အရေးယူပိတ်ဆို့မှုများရှိနေသည့်တိုင် နိုင်ငံ့စီးပွား တိုးတက်ရမည် ဟုဆို

အရေးယူပိတ်ဆို့မှုများရှိနေသည့်တိုင် နိုင်ငံ့စီးပွား တိုးတက်ရမည် ဟုဆို
ဧရာဝတီ၊ မေ ၇၊ ၂၀၂၆
အာဆီယံအပါအဝင် နိုင်ငံတကာက စစ်တပ် ကျင်းပသောရွေးကောက်ပွဲမှ ပေါ်ပေါက်လာသော အစိုးရအဖွဲ့ကို အသိအမှတ်မပြုခြင်းနှင့် အရေးယူပိတ်ဆို့မှုများ ကြုံနေရသည့်တိုင် နိုင်ငံ့ စီးပွား ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်မည်ဟု အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ယမန်နေ့တွင် ပြောသည်။
နေပြည်တော်၌ ကျင်းပသည့် အာဏာသိမ်းအစိုးရအဖွဲ့ အစည်းအဝေးအတွင်း ထိုသို့ပြောဆိုခြင်းဖြစ်ပြီး တချို့နိုင်ငံများအနေဖြင့် ပြည်သူများက ရွေးချယ်ထားပြီး ဒီမိုကရေစီနည်းလမ်းနှင့်အညီ တာဝန်ထမ်းဆောင်လျက်ရှိသော ၎င်းတို့အစိုးရအပေါ် ကန့်သတ်မှုများ၊ စီးပွားရေး ပိတ်ဆို့မှုများကို ဖိအားပေး လုပ်ဆောင်နေကြဆဲဖြစ်ကြောင်း၊ ဒီမိုကရေစီနည်းလမ်းတကျ လာရောက် မဲပေးကြသူများအား ဒီမိုကရေစီနိုင်ငံများက တန်ဖိုးထားရန်လိုကြောင်း ပြောဆိုသည်။
နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် သွင်းကုန်အစားထိုးထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရေး လုပ်ရမည်ဟုဆိုကာ နိုင်ငံတကာဈေးကွက်တွင် နာမည်ရပြီးဖြစ်သည့် မြန်မာ့ပေါ်ဆန်းနှင့် ကော်ဖီတို့ကို အရည်အသွေးပိုမိုတိုးတက်ကောင်းမွန်ရေးနှင့် ဈေးကွက်လိုအပ်ချက်အတိုင်း ပြည့်မီအောင် တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဟု ၎င်းက ပြောဆိုသည်။
ထို့နောက် ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းနှင့် အသေးစား/အလတ်စား (MSME) လုပ်ငန်းများကို အထူးအလေးထား အားပေးမြှင့်တင်၍ စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ရမည့်အခြေအနေကိုလည်း ဒုတိယဦးစားပေး ကဏ္ဍအဖြစ် ပြောဆိုပြီး ကုန်စည် စီးဆင်းမှုလုံခြုံချောမွေ့စေရေးအတွက် တိုင်းနှင့် ပြည်နယ်များအလိုက် စနစ်တကျကြပ်မတ်သွားရန်၊ တရားမဝင် ကုန်သွယ်မှုများ၊ မူးယစ်ဆေးဝါးများ သယ်ဆောင်မှုများမရှိစေရေးနှင့် စစ်ဆေးရေးဂိတ်များအနေဖြင့် စည်းကမ်းတကျ ဆောင်ရွက်စေရေး အဆင့်ဆင့် စစ်ဆေးကြပ်မတ်ရန်လည်း အာဏာရှင် သမ္မတက သတိပေးသည်။
ပြည်ပမှ လောင်စာဆီ၊ စားသုံးဆီ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းနှင့် တခြား ကုန်များ သွင်းနေရပြီး ကုန်သွယ်မှုလိုငွေလိုအပ်နေဆဲဖြစ်၍ နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်ပါက ယခုထက်ပိုမို ကြိုးပမ်းလုပ်ဆောင်ရမည်ဟုလည်း ဆိုသည်။
စစ်တပ်ဦးဆောင် ကျင်းပသည့် ရွေးကောက်ပွဲရလဒ်များကို အသိအမှတ် ပြုရန်အဖွဲ့အတွင်း သဘောတူညီချက် မရသေးဘဲ ဘုံသဘောတူညီချက် ၅ ရပ်အား ဆက်လက်စွဲကိုင်ထားကြောင်း အာဆီယံက ယမန်နေ့ ထုတ်ပြန်ထားသလို ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (ASEAN Foreign Ministers’ Meeting- AMM) သို့လည်း အာဏာရှင်အစိုးရ အကြီးအကဲများ တက်ရောက်ခွင့်ရရှိမည် မဟုတ်ကြောင်း သိရသည်။