မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ခေတ္တပြန်မည့် အလုပ်သမားများအားလုံး အခွန်ဆောင်ထားသည့် စာရွက်စာတမ်းနှင့် ပြည်တွင်းသို့ ငွေပြန်လွှဲသည့် အထောက်အထား များ တင်ပြမှသာလျှင် သံရုံးထောက်ခံချက်ထုတ်ပေးမည်ဟု အကြမ်းဖက်စစ်တပ်၏သံရုံးများက အကျပ်ကိုင်
ရန်ကုန်၊ မေ ၇



မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ပြန်မည့် အလုပ်သမားများ အခွန်ဆောင်ထားသည့် စာရွက်စာတမ်းများနှင့် ပြည်တွင်းသို့ ငွေပြန်လွှဲထားထားသည့် အထောက်အထားများ တင်ပြမှ သံရုံးထောက်ခံချက်ထုတ်ပေးမည်ဟု အကြမ်းဖက်စစ်တပ်၏ သံရုံးများက အကျပ်ကိုင်လာကြောင်း ပြည်ပရောက် မြန်မာအလုပ်သမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
တောင်ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေပြီး ပလတ်စတစ်စက်ရုံတွင် အလုပ်လုပ်နေသည့်တရားဝင် မြန်မာအလုပ် သမားတစ်ဦးက မြန်မာနိုင်ငံမှ မိခင်နေမကောင်း၍ ခွင့်ဖြင့် ခေတ္တပြန်ရန် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးတွင် ထောက်ခံစာသွားတောင်းသည့်အခါ အခွန်ဆောင်စာရွက်စာတမ်းများ တင်ပြရန် တောင်းခံလာကြောင်း၊ ယင်းအပြင်ပြည်တွင်းသို့ စစ်တပ်လက်အောက်ခံဘဏ်များမှတစ်ဆင့် လစာဝင်ငွေများ ငွေပြန်လွှဲထားသည့် အထောက်အထားများကိုပါ တောင်းခံလာကြောင်း သိရှိရသည်။
“အခွန်ဆောင်ထားတဲ့ စာရွက်စာတမ်းမရှိပါဘူး။ နောက်ပြီး ပြည်တွင်းကို လစာငွေ ပြန်လွှဲထားတဲ့အထောက် အထားလည်း မသိမ်းထားမိဘူး။ KBZ တို့ ဧရာ၀တီဘဏ်တွေထဲကို လွှဲတာ ကိုရီးယားကနေ။ မိမိလစာငွေကို ကိုယ့်အိမ်ကို ပြန်လွှဲတာပေါ့ ။ အဲဒီစလစ်တွေလည်း မသိမ်းထားမိဘူး။ အဲဒါတွေမပါရင် သံရုံးထောက်ခံစာ မထုတ်ပေးဘူး။ မပြန်ဖြစ်တော့ဘူး” ဟု တောင်ကိုရီးယားမှ မြန်မာအလုပ်သမားက ပြောဆိုသည်။
အလားတူ အရှေ့အလယ်ပိုင်း၊ ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့ရှိ မြန်မာသံရုံးထံတွင် ခွင့်ပြန်ထောက်ခံချက်သွား ရောက် လုပ်ဆောင်ခဲ့သည့် ဟိုတယ်ဧည့်ကြို မြန်မာအလုပ်သမားတစ်ဦးကလည်း သံရုံးက အခွန်ဆောင်ထားသည့် စာရွက်စာတမ်း တင်ပြမှသာ ထောက်ခံချက်ပေးမည်ဟု အကျပ်ကိုင်သဖြင့် မြန်မာနိုင်ငံသို့ ခွင့်ပြန်မည့် အစီအစဉ် ဖျက်သိမ်းလိုက်ရကြောင်း ပြောဆိုသည်။
“ယူအေအီးဘက်မှာ အလုပ်အကိုင်တွေလည်း သိပ်မကောင်းလို့ မြန်မာပြည်ခဏပြန်မလို့ သံရုံးထောက်ခံချက်သွားတောင်းတာ။ အခွန်စာရွက်စာတမ်း မှတ်တမ်း မိတ္တူ တင်ပြခိုင်းတယ်။ အဲဒါ မတင်ပြနိုင်ရင် သံရုံးထောက်ခံ ချက်မပေးဘူးလို့ကို သံရုံးရှေ့မှာ ကြေညာစာရွက်ကြီး ကပ်ထားတာ။ အဘူဒါဘီမှာရောက်နေတဲ့ မြန်မာတွေ တော်တော်များများ ခွင့်နဲ့ ပြန်မရတော့ဘူး” ဟု အဆိုပါ ဧည့်ကြို မြန်မာအလုပ်သမားက ဆိုသည်။
ပြည်ပနိုင်ငံများမှ ခွင့်ဖြင့် မြန်မာနိုင်ငံပြန်လာမည့် အလုပ်သမားများအနေဖြင့် ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်နေ့မှစတင်၍ အလုပ်ရှင်ထံမှ ခွင့်စာ (Letter of Permission for Leave) အပြင် သက်ဆိုင်ရာ မြန်မာသံရုံး၊ အဖွဲ့ရုံး သို့မဟုတ် ကောင်စစ်ဝန်ချုပ်ရုံးများမှ မှန်ကန်ကြောင်း စိစစ်ထောက်ခံချက်ကို ရယူရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ရောက်ရှိပြီး ပြည်ပသို့ ပြန်လည် ထွက်ခွာမည်ဆိုပါကလည်း သတ်မှတ်စာရွက် စာတမ်းများနှင့်အတူ သက် ဆိုင်ရာမှ ထုတ်ပေးသော ထောက်ခံချက်များကို ပူးတွဲ၍ ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့် လျှောက်ထားရမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်တပ်က တင်းကျပ်သော စည်းကမ်းများ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများ။ Photo- EPA။ See less