■ KIA နှင့် PDF ပူးပေါင်းသိမ်းပိုက်ထားသော စစ်ကိုင်း အင်းတော်မြို့ကို စစ်ကောင်စီ ပြန်သိမ်းဟုဆို

■ KIA နှင့် PDF ပူးပေါင်းသိမ်းပိုက်ထားသော စစ်ကိုင်း အင်းတော်မြို့ကို စစ်ကောင်စီ ပြန်သိမ်းဟုဆို
Western News| မေ ၁

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ထားထားသော စစ်ကိုင်းတိုင်း အင်းတော်မြို့ကို အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီက အလုံးစုံပြန်လည်သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီဟု ယနေ့ မေလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။
PDF စိုးမိုးထားသော အင်းတော်မြို့ကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီသည် ကသာမြို့၌ လိုအပ်သော စုဖွဲ့ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပြီးနောက် စစ်ကြောင်းများ ဝင်ရောက် တိုက်ခိုက်ရာတွင် ဧပြီလ ၃၀ ရက် ညနေပိုင်းတွင် အင်းတော်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။
အင်းတော်မြို့ မသိမ်းမီ ဧပြီလ ၂၄ ရက်နေ့က ပင်းမလွတ်ရာအား သိမ်းပိုက်ခဲ့ကြောင်း၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားရွာအား သိမ်းပိုက်ခဲ့ကြောင်း၊ ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် ကန်းနီရွာ၊ နားရခေါင်ရွာ၊ ကြာအင်းရွာ၊ ကျွန်းတောရွာနှင့် ကူဆိပ်ရွာတို့ကို သိမ်းပိုက်ခဲ့သည်ဟု ပြောသည်။
ယင်းအပြင် မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း လမ်းကြောင်းနှင့် တအောင်းမြို့တို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ဧပြီလ ၂၅ ရက်နေ့တွင် တကောင်းမြို့နှင့် ထီးချိုင့်မြို့သို့ ဆက်သွယ်ထားသော လမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်ဟု ဆိုသည်။
ယင်းမှတစ်ဆင့် စစ်ကောင်စီ စစ်ကြောင်းများသည် ထီးချိုင့်မြို့မှ ကသာမြို့သို့ အဆင့်ဆင့် ချီတက်ခဲ့ကြောင်း၊ ယင်းနောက်တွင် ပစ်ခတ်မှုနှင့် စစ်ကစားမှုကို ဟန်ချက်ညီညီပေါင်းစပ်ကာ အင်းတော်မြို့ကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။
အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲ ကြီး၊ ငယ် ၁၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ တော်လှန်ရေးတပ်သား ၃၃ လောင်း၊ လက်နက်မျိုးစုံ ၁၈ လက်နှင့် ဆက်စပ် ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်ဟု အကြမ်းဖက် စစ်ကောင်စီက ထုတ်ပြန်ထားသည်။
အင်းတော်မြို့နှင့် ပတ်သက်၍ KIA နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် တစ်စုံတစ်ရာ ထုတ်ပြန် ပြောဆိုထားခြင်း မရှိသေးသလို မြေပြင်စစ်ရေးအခြေအနေမှာလည်း တင်းမာလျက်ရှိနေကြောင်း သိရသည်။
အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီသည် လက်လွှတ်ဆုံးထားသော မြို့ရွာများကို တော်လှန်ရေးတပ်ဖွဲ့များထံမှ တစ်ဖြည်းဖြည်း တိုက်ယူနေပြီး လူအင်အား၊ လက်နက်ခဲယမ်းများကိုလည်း ဆက်လက် စုဆောင်းနေကြောင်း သိရသည်။
#WesternNews #WN #အကြမ်းဖက်စစ်ကောင်စီ #အင်းတော်မြို့ #ပြန်လည်သိမ်းထိန်းချုပ် #PDF #NUG #တော်လှန်ရေးတပ်ဖွဲ့များ #စစ်ကိုင်းတိုင်း