မော်လမြိုင်တက္ကသိုလ်ကျောင်းသူ၃ဦး၏ အသက်ကို သိန်း ၁၀၀ စီဖြင့် ကျေအေးပေးရန် ဖိအားပေးနေ

မော်လမြိုင်တက္ကသိုလ်ကျောင်းသူ၃ဦး၏ အသက်ကို သိန်း ၁၀၀ စီဖြင့် ကျေအေးပေးရန် ဖိအားပေးနေ
13 May 2026 By Ko Myo / MPA
ကားတိုက်ခံရပြီး သေဆုံးသွားသည့် မော်လမြိုင်တက္ကသိုလ်ကျောင်းသူ၃ဦး၏အသက်၃ချောင်းနှင့် ပျက်စီးသွားသော ဆိုင်ကယ်ကို စုစုပေါင်း ကျပ်သိန်း၄၀၀ ဖြင့် ကျေအေးပေးရန် ကျန်ရစ်သူ မိသားစုဝင်များအား ဖိအားပေး ညှိနှိုင်းနေကြောင်း သိရသည်။
မေလ၁၀ရက်၊ ညနေ၄နာရီခွဲခန့်တွင် သထုံမြို့နယ်၊လေးတိုင်ကျေးရွာ၊သထုံ-ဘားအံကားလမ်းမ ပေါ်တွင် သထုံမြို့၊သုဝဏ္ဏဝတီမြို့သစ်ဘက်မှ ကြာပန်းကျေးရွာ၊တာယာစက်ရုံဘက်သို့ ပြန်လာ သော မော်လမြိုင်တက္ကသိုလ်ကျောင်းသူ၃ဦး စီးလာသည့်ဆိုင်ကယ်ကို ဘားအံမှသထုံဘက်သို့ လာသည့် Honda Fit ကား က မျက်နှာချင်းဆိုင် ဝင်တိုက်ခဲ့ရာ ၃ဦးစလုံး ပွဲချင်းပြီးသေဆုံးခဲ့ခြင်း ဖြစ် ကြောင်း ဒေသခံများထံက သိရသည်။
“တစ်ယောက်ကို သိန်း၁၀၀။ ဆိုင်ကယ်အတွက် သိန်း၁၀၀၊စုစုပေါင်း သိန်း၄၀၀နဲ့ တာယာစက်ရုံလူ ကြီးတွေကနေတစ်ဆင့် ဖိအားပေးပြီး ကျန်ရစ်သူမိသားစုတွေကို ကျေအေးခိုင်းနေတယ်”ဟု သထုံမြို့ ခံ တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
ကားမောင်းလာသူ နေလင်းစိုးမှာ အငြိမ်းစား EPC လူကြီးတစ်ဦး၏သားဖြစ်ပြီး ၎င်း၏ မိသားစုဝင်တို့ က တာယာစက်ရုံတာဝန်ရှိသူမှတစ်ဆင့် အမှုကျေအေးပေါ့လျော့စေရန် ကြိုးစားနေသလို စက်ရုံတာ ဝန်ရှိသူအချို့ကလည်း နေလင်းစိုးဘက်က ရှေ့နေလိုက်ပေးနေသည့် အသံသက်သေရရှိထားကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ သထုံဗိုလ်ချုပ်နပိုလီယံ ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြထားသည်။
သေဆုံးသွားသည့် တက္ကသိုလ်ကျောင်းသူ၃ဦးစလုံး၏ မိဘများမှာ တာယာစက်ရုံဝန်ထမ်းများဖြစ်ပြီး တာယာစက်ရုံဝင်းအတွင်းရှိ လိုင်းခန်း၌ နေထိုင်ကြသူများဖြစ်သည်။
“ရန်ကုန် ဘားအံ အဝေးပြေးလမ်းအဖြောင့်ကြီးမှာ ဆိုင်ကယ်နဲ့ကား ထိပ်တိုက်တွေ့ဖို့ အင်မတန်ခဲ ယဥ်းပါတယ်”ဟု သထုံဗိုလ်ချုပ်နပိုလီယံက ဆိုသည်။
ယာဉ်မောင်းလာသူ နေလင်းစိုးသည် အရက်သေစာ ပုံမှန်သောက်စားနေသူတစ်ဦးဟုလည်း သထုံ ဗိုလ်ချုပ် နပိုလီယံက ဆိုသည်။
“အခင်းဖြစ်တဲ့နေရာမှာ ကူညီကယ်ဆယ်ရေးသွားတဲ့ ပရဟိတတွေဆီကနေတစ်ဆင့် ပြန်သိရတာက နေလင်းစိုး မူးနေတယ်”ဟု သထုံမြို့ခံတက်ကြွလှုပ်ရှားသူက ဆိုသည်။
နေလင်းစိုးသည် ကားမောင်းလာစဉ် အရက်မူးနေကြောင်း သထုံမြို့တွင် သတင်းထွက်နေပြီး တက္က သိုလ်ကျောင်းသူတစ်ဦး၏ အသက်တစ်ချောင်းကို သိန်း၁၀၀ ဖြင့် ကျေအေးခိုင်းခြင်းအပေါ် သထုံမြို့ ခံတို့က မကျေနပ်ကြကြောင်း သထုံမြို့၊ဘင်လှိုင်ရပ်ကွက်နေ အမျိုးသားကြီးတစ်ဦးကဆိုသည်။
“ဒီခေတ်မှာ သိန်း၁၀၀ ဆိုတာ အခေါက်ရွှေတစ်ကျပ်သားဖိုးပဲရှိတယ်။ပြီးတော့ အခုတိုက်တဲ့ကိစ္စက လည်း သိပ်မရိုရှင်းဘူး”ဟု ၎င်းက ပြောသည်။
တာဝန်ရှိသူများအနေဖြင့် နေလင်းစိုး ကားမောင်းနေစဉ် အရက်နှင့်မူးယစ်ဆေး အလွန်အကျွံသုံးစွဲ ထားခြင်းရှိ၊မရှိနှင့် ရည်ရွယ်ချက်တစ်ခုခုကြောင့် ကြိုတင်ကြံစည်ခြင်း ရှိ၊မရှိ စစ်ဆေးရန်လိုကြောင်း သထုံဗိုလ်ချုပ် နပိုလီယံက တောင်းဆိုသည်။
နေလင်းစိုးသည် သထုံမြို့မရဲစခန်းအချုပ်တွင် သက်သောင့်သက်သာ နေထိုင်နေရကြောင်းလည်း ဆို သည်။
သေဆုံးသွားသူ၃ဦးမှာ နည်းပညာတက္ကသိုလ်(မော်လမြိုင်)က မြို့ပြအင်ဂျင်နီယာ ပထမနှစ်ကျောင်း သူ မအေးအေးအောင်(၁၉နှစ်)၊မော်လမြိုင်တက္ကသိုလ်၊Bio Chemistry ပထမနှစ်ကျောင်းသူ မနေ ခြည်ကျော်(အသက်၂၀)နှင့် မော်လမြိုင်
တက္ကသိုလ် Chemistry ဒုတိယနှစ်ကျောင်းသူ မဂျူလိုင်မိုး (အသက်၂၀)တို့ဖြစ်ပြီး ၎င်းတို့ ၃ဦးစလုံးသည် ကြာပန်းကျေးရွာ တာယာစက်ရုံဝင်းအတွင်း နေထိုင် သူများဖြစ်ကြောင်း သိရသည်။
၎င်းတို့၃ဦးသည် သထုံမြို့၊သုဝဏ္ဏဝတီမြို့သစ်တွင် မွေးနေ့ကိတ်သွားဝယ်ပြီး သထုံမြို့နယ်၊ကြာပန်း ကျေးရွာရှိ တာယာစက်ရုံသို့ ပြန်လာစဉ် ကားတိုက်ခံရခြင်းဖြစ်ပြီး ဆိုင်ကယ်မောင်းလာသူမှာ မဂျူ လိုင်မိုး ဖြစ်သည်။
ဓာတ်ပုံ-ဒေသခံ လူမှုကူညီရေးသမားများ
ပုံစာ- ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူ၃ဦးနှင့် ယာဉ်တိုက်မှု ကျူးလွန်ခဲ့သူအားတွေ့ရစဉ်
စာတည်း-ကိုဆန်း
#မော်လမြိုင်တက္ကသိုလ်ကျောင်းသူ