“မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ပြည့်ဝဖို့အတွက် အဆိုးဆုံး အခြေအနေတွေအထိ ကျွန်တော်တို့ ပြင်ဆင်ထားရပါမယ်”
ရန်ကုန်၊ မေ ၆
အာရက္ခတပ်တော်-AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို The Diplomat သတင်းထောက် Rajeev Bhattacharyyaက တွေ့ဆုံမေးမြန်းထားသည်များကို ဆီလျှော်အောင် ဘာသာပြန်ဆို ဖော်ပြအပ်ပါသည်။
မေး- ခင်ဗျားရဲ့ နောက်ခံအကြောင်းနဲ့ အာရက္ခတပ်တော် (AA) ရဲ့ ခေါင်းဆောင် ဘယ်လိုဖြစ်လာလဲဆိုတာ ပြောပြပေးပါဦး။
ဖြေ – ကျွန်တော် စစ်တွေမှာ ဥပဒေကျောင်း တက်ခဲ့ပါတယ်။ ဒါပေမဲ့ သင်တန်းကို အဆုံးထိ မတက်ဖြစ်ခဲ့ပါဘူး။ ကျွန်တော်က ကျောင်းသားခေါင်းဆောင်တစ်ယောက်အနေနဲ့ တက်တက်ကြွကြွ လှုပ်ရှားခဲ့ပြီး တစ်နေ့မှာ (ကျွန်တော် ၉ တန်းတုန်းကပေါ့) စစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ အဲဒါက စစ်တပ်နဲ့ ကျွန်တော့်ရဲ့ ပထမဆုံး ထိတွေ့မှုပါပဲ။
၁၉၉၀ ပြည့်နှစ်တွေရဲ့ နောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို စတင်ဖြတ်ကျော်ခဲ့ပါတယ်။ ပထမဆုံးအကြိမ်ကတော့ ၁၉၉၈ ခုနှစ်၊ Operation Leech တုန်းက ရခိုင်တော်လှန်ရေးသမားတချို့ ကျဆုံးသွားပြီးတဲ့နောက်မှာပါ။ ကျွန်တော်တို့ဟာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နဲ့ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA) တို့ရဲ့ လှုပ်ရှားမှုတွေဆီကနေ အများကြီး သင်ယူခဲ့ရပေမဲ့ မကြာခင်မှာပဲ ဒီအဖွဲ့တွေဟာ ကျွန်တော်တို့ စိတ်ကူးထားသလောက် မခိုင်မာတာကို သတိထားမိခဲ့ပါတယ်။
စည်းလုံးညီညွတ်မှု လိုအပ်နေတယ်ဆိုတာကို ကျွန်တော် သိခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်အထိ ကျွန်တော်တို့ဟာ ဒီရခိုင်အဖွဲ့တွေအားလုံးကို စည်းလုံးလာအောင် မျှော်လင့်ခဲ့ကြပါတယ်။
အဲဒီနှစ်မှာပဲ ကျွန်တော် အိန္ဒိယနိုင်ငံကို အထောက်အထားမပါဘဲ သွားခဲ့ပါတယ်။ မဏိပူရ်ကနေတစ်ဆင့် အိန္ဒိယနယ်စပ်ကို ဖြတ်ကျော်ပြီးနောက် အင်ဖာ (Imphal) မှာ နေခဲ့တယ်၊ အဲဒီနောက် အာသံပြည်နယ် ဂူဝါဟာတီး (Guwahati) မှာ နေခဲ့ပါတယ်။
အဲဒီမှာ ထြီပူရ (Tripura) က ခေါင်းဆောင်တစ်ဦး အပါအဝင် ခေါင်းဆောင်များစွာနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဂူဝါဟာတီးကနေ ဒေလီကို ရထားနဲ့ သွားခဲ့ပါတယ်။ ဒေလီမြို့ Vikaspuri မှာ ၂၀ ရက်လောက်နေပြီး ရခိုင်အမျိုးသားကွန်ဂ ရက်ရဲ့ ပထမဆုံးအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာ ခေါင်းဆောင်တွေက သေးငယ်တဲ့ ကိစ္စတွေနဲ့ အငြင်းပွားနေကြတာကို တွေ့ရတဲ့အတွက် ကျွန်တော်တို့ လိုချင်တဲ့ စည်းလုံးညီညွတ်မှုကို ဒီမှာ မရနိုင်တော့ဘူးလို့ ယုံကြည်သွားခဲ့ပါတယ်။ သူတို့နဲ့ အချိန်ဖြုန်းနေလို့ မဖြစ်တော့ဘူးဆိုတာ ကျွန်တော် သိလိုက်ပါတယ်။
နောက်ပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ မြန်မာနိုင်ငံရဲ့ တခြားဒေသက အဖွဲ့အစည်းတွေနဲ့ ဆက် သွယ်ဖို့ စိတ်ကူးခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်က သူငယ်ချင်းတွေကတစ်ဆင့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) နဲ့ အဆက်အသွယ် ရခဲ့ပါတယ်။ စစ်တွေတက္ကသိုလ်မှာ ဥပဒေသင်တန်း တက် နေရင်းနဲ့ ခရီးသွားလမ်းညွှန် လုပ်ခဲ့တယ်၊ ကျောက်မျက်တွေ ရောင်းခဲ့ပါတယ်။
ဒါတွေက ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ တခြားနိုင်ငံက ခရီးသွားတွေကတစ်ဆင့် ကျွန်တော့်ရဲ့ ကွန်ရက်ကို ချဲ့ထွင်ဖို့ အများကြီး အထောက်အကူ ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဆက်သွယ်မိခဲ့တဲ့ အမေရိကန် သူငယ်ချင်းတချို့က ကျွန်တော့်ကို အမေရိကန်မှာ ကျောင်းတက်ဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ ကျွန်တော်က မြေပြင်ကွင်းဆင်းအလုပ်တွေကို ပိုစိတ်ဝင်စားခဲ့ပါတယ်။
ကျွန်တော် ၂၀၀၅ ခုနှစ်မှာ အိမ်ထောင်ကျခဲ့ပြီး ဇနီးသည်ကို ကျွန်တော့်ရဲ့ ရခိုင်ပြည်အတွက် စီမံကိန်းတွေကို ပြောပြခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အစ်ကိုကြီး (အခု ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ ဒု-ဥက္ကဋ္ဌ နံပါတ် ၃) က KIA နဲ့ ဆက်သွယ်ဖို့ ကူညီပေးခဲ့ပါတယ်။ ကျွန်တော် ကချင်ပြည်နယ်ကို သွားဖို့အတွက် ကျွန်တော့်ရဲ့ Omega နာရီကို ဒေါ်လာ ၄၀၀ နဲ့ ရောင်းခဲ့ပါတယ်။
၂၀၀၆ ခုနှစ် ကချင်ပြည်နယ်ကို ပထမဆုံး ခရီးစဉ်ကတော့ KIA နဲ့ အမြင်ချင်းဖလှယ်ဖို့နဲ့ သင်တန်းတွေကို ၂ ပတ်ကြာ လေ့လာဖို့ပါ။ KIA နဲ့ ယုံကြည်မှု တည်ဆောက်ဖို့ ၃ နှစ်လောက် အချိန်ယူခဲ့ရပါတယ်။ အဲဒီအချိန်မှာ KIA ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားချိန်ဖြစ်ပြီး KIA ကို နယ်ခြားစောင့်တပ် (BGF) အဖြစ် ပြောင်းလဲဖို့ ဖိအားတွေ ရှိနေချိန်ပါ။ KIA အတွင်းမှာလည်း ဒီအဆိုပြုချက်အပေါ် သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ KIA ဆီကနေ သင်တန်းပေးဖို့ မီးစိမ်းပြခဲ့ပြီး တစ်နှစ်အကြာမှာ သင်တန်းတွေ စတင်ခဲ့ပါတယ်။ ကျွန်တော်တို့က လူ ၅၀ လောက် သင်တန်းပေးဖို့ စီစဉ်ထားပေမဲ့ KIA က သင်တန်းသား ၂၆ ယောက်ပဲ လက်ခံခဲ့ပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းတချို့ ကချင်ပြည်နယ်ကို သွားတဲ့လမ်းမှာ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (MI) ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။
ကျွန်တော်တို့ ကချင်ပြည်နယ်ကနေ ၂ နှစ်အကြာမှာ ရိုင်ဖယ်သေနတ် ၂၀၀ နဲ့ ပြန်လာဖို့ စဉ်းစားခဲ့ကြပါတယ်။ စစ်ဘက်ဆိုင်ရာ ကိစ္စတွေကို ကျွန်တော်တို့ သင်ယူခဲ့ပါတယ်။ စစ်ဗျူဟာတွေနဲ့ နည်းပရိယာယ်တွေအကြောင်း စာတွေအများကြီး ဖတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ထိုင်း-မြန်မာနယ်စပ်က ပြည်ပရောက် ကျောင်းသားလူငယ်တွေနဲ့ ဆက်သွယ်ပြီး သင်တန်းပေးဖို့ လူသစ်တွေ စုဆောင်းခဲ့ပါတယ်။
KIA ကလည်း (စစ်တပ်နဲ့ အပစ်ရပ်ထားတာကြောင့်) ဒီသင်တန်းတွေကို လျှို့ဝှက်ထားဖို့ စိုးရိမ်ခဲ့ပါတယ်။ ၂ နှစ်အတွင်းမှာ သင်တန်းသား ၃၀၀ လောက်ကို သင်တန်းပေးနိုင်ခဲ့ပါတယ်။ တချို့အချိန်တွေမှာ ရိက္ခာပြတ်လပ်ခဲ့ပြီး နောက်ပိုင်းမှာ နယ်စပ်က ကျောက်စိမ်းလုပ်ငန်းတွေမှာ ပါဝင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ကျွန်တော်တို့ရဲ့ ကွန်ရက်ချဲ့ထွင်ဖို့ လူ ၁၉ ယောက်ကို ရွှေတြိဂံဒေသနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို စေလွှတ်ခဲ့ပါတယ်။ ရှမ်းပြည်နယ်က ကိုးကန့်နဲ့ ပလောင်အဖွဲ့တွေနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ခဲ့ပြီး အဲဒီဒေသတွေကနေ လက်နက်တချို့ စုဆောင်းနိုင်ခဲ့ပါတယ်။
အာရက္ခတပ်တော်ရဲ့ ပထမဆုံး တိုက်ပွဲကတော့ ၂၀၁၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ပလက်ဝမြို့နယ်မှာ ဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်က ဗိုလ်ကြီးတစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ပါတယ်။
မေး – ခင်ဗျားမှာ စစ်ရေးအတွေ့အကြုံ မရှိခဲ့ဘဲနဲ့ AA အနေနဲ့ စစ်ရေးအရ အခုလို အံ့ဩစရာကောင်းလောက်အောင် အောင်မြင်မှုတွေ ရနေတာ ဘာကြောင့်လဲ။
ဖြေ – ပြောရုံပြောပြီး မလုပ်တဲ့ အရာတွေရှိသလို၊ လုပ်ပေမဲ့ မပြောတဲ့ အရာတွေလည်း ရှိပါတယ်။ ပြောလည်းပြော လုပ်လည်းလုပ်တဲ့ အရာတွေလည်း ရှိပါတယ်။ ရခိုင်ပြည်နယ်ဆိုတာ သေးငယ်တဲ့ မြေပြင်တစ်ခုပါ၊ ဒါပေမဲ့ ကျွန်တော်တို့က အရင်က အဲဒီလောက် မသေးပါဘူး။ နယ်မြေအပိုင်းအစလေး တစ်ခုအတွက် ရန်ဖြစ်နေမယ့်အစား ကျွန်တော်တို့ လုပ်သင့်တာကို လုပ်ရပါမယ်။ နယ်မြေပိုင်နက် ရည်မှန်းချက်တွေအကြောင်း ပြောနေမယ့်အစား ကိုယ့်ရဲ့ ရည်မှန်းချက် (Mission) အပေါ်မှာပဲ သစ္စာရှိတာ ပိုကောင်းပါတယ်။
ကျွန်တော်တို့ အောင်မြင်မှုအတွက် အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အကြီးကျယ်ဆုံး အောင်မြင်မှုအဆင့်ကိုတော့ မရောက်သေးပါဘူး။ ကျွန်တော်တို့မှာ စိတ်ရှည်ဖို့ လိုတယ်၊ အာရုံစိုက်ထားဖို့ လိုတယ်၊ ပြီးတော့ ရှိတဲ့ အကန့်အသတ်ရှိတဲ့ အရင်းအမြစ်တွေနဲ့ စီမံခန့်ခွဲရပါမယ်။
အောင်မြင်မှုရဲ့ အဓိကအချက်ကတော့ ပြည်သူတွေရဲ့ ထောက်ခံမှုပါ။ ကျွန်တော်တို့ဟာ ရခိုင်ပြည်နယ်က မတူကွဲပြားတဲ့ လူ့အသိုက်အဝန်းတွေကြားမှာ ယုံကြည်မှုကို ပြန်တည်ဆောက်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ လူအများအပြား နှင်ထုတ်ခံခဲ့ရပြီးနောက်ပိုင်း မွတ်စလင်အသိုက်အဝန်းနဲ့ ယုံကြည်မှု ပျက်ပြားမှုတွေ အများကြီး ရှိခဲ့ပါတယ်။ သာမန်အချိန်တွေမှာဆိုရင် သူတို့ဆီ ချဉ်းကပ်ဖို့က မဖြစ်နိုင်ပါဘူး။ သူတို့ကလည်း မိတ်ဆွေတွေကို ရှာဖွေနေကြတာဖြစ်ပြီး ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ အစီအစဉ်တွေကို ရှင်းပြခဲ့ပါတယ်၊ ဒါဟာ အရေးကြီးတဲ့ ခြေလှမ်းပါ။
နောက်ပြီး မြေပြင်အနေအထားကလည်း အရေးကြီးတဲ့ အချက်တစ်ခုပါ။ စစ်တပ်မှာ အခြေခံအဆောက်အအုံ ပိုကောင်းပါတယ်။ ကျွန်တော်တို့မှာ အရင်းအမြစ်တွေ အကန့်အသတ်ရှိပေမဲ့ အဲဒါတွေကို အကောင်းဆုံး အသုံးချခဲ့ပါတယ်။
စစ်ပွဲတွေမှာ အလွန်ရဲရင့်မှုနဲ့ ကျွမ်းကျင်မှုကို ပြသခဲ့တဲ့ ကျွန်တော့်ရဲ့ စစ်သည်တွေနဲ့ အရာရှိတွေကို ကျွန်တော် အရမ်းဂုဏ်ယူပါတယ်။ ကျွန်တော်တို့ရဲ့ ဌာနချုပ်ဟာ ဂြိုဟ်တုဆက်သွယ်ရေး အပါအဝင် ရရှိနိုင်တဲ့ နည်းပညာအားလုံးကို ထိထိရောက်ရောက် အသုံးချခဲ့ပြီး ထိရောက်တဲ့ ဆက်သွယ်ရေးအတွက် ပေါင်းစပ်အသုံးချခဲ့ပါတယ်။
ပြန်လှည့်ကြည့်တဲ့အခါမှာ ကျွန်တော့်အဖွဲ့ တစ်ခုလုံးမှာ ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်တဲ့၊ သန္နိဋ္ဌာန်ခိုင်မာတဲ့ လူတွေ အများကြီး ရှိနေတာကို တွေ့ရပါတယ်။ ကျွန်တော် သူတို့နဲ့ သဟဇာတဖြစ်ဖြစ် အလုပ်လုပ်နိုင်ခဲ့ပါတယ်။
မေး – ၂၀၂၅ ခုနှစ်ဟာ အကျပ်အတည်းဖြစ်နေတဲ့ နှစ်တစ်နှစ်ပါ။ AA အနေနဲ့ ကျောက်ဖြူနဲ့ စစ်တွေမြို့တွေကို တိုက်ခိုက်ဖို့ ရှောင်ခဲ့ပေမဲ့ တခြားတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဗမာပြည်မထဲကိုတော့ ဝင်ရောက်ခဲ့ပါတယ်။ ဒါဟာ ဗျူဟာပြောင်းလဲမှုလို့ ပြောလို့ရမလား။
ဖြေ – ဗျူဟာရဲ့ အသေးစိတ်ကို ပြောဖို့ကတော့ စောလွန်းပါသေးတယ်။ အချိန်မတိုင်သေးပါဘူး။
မေး – စစ်တပ်ဘက်က ညှိနှိုင်းအဖြေရှာဖို့ ကမ်းလှမ်းလာရင် AA အနေနဲ့ လက်ခံနိုင်တယ်လို့ တွေးဆမှုတွေ ရှိနေပါတယ်။
ဖြေ – နိုင်ငံရေးအရ ဆွေးနွေးတာနဲ့ တည်ငြိမ်မှုဆိုတာ လူတိုင်းရဲ့ အကျိုးစီးပွားပါပဲ။ ကျွန်တော်တို့က နိုင်ငံရေးအရ ရင့်ကျက်ဖို့ လိုပါတယ်။ အဲဒီလောက်ပဲ ပြောပါရစေ။
မေး – ကျွန်တော် ရခိုင်ကို ရောက်နေတဲ့ တစ်လအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် ရှိခဲ့ပါတယ်။ ဖေဖော် ဝါရီ ၂၄ မှာ ပုဏ္ဏားကျွန်းမြို့နယ်က လူ ၁၇ ယောက် သေဆုံးခဲ့တဲ့ နေရာကို ကျွန်တော် သွားခဲ့ပါတယ်။ အခု ရွေး ကောက်ပွဲတွေ ပြီးသွားပြီဆိုတော့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုရှိလာနိုင်ပါတယ်။ ဒီအန္တရာယ်ကို ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်ထားလဲ။
ဖြေ – အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးက ကျွန်တော်တို့ရဲ့ ဦးစားပေးပါ။ အရပ်သားတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးဖို့ ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို ရှာဖွေနေပါတယ်။ ဒါပေမဲ့ ခက်ခဲပါတယ်။ ဒီလေကြောင်းဗုံးကြဲမှုတွေကို မှတ်တမ်းတင်ဖို့ နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပူးပေါင်းနေပေမဲ့ သိပ်ပြီး ထိရောက်မှု မရှိပါဘူး။
ဒါဟာ အလွန်ဆိုးရွားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်စရာ ကိစ္စပါ။ ဒါကြောင့်လည်း စစ်တပ်က အရပ်သားတွေကို ဗုံးကြဲနေသမျှ ကာလပတ်လုံး ကျွန်တော်တို့အတွက် နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ရှာဖွေဖို့က အလွန်ခက်ခဲနေဦးမှာပါ။ စစ်အစိုးရက အင်အားသုံးပြီး (Position of strength ကနေ) ဆွေးနွေးချင်နေတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အဲဒီလို ဖိအားမျိုးကို အလျှော့ပေးမှာ မဟုတ်ပါဘူး။
မေး – လွန်ခဲ့တဲ့ ၂ နှစ်က တရုတ်နိုင်ငံမှာ စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ AA ဆွေးနွေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက ရခိုင်မှာ စစ်ကောင်စီတပ်တွေ မရှိရဘူးလို့ AA က တောင်းဆိုခဲ့လို့ ဆွေးနွေးပွဲ ပျက်ခဲ့ပါတယ်။ အခုအချိန်မှာရော အစိုးရနဲ့ အဲဒီလို ဆွေးနွေးဖို့ ဆန္ဒရှိလား။
ဖြေ – ခင်ဗျား ပြောတာ မှန်ပါတယ်၊ အဲဒါ ကျွန်တော်တို့ လိုချင်တဲ့ အချက်ပါ။ အစိုးရက ကျွန်တော်တို့ကို ၂၀၂၃ မတိုင်ခင်က အနေအထားကို ပြန်သွားဖို့ လိုလားနေပါတယ်။ အဲဒီလိုဆိုရင် ကျွန်တော်တို့ကလည်း ၁၇၈၄ ခုနှစ်ကို ပြန်သွားချင်ပါတယ်။ (ရခိုင်ဟာ ၁၇၈၄ ခုနှစ်မှာ လွတ်လပ်တဲ့ ဘုရင်စနစ် ပျက်သုဉ်းခဲ့တာပါ)။
လက်တွေ့မကျတဲ့ အရာတွေကို တောင်းဆိုမယ့်အစား အစိုးရအနေနဲ့ လက်တွေ့မြေပြင် အခြေအနေပေါ်မှာ အခြေခံတဲ့၊ အားလုံးပါဝင်နိုင်ပြီး ရိုးသားတဲ့ ညှိနှိုင်းမှုတွေကိုပဲ အာရုံစိုက်သင့်ပါတယ်။ ညှိနှိုင်းမှုတွေဟာ မြေပြင်လက်တွေ့ အခြေအနေနဲ့ ကင်းကွာနေလို့ မဖြစ်ပါဘူး။
မေး – ၂၀၂၃ တုန်းက ကျွန်တော် စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ကို သွားခဲ့တုန်းက တော်လှန်ရေးအဖွဲ့ အများစုက ၂၀၂၅ အကုန်မှာ စစ်အစိုးရ ပြုတ်ကျမယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်မလာခဲ့ပါဘူး။ အဲဒီအစား စစ်တပ်က တချို့ဒေသတွေကို ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါကို ခင်ဗျား ဘယ်လို ရှင်းပြချင်လဲ။
ဖြေ – အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ကျွန်တော်တို့ သူတို့ကို လေးစားပါတယ်။ တခြား ပါဝင်ပတ်သက်သူတွေလည်း ရှိပါတယ်။ အားလုံးဟာ ရှင်းလင်းတဲ့ နိုင်ငံရေး အနာဂတ်တစ်ခုအတွက် စုစည်းလာကြဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ်။ လက်ရှိ အခြေအနေကတော့ ခန့်မှန်းရ ခက်ခဲနေဆဲပါ။ စစ်အစိုးရ ကျင့်သုံးနေတဲ့ ဗျူဟာတွေကြောင့် သွေးထွက်သံယိုမှုတွေ ပိုရှိလာနိုင်ပါတယ်။
မေး – အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးအကြောင်း မေးပါရစေ။ ခင်ဗျားက ဘင်္ဂလားဒေ့ရှ်က BNP အစိုးရသစ်ကို ဂုဏ်ပြုခဲ့ပြီးပါပြီ။ လူအများရဲ့ အမြင်မှာတော့ BNP အစိုးရက ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ AA ကို ဖိအားပေးတာမျိုး၊ ဒါမှမဟုတ် RSO နဲ့ ARSA လို ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေကို လက်နက်တပ်ဆင်ပေးတာမျိုး လုပ်လာနိုင်ပါတယ်။ အစိုးရသစ်အပေါ် ဘာတွေ မျှော်လင့်ထားလဲ။
ဖြေ – ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ကတော့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ လက် တွဲလုပ်ဆောင်နိုင်ဖို့ပါ။ ပထမအချက်အနေနဲ့ ဒေသတွင်းမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေကို မှားယွင်းတဲ့ စွပ်စွဲချက်တွေ လုပ်မယ့်အစား သူတို့ကို အသိအမှတ်ပြု အာဏာအပ်နှင်း (Empower) ရပါမယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို အသိအမှတ်မပြုဘဲ ကောင်းမွန်တဲ့ အခြေအနေတစ်ခု ဖန်တီးဖို့က အလွန်ခက်ခဲပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ဒုက္ခသည်တွေ ပြန်လာနိုင်ဖို့အတွက် ကောင်းမွန်တဲ့ အခြေအနေတစ်ခု ဖန်တီးပေးချင်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက ဦးစားပေးက ပြည်သူတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ပါ။ ဒါပေမဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေက ပြဿနာတွေကို ပိုဖြစ်စေပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ ဘယ်လို အခြေအနေမျိုးကိုမဆို ရင်ဆိုင်ဖို့ အသင့်ပါပဲ။
မြန်မာစစ်တပ်က ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေကို လက်နက်တွေ ထောက်ပံ့ပေးထားပါတယ်။ စစ်တပ်က အခုဆိုရင် ပိုပြီးတော့ ရန်လိုလာနိုင်ပါတယ်။ RSO နဲ့ ARSA အဖွဲ့တွေမှာ မောင်တောနယ်စပ်နားက ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ စခန်းတွေ ရှိပါတယ်။ AA အနေနဲ့ စစ်မျက်နှာ နှစ်ဖက်မှာ တိုက်ရပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ အဲဒီလို အခြေအနေမျိုး မဖြစ်အောင် အစွမ်းကုန် ကြိုးစားမှာပါ၊ ဘာလို့လဲဆိုတော့ ဒါဟာ ကျွန်တော်တို့အတွက်လည်း မကောင်းသလို ဘင်္ဂလားဒေ့ရှ်ရဲ့ အကျိုးစီးပွားအတွက်လည်း မဟုတ်လို့ပါပဲ။
မေး – ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်ရေးကို ချက်ချင်း ပြန်စချင်သလား။
ဖြေ – ဟုတ်ပါတယ်။ နယ်စပ် နှစ်ဖက်စလုံးမှာ ကုန်သွယ်ရေး ပြန်စဖို့ စောင့်နေကြတဲ့ ကုန်သည်တွေနဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ လူဦးရေများတဲ့ နိုင်ငံဖြစ်ပြီး နယ်စပ်တစ်လျှောက်မှာ နယ်စပ်ကုန်သွယ်ရေးကို မှီခိုနေရတဲ့ တံငါသည်တွေ အပါအဝင် လူ့အသိုက်အဝန်း အများကြီး ရှိပါတယ်။
မြေပြင်လက်တွေ့ အခြေအနေတွေကို လက်ခံလိုက်ရင် ဒီပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ပါတယ်။ အဲဒီလို ဖြစ်လာပြီဆိုရင် ကျွန်တော်တို့ဘက်ကလည်း ကောင်းမွန်စွာ တုံ့ပြန်သွားမှာပါ။ တံငါသည်တွေကို ခွင့်ပြုပေးမှာ ဖြစ်သလို သူတို့ရဲ့ လှုပ်ရှားမှုတွေကိုလည်း စနစ်တကျ ထိန်းကျောင်းသွားမှာပါ။
မေး – ပါကစ္စတန်နဲ့ တူရကီနိုင်ငံတွေက ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် ဘာလို့ ပါဝင်ပတ်သက်နေတာလဲ။
ဖြေ – ဒါဟာ အတော်လေး စိုးရိမ်စရာကောင်းပြီး (ရိုဟင်ဂျာတွေကြားထဲမှာ) အစွန်းရောက်မှုတွေကို ပိုဆိုးစေတဲ့ အချက်တစ်ခုပါ။ ဒါဟာ ဘင်္ဂလားဒေ့ရှ်အတွက်ရော ကျွန်တော်တို့အတွက်ပါ မကောင်းပါဘူး။ BNP အစိုးရအနေနဲ့ မှန်ကန်တဲ့ မူဝါဒတွေနဲ့ အရေးယူမှုတွေကို စတင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ တစ်ခါတလေ မူဝါဒတွေက မှန်ပေမဲ့ အကောင်အထည်ဖော်တဲ့နေရာမှာ လွဲချော်သွားတာမျိုး ရှိတတ်ပါတယ်။
ပါကစ္စတန်အနေနဲ့ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေကို သုံးပြီး အိန္ဒိယကို ပစ်မှတ်ထားလာနိုင်တာကြောင့် ကျွန်တော်တို့နဲ့ အိန္ဒိယကြားမှာ တူညီတဲ့ လုံခြုံရေး စိုးရိမ်ချက်တွေ ရှိပါတယ်။ ဒေသတွင်းက လက်နက်ကိုင် လှုပ်ရှားမှုတွေဟာ ပြန့်နှံ့သွားနိုင်ပြီး ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်ပါတယ်။ ကျွန်တော်တို့ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ။
မေး – အိန္ဒိယအစိုးရဆီကနေ ဘာတွေ မျှော်လင့်ထားလဲ။
ဖြေ – အိန္ဒိယဟာ ဒေသတွင်းမှာ အလွန်အရေးကြီးတဲ့ နိုင်ငံပါ။ အိန္ဒိယအနေနဲ့ ပိုပြီး ဖွံ့ဖြိုးတိုးတက်ပြီး အောင်မြင်တာကို ကျွန်တော်တို့ မြင်ချင်ပါတယ်။ အိန္ဒိယနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ပါတယ်။ ကုလားတန်စီမံကိန်း (Kaladan Project) အတွက် ကျွန်တော်တို့ ကူညီဖို့ အသင့်ပါပဲ။
မေး – AA အနေနဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့ တရုတ်နိုင်ငံဆီကနေ ပြင်းထန်တဲ့ ဖိအားတွေ ကြုံနေရပါတယ်။ ခင်ဗျားတို့ ဘယ်လို တုံ့ပြန်ထားလဲ။
ဖြေ – ဒါကို ဖိအားလို့ မဆိုလိုပါဘူး၊ တရုတ်က မြန်မာနိုင်ငံကို တည်ငြိမ်တာ မြင်ချင်တာပါ။ တချို့ကတော့ ဒါကို ဖိအားလို့ ပြောကြပါလိမ့်မယ်။ တရုတ်အနေနဲ့ သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အစွမ်းကုန် လုပ်ဆောင်ရမှာပါပဲ၊ ဒါဟာ နိုင်ငံတိုင်း လုပ်ဆောင်ကြတဲ့ အရာပါ။
မေး – AA ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ၊ ခူမီးနဲ့ ချင်းအဖွဲ့တွေဆီကနေ အတင်း အဓမ္မ စစ်သားစုဆောင်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေ မကြာခဏ ထွက်ပေါ်နေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။
ဖြေ – တချို့လူတွေက လူ့အခွင့်အရေးဥပဒေတွေကို လက်နက်တစ်ခုလို အသုံးချနေကြတာပါ။ ဒီစွပ်စွဲချက်တွေရဲ့ အရင်းအမြစ်ကို ကြည့်ရင် အထူးသဖြင့် ပြည်ပရောက် တက်ကြွလှုပ်ရှားသူတွေဆီက လာတာကို တွေ့ရပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ဒီလို ပုံဖော်ပြောဆိုခြင်းအားဖြင့် သူတို့က အကျိုးအမြတ် ရနေလို့ပါ။
ချင်းလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဟာ ချင်းလူ့အသိုက်အဝန်း တစ်ခုလုံးကို ကိုယ်စားမပြုပါဘူး။ ကျွန်တော်တို့ဟာ ချင်းပြည်နယ်က ချင်းလူ့အသိုက်အဝန်း အများစုနဲ့ အဆင်ပြေပြေ ရှိနေပါတယ်။ ကျွန်တော်တို့ အချင်းချင်း ကူညီနေကြပြီး ရှေ့လျှောက်မှာ မွတ်စလင် (ရိုဟင်ဂျာ) လူ့အသိုက်အဝန်းနဲ့ပါ ပိုပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာမှာပါ။ ကျွန်တော်တို့ဟာ ယုံကြည်မှု တည်ဆောက်နေတာပါ၊ ဒါဟာ အချိန်ယူရပါမယ်။ အရင်အစိုးရရဲ့ မှားယွင်းတဲ့ မူဝါဒတွေကြောင့် စွပ်စွဲချက်တွေ ရှိခဲ့တာပါ။ အတင်းအဓမ္မ စစ်သားစုဆောင်းမှုနဲ့ ပတ်သက်ရင် ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေ ဖြစ်နေတာကြောင့် အရေးပေါ် အစီအမံတွေ လိုအပ်ပါတယ်။
လူသစ်စုဆောင်းတဲ့နေရာမှာ ကျွန်တော်တို့ အလွန်သတိထားပါတယ်၊ စုဆောင်းခံရသူတိုင်းကို သူတို့ရဲ့ တာဝန်နဲ့ ဝတ္တရားတွေကို သေချာရှင်းပြပါတယ်။
မေး – AA အနေနဲ့ မူးယစ်ဆေးဝါး ကုန်သွယ်မှုမှာ ပါဝင်ခြင်းမရှိဘူးလို့ ရှင်းလင်းထားပါတယ်။ ဒါပေမဲ့ ရခိုင်မှာ ရှိနေစဉ်အတွင်း ကျွန်တော် သိရသလောက်ကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာပြည်မထဲကနေ မူးယစ်ဆေးဝါးတွေ စီးဝင်နေတဲ့ အန္တရာယ် ရှိနေပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်ကပဲ မောင်တောက လူတစ်ယောက်ကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ မူးယစ်ဆေး အများအပြားနဲ့ ဖမ်းမိခဲ့ပါတယ်။ ဒါဟာ ရခိုင်အတွက် စိန်ခေါ်မှုတစ်ခုလို့ မမြင်ဘူးလား။
ဖြေ – ဒါဟာ ရှုပ်ထွေးတဲ့ အခြေအနေပါ။ ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ပြဿနာဟာ စစ်တပ်အုပ်ချုပ်စဉ်ကထက် အများကြီး လျော့နည်းသွားပါပြီ။ ပြည်မထဲက လာတဲ့ လမ်းကြောင်း အများကြီးကို ပိတ်ထားပါတယ်။ စစ်ဆေးရေးဂိတ်တွေလည်း အများကြီး ရှိပါတယ်။
(မြန်မာနိုင်ငံမှာ) မူးယစ်ဆေး ထုတ်လုပ်မှုဟာ စက်မှုလုပ်ငန်းအဆင့်အထိ ရှိနေပါတယ်။ ပြီးခဲ့တဲ့လကပဲ အကြီးမားဆုံး ဖမ်းဆီးရမိမှုဟာ ရှမ်းပြည်နယ်မှာ ဖြစ်ခဲ့တာပါ။ စစ်ကောင်စီက အဓိပ္ပာယ်မရှိတဲ့ စွပ်စွဲချက်တွေ လုပ်ခဲ့ပါတယ်။ စက်ရုံဝင်း တစ်ခုလုံးကို သိမ်းဆည်းခဲ့တာပါ။ သူတို့ဟာ ဒီစက်ရုံ ရှိနေတာကို အကြာကြီးကတည်းက သိထားကြတာပါ။
ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးပြဿနာ လုံးဝ ပျောက်ကွယ်သွားပြီလို့တော့ ကျွန်တော်တို့ မပြောနိုင်ပါဘူး။ ဆေးစွဲနေသူတွေနဲ့ ကုန်သည်တွေ ရှိနေပါသေးတယ်။ ငါးဖမ်းလှေတွေ သွားလာနေကြပြီး သူတို့ ဘာတွေ သယ်နေလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး။ ရန်ကုန်ကနေ ဘင်္ဂလားဒေ့ရှ်က ကော့ဘဇားနဲ့ စစ်တကောင်းကို သွားနေတဲ့ သင်္ဘောတွေ ရှိပါတယ်။ ဒီပြဿနာကို အမြစ်ပြတ်အောင် လုပ်ဖို့ အချိန်ယူရပါလိမ့်မယ်။
မေး – လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်က ရွာတချို့ကို သွားခဲ့ပါတယ်။ ရိုဟင်ဂျာမဟုတ် တဲ့ ရွာတွေနဲ့ ရိုဟင်ဂျာရွာတချို့ဟာ ARSA ကို အမြဲတမ်း ကြောက်နေရပါတယ်။ ခင်ဗျားတို့ အစိုးရအနေနဲ့ ဒီနေရာတွေကို အခိုင်အမာ မထိန်းချုပ်နိုင်သေးဘူးလား။
ဖြေ – ဒါက မလွယ်ပါဘူး။ ကျွန်တော်တို့ဟာ ဒီဒေသက ဝေးလံတဲ့ ရွာတွေ၊ အထူးသဖြင့် မြို (Mro) လူမျိုးတွေ နေထိုင်တဲ့ ရွာတွေကို အကူအညီတွေ ပေးနေပါတယ်။ သူတို့ထဲက တချို့က မူးယစ်ဆေးဝါး ကုန်သွယ်မှုမှာ ပါဝင်နေပါတယ်။ သူတို့ထဲက တချို့ဟာ ARSA နဲ့ လက်တွဲနေတယ်ဆိုတဲ့ အစီရင်ခံစာတွေလည်း ကျွန်တော်တို့ ရထားပါတယ်။ အချင်းချင်း တိုက်ခိုက်မှုတွေကြောင့် လူအများအပြား သေဆုံးခဲ့ရတာဟာ အံ့ဩစရာ မဟုတ်ပါဘူး။
မောင်တောကို မလွတ်မြောက်ခင်တုန်းက စစ်တပ်နဲ့ ဒီးလ်မိုဟာမက် (Dil Mohammad) လို မူးယစ်ရာဇာတွေဟာ မူးယစ်ဆေး ကုန်သွယ်မှုမှာ အလွန်တက်ကြွခဲ့ကြပါတယ်။ အခုတော့ ကျွန်တော်တို့ဟာ အဲဒီဒေသမှာ နေထိုင်သူတွေအတွက် လုံခြုံရေး ပိုကောင်းလာအောင် အာရုံစိုက် လုပ်ဆောင်နေပါတယ်။
မေး – ဆရာဝန်နဲ့ ဆေးဝါး ပြတ်လပ်မှုတွေလည်း အပြင်းအထန် ရှိနေပါတယ်။ စစ်ဘေးရှောင် (IDP) တွေရဲ့ အခြေအနေကလည်း စိတ်မကောင်းစရာပါ။
ဖြေ – ကျွန်တော်တို့ ဒီပြဿနာတွေကို ဖြေရှင်းနေပြီး ကျန်းမာရေး ဝန်ဆောင်မှုတွေ ပိုကောင်းလာအောင် ကြိုးစားနေပါတယ်။ ပစ္စည်းကိရိယာတွေ ပိုရအောင်၊ ဆေးဝါးတွေ အဆက်မပြတ် စီးဝင်လာအောင်နဲ့ ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ ပိုပြီး ခန့်အပ်နိုင်အောင် လုပ်ဆောင်နေပါတယ်။
ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ဆေးတက္ကသိုလ်နဲ့ သူနာပြု အကယ်ဒမီ ဖွင့်ဖို့ ဆုံးဖြတ်ထားပြီး ဒါဟာ အလွန်စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဒီနှစ်မှာ သူနာပြု ၁၂၀ ကို သင်တန်းပေးဖို့ စီစဉ်ထားပါတယ်။ လက်ရှိမှာ ကျွန်တော်တို့ဆီမှာ ဆရာဝန် ၅၀-၆၀ လောက် ရှိနေပြီး မကြာခင်မှာ ပိုများလာဖို့ မျှော်လင့်ပါတယ်။ ဆရာဝန်နဲ့ သူနာပြုတွေရဲ့ နောက်ခံနဲ့ လူမျိုးစုကို ကျွန်တော်တို့ ဂရုမစိုက်ပါဘူး။ အိန္ဒိယဆရာဝန်တွေ အပါအဝင် ဘယ်သူမဆို လာရောက်ကူညီတာကို ကြိုဆိုပါတယ်။
မေး – နွေဦးတော်လှန်ရေးအပေါ် ဘာတွေ မျှော်လင့်ထားလဲ။
ဖြေ – AA တစ်ခုတည်းရဲ့ မျှော်လင့်ချက်က နွေဦးတော်လှန်ရေးရဲ့ ရလဒ်ကို ဆုံးဖြတ်ဖို့ မလုံလောက်ပါဘူး။ ဗမာပြည်မက ပြည်သူတွေ၊ သူတို့ရဲ့ ပြဿနာတွေနဲ့ ဒေသတွင်း အခြေအနေတွေကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။ သူတို့ရဲ့ အခြေအနေတွေကို ကျွန်တော်တို့ အပြည့်အဝ လေးစားပါတယ်။ ကျွန်တော်တို့ သူတို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသလို စိတ်တူကိုယ်တူ အဖွဲ့အစည်းတွေကိုလည်း ကူညီပေးထားပါတယ်။
မေး – နောက် ၂ နှစ်အတွင်း ရခိုင်ပြည်နယ်ရဲ့ အခြေအနေကို ဘယ်လို မြင်လဲ။
ဖြေ – ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို အမြန်ဆုံး အဆုံးသတ်စေချင်ပြီး ရေရှည်တည်တံ့တဲ့ အဖြေတစ်ခုကို ရှာချင်ပါတယ်။ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ပြည့်ဝဖို့အတွက် အဆိုးဆုံး အခြေအနေတွေအထိ ကျွန်တော်တို့ ပြင်ဆင်ထားရပါမယ်။
Khit Thit Media