားရန် ဗိုလ်ချုပ်ထွန်းအောင် ညွှန်ကြား၊ စစ်မှုထမ်းအကြောင်းပြ ငွေညှစ်မှုများနှင့် ပေါ်တာဆွဲမှုများကို အရေးမယူဘဲ လျစ်လျူရှုထားဆဲ
ရန်ကုန်၊ မေ ၁၅
နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်အင်အားစာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လ၀က) နှင့် ပူးပေါင်းကာ မှတ်ပုံ တင် စာရင်းပြုစုထားရန် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် ထွန်းအောင်က ညွှန်ကြားသည်။
ယမန်နေ့ မေလ ၁၄ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ အစည်းအဝေး (၂/၂၀၂၆) တွင် ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ထွန်းအောင်က ယခုကဲ့သို့ ညွှန်ကြားခြင်းဖြစ်ကြောင်း စစ်တပ်က ယနေ့ထုတ် ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။
ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်က နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အဖွဲ့များအနေဖြင့် အင်အားအချက်အလက် အမှန်ရရှိရေး မိမိနယ်မြေအတွင်း အကျုံးဝင်သူ အင်အားစာရင်းကို သက် ဆိုင် ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာနနှင့်ပေါင်းစပ်၍ စာရင်းပြုစု မှတ်ပုံတင်ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ မှတ်ပုံတင်ထားသူများကို အလှည့်ကျစနစ်ဖြင့် ဆင့်ခေါ်နိုင်ရေး စီမံထားရှိရမည်ဖြစ်ကြောင်း ပြောဆိုသည်။
လက်ရှိအချိန်အထိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၂ အထိ သင်တန်းဆင်းပေးခဲ့ပြီးဖြစ်ပြီး လတ်တလော စစ်မှု ထမ်းသင်တန်း အမှတ်စဉ် ၂ ခုကို ထပ်မံဖွင့်လှစ်ထားကြောင်း သိရှိရသည်။
ယခုမေလအတွင်း အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းအပတ်စဉ် ၂၅ ကို ဖွင့်လှစ်မည်ဖြစ်ပြီး နိုင်ငံတစ်ဝန်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ၊​ ငွေညှစ်မှုများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်းမရှိဘဲ စစ်တပ်က လျစ်လျူရှုထားသည်။
မြန်မာနိုင်ငံတစ်ဝန်း စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ပေါ်တာဆွဲ ဖမ်းဆီးခြင်းနှင့် ငွေညှစ်မှုများ အလွန်ဆိုးရွားလာနေကြောင်း ၊ နေ့ည အချိန်မရွေးတော့ဘဲ လူငယ်များကို ပေါ်ပေါ်တင်တင် ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိနေကြောင်း စစ်တပ်ထောက်ခံသော မဘသ ဘုန်းကြီးဖြစ်သည့် ဦးပါမောက္ခကိုယ်တိုင် လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုလာသည်။
မေလ ၈ ရက်နေ့ ညပိုင်း ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ် ၅၀ ရပ်ကွက်တွင် အသက် ၃၁ နှစ်အရွယ်ရှိ ကိုကျော်ကျော်အောင်မှာ နေအိမ်တွင် မိသားစုနှင့် ထမင်းစားနေစဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှစိန်နှင့် အဖွဲ့သားများ ရောက်ရှိလာပြီး လက်ထိပ်ခတ်ကာ စစ်မှုထမ်းအဖြစ် ပို့ဆောင်သွားကြောင်း မဘသ ဘုန်းကြီး ဦးပါမောက္ခက လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုသည်။
မေလ ၉ ရက်နေ့ မိသားစုဝင်များက မြောက်ဒဂုံအထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်စုံစမ်းရာတွင် အုပ်ချုပ်ရေးမှူးက သားဖြစ်သူမှာ စစ်တပ်ထဲသို့ ဝင်ရမည်ဖြစ်ပြီး ၎င်းအနေဖြင့် ရောင်းစားပြီးသွားပြီဟု ပြောဆိုခဲ့ကြောင်း ၊ ထိုသို့ရောင်းစားရာတွင် ငွေကျပ် သိန်း ၈၀ ဖြင့် ရောင်းစားလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ယခုနှစ် မတ် ၁၂ ရက်နေ့ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်နေ့၊ ပါရမီလမ်း၊ အိမ်အမှတ် ၂၀ တွင် နေထိုင်သော အသက် ၂၁ နှစ် မောင်ဇော်လွင်ဖြိုးကို လှိုင်မြို့နယ် ၁၆ ရပ်ကွက်အုပ်ချုပ်ရေး တင်ထွန်းက ဧည့် စာရင်းကျော်လွန်နေထိုင်သည်ဟုဆိုကာ ဖမ်းဆီးပြီး စစ်မှုထမ်းအဖြစ် ပို့ဆောင်လိုက်ကြောင်း၊ စစ်မှုထမ်း မှ ရအောင် ထုတ်ပေးမည်ဟုဆိုကာ ရဲလွင်မိုးဆိုသူက သိန်း ၅၀ အထိ ပေးအပ်ခဲ့ရကြောင်း၊ သို့ရာတွင် မောင်ဇော်လွင်ဖြိုးမှာ လွတ်မြောက်လာခြင်းမရှိဘဲ စစ်မှုထမ်းအဖြစ် ပို့ဆောင်ခံရကာ ပေးအပ်ခဲ့သော သိန်း ၅၀ မှာလည်း ပြန်လည် မရရှိကြောင်း မဘသ ဘုန်းကြီး ဦးပါမောက္ခက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်တပ်က ၂၀၂၄ ခုနှစ်ဧပြီလမှစတင်၍ စစ်မှုထမ်းများ လစဉ် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယခုအခါ စစ်မှုထမ်းအပတ်စဉ် ၂၅ အထိ ရောက်ရှိလာပြီဖြစ်သည်။