ပြည်တွင်းတွင် ကြီးပွားနိုင်မည့် အခွင့်အလမ်းများရှိပြီးဖြစ်၍ မြန်မာနိုင်ငံသားအားလုံး ပြည်ပသို့ သွားရောက် အလုပ် လုပ်ကိုင်ကြမည့်အစား ပြည်တွင်းတွင်သာ နေထိုင် အလုပ်လုပ်နိုင်ရေး ဆောင်ရွက်ပေးရန် မင်းအောင်လှိုင်က ဝန်ကြီးဌာနများကို ညွှန်ကြားပြန်
ရန်ကုန်၊ မေ ၂
မြန်မာနိုင်ငံသားအားလုံး ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့်အစား ပြည်တွင်းတွင်သာ အလုပ်လုပ် ကိုင် နေထိုင်ရေး ဆောင်ရွက်ပေးရန် အကြမ်း ဖက် မင်းအောင်လှိုင်က သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများကို ညွှန်ကြားတိုက်တွန်းလိုက်သည်။
ယမန်နေ့ မေလ ၁ ရက်နေ့ ကျရောက် အလုပ်သမားနေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်ကယင်းကဲ့သို့ ညွှန်ကြား လာခြင်းဖြစ်သည်။
ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်းအလုပ် သမားများသည် ၎င်းတို့ သွား ရောက်လုပ်ကိုင်သည့်နိုင်ငံများမှ ဥပဒေအောက်တွင်သာနေထိုင်ကြရပြီး အချို့အလုပ်သမားများသည် မတရား သဖြင့် ဖိနှိပ်ခံရမှုများရှိသည်ဟု သိရှိရကြောင်း၊ ပြည်ပသို့ သွားရောက်လုပ်ကိုင်ခြင်းထက် ဘဝလုံခြုံမှုရှိသည့် ပြည်တွင်း၌ လုပ်ကိုင်မည်ဆိုပါက ကြီးပွားတိုးတက်နိုင်မည့်အခွင့်အလမ်းများ ရှိပြီးဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။
ထို့ကြောင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်ကြမည့်အစား ပြည်တွင်း၌သာ အလုပ်လုပ်ကိုင်ကြပြီး နိုင်ငံသားအား လုံး နိုင်ငံတော်၏ အရိပ်အာဝါသအောက်တွင် ပျော်ရွှင်အေးချမ်းစွာဖြင့် နေထိုင်နိုင်စေရေး သက်ဆိုင်ရာဝန်ကြီး ဌာန၊ အဖွဲ့အစည်းများက ဆောင်ရွက်ပေးကြရန် မင်းအောင်လှိုင် ညွှန်ကြား တိုက် တွန်းလာခြင်းဖြစ်သည်။
မြန်မာအလုပ်သမားအများစု သွားရောက်လုပ်ကိုင်နေကြသည့် ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် အလုပ်သမားသံအရာရှိများထား၍ ၎င်းတို့၏အခက်အခဲများကို သက်ဆိုင်ရာနိုင်ငံနှင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မင်းအောင်လှိုင်က ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံသည် အလုပ်လုပ်နိုင်သည့်လူဦးရေ အများဆုံးနိုင်ငံများထဲ၌ ပါဝင်လျက်ရှိပြီး အလုပ်လုပ်နိုင်သူ လူဦးရေပေါများသဖြင့် အရေး ပါသည့် လူ့စွမ်းအားအရင်းအမြစ်အခြေခံကောင်းများကို ပိုင်ဆိုင်ထားကြောင်း မင်းအောင်လှိုင်က ဆိုသည်။
မင်းအောင်လှိုင်က ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားများ ပြည်တွင်းသို့ ပြန်လာပါက ပြန်လည် ထွက်ခွာခွင့်များကို တင်းကျပ်စွာ ပိတ်ပင်လျက်ရှိသည့်အပြင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများကိုလည်း ပြည်ပသို့ အလုပ်လုပ်ကိုင် သွားရောက်ခွင့်များကို ပိတ်ပင်ထားသည်။