နေအိမ်အချုပ်သို့ ပြောင်းရွှေ့ထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေအဖွဲ့တို့ လာမည့် တနင်္ဂနွေနေ့ တွေ့ဆုံမည်

နေအိမ်အချုပ်သို့ ပြောင်းရွှေ့ထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေအဖွဲ့တို့ လာမည့် တနင်္ဂနွေနေ့ တွေ့ဆုံမည်
ရန်ကုန်၊ မေ ၁
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က နေအိမ်အချုပ်သို့ ပြောင်းရွှေ့ပြီးနောက် သူမ၏ ရှေ့နေအဖွဲ့များနှင့် ယခုလာမည့် တနင်္ဂနွေနေ့တွင် သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရှိရသည်။
Reuters သတင်းအရ ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် တနင်္ဂနွေနေ့တွင် သွားရောက်တွေ့ဆုံပြီး ဥပဒေဆိုင်ရာကိစ္စများ ဆွေးနွေးခြင်းနှင့် လိုအပ်သည့်ပစ္စည်းများ ယူဆောင်ပေးမည်ဟု သိရသည်။
ယခုအခြေအနေသည် ယခင်ကဲ့သို့ သာမန်ထောင်သွားတွေ့ဆုံမှုမဟုတ်ဘဲ ပိုမိုလွတ်လပ်စွာ ဆွေးနွေးနိုင်မည့် တွေ့ဆုံမှုဖြစ်လာနိုင်ကြောင်းလည်း ဥပဒေအဖွဲ့က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသူဖြစ်ပြီး နေရာအတိအကျ မသိရှိရသည့်အခြေအနေတွင် ကြာမြင့်ခဲ့သည်။ ယခုအခါတွင် နေပြည်တော်၌ ဆက်လက်ရှိနေပြီး ဧပြီလ ၃၀ ရက်နေ့ ညပိုင်း နေအိမ်အချုပ်သို့ ပြောင်းရွှေ့ထားခြင်းဖြစ်ကြောင်း သူမ၏ ဥပဒေအဖွဲ့မှ အတည်ပြုပြောကြားသည်။
အကြမ်းဖက်စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို မတရားသော ပုဒ်မများဖြင့် ထောင်ဒဏ် စုစုပေါင်း နှစ် ၃၃ နှစ် ထောင်ဒဏ်ချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် ထိုဒဏ်ကို ၂၇ နှစ်သို့ လျှော့ချခဲ့ပြီး ၂၀၂၆ ခုနှစ် မြန်မာနှစ်သစ်ကူးလွတ်ငြိမ်းချမ်းသာခွင့်တွင် ထပ်မံ လျှော့ချမှုများ ပြုလုပ်ခဲ့သည်။
ယခုလည်း အကျဉ်းသားများအတွက် ကျယ်ပြန့်သည့် လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထပ်မံလျှော့ချခဲ့ပြီးနောက် နေအိမ်အချုပ်သို့ ပြောင်းရွှေ့ခြင်း ဖြစ်သည်။
တစ်ဖက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် အာဆီယံအပါအဝင် နိုင်ငံတကာဖိအားများကို ရင်ဆိုင်နေရပြီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုမှုများ တိုးမြင့်လာနေသည်။ အာဆီယံကလည်း စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာကို ထိပ်သီးအစည်းအဝေးများမှ ဖယ်ထုတ်ထားပြီး ယခုအခါ ပြန်လည်ဆက်ဆံရေးပြန်ဖွင့်ရန် ကြိုးပမ်းနေသည်ဟု သိရှိရသည်။