ကွမ်းခြံကုန်းတွင် ခလရ ၇၀ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးစန်းမင်းဦး ဦးဆောင်သောအဖွဲ့က ကျေးရွာများအတွင်း သေနတ်ပစ်ဖောက် ခြိမ်းခြောက်ပြီး လူငယ်များကို ပေါ်တာဆွဲဖမ်းဆီး၊ဒေးဒရဲတွင် စစ်မှုထမ်းကြေး တစ်လျှင် ၁ သိန်းကျော်တောင်းယူနေ၍ ပြည်သူများ ဒုက္ခရောက်နေရ
ရန်ကုန်၊ မေ ၁
ရန်ကုန်တိုင်း၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ခလရ ၇၀ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးစန်းမင်းဦး ဦးဆောင်သောအဖွဲ့က ကျေးရွာများအတွင်း ဧည့်စာရင်းစစ်ဆေးသည်ဟု အကြောင်းပြကာ သေနတ်ပစ်ဖောက် ခြိမ်းခြောက်ပြီး လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်းနှင့် ငွေကြေးတောင်းခံခြင်းများ ကျူးလွန်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။
အဆိုပါစစ်ကောင်စီအဖွဲ့သည် ကညုင်ကုန်းနှင့် လက်ခုပ်ကုန်းကျေးရွာများသို့ ဝင်ရောက်ကာ အမျိုးသားရှိသောအိမ်များကို အဓိကထားစစ်ဆေးပြီး စစ်မှုထမ်းရန်ခေါ်ဆောင်မည်ဟု ခြိမ်းခြောက်ကာ ငွေကြေးတောင်းခံလေ့ရှိသည်။ ညအချိန်မတော် သွားလာသူများကိုလည်း ပေါ်တာဆွဲသည်ဟုဆိုကာ ဖမ်းဆီးပြီး ငွေကြေးဖြင့် ပြန်လည်ရွေးထုတ်ခိုင်းနေသည်။
“ဗိုလ်မှူးဆိုသူက ရွာထဲမှာ သေနတ်တွေပစ်ဖောက်ပြီး လူတွေကို ကြောက်အောင်လုပ်တယ်။ ပြီးရင် စစ်မှုထမ်းခေါ်မယ်ဆိုပြီး ငွေတောင်းတယ်။ သူကိုယ်တိုင်လည်း လောင်းကစားဒိုင်တွေဆီက ပိုက်ဆံကောက်သလို၊ KTV တွေမှာလည်း မူးယစ်သောက်စားပြီး ရမ်းကားတတ်တော့ ရွာသားတွေက သူလာမှာကို တအားကြောက်နေရတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လွန်ခဲ့သည့် ရက်ပိုင်း ဧပြီလ ၂၉ ရက်နေ့ကလည်း ဧည့်စာရင်းစစ်ဆေးစဉ်အတွင်း သေနတ် ၇ ချက်ခန့် ရမ်းသန်းပစ်ဖောက်ခဲ့သဖြင့် ပြည်သူများ ထိတ်လန့်ခဲ့ကြရသည်။ ထို့ပြင် ၎င်းဗိုလ်မှူးသည် ကျေးရွာများအတွင်းရှိ လောင်းကစားဒိုင်များနှင့် မူးယစ်ဆေးဝါးရောင်းချသူများထံမှလည်း လစဉ်ဆက်ကြေးများ ကောက်ခံနေကြောင်း သိရသည်။
အလားတူ ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ သဲကုန်းလေးကျေးရွာတွင် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများ ပူးပေါင်းကာ စစ်မှုထမ်းကြေးဟုဆိုကာ ပြည်သူများထံမှ အဆမတန် ငွေကြေးတောင်းခံနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
အဆိုပါအုပ်ချုပ်ရေးအဖွဲ့သည် တစ်အိမ်လျှင် တစ်လလျှင် ငွေကျပ် ၁ သိန်းကျော်စီ အဓမ္မကောက်ခံနေပြီး ငွေမပေးနိုင်ပါက စုပေါင်းကာ မဲနှိုက်ရမည်ဟု ခြိမ်းခြောက်နေသည်။
သဲကုန်းလေး၊ မှော်အိုင်နှင့် ကျုံခရိုင် ကျေးရွာ ၃ ရွာကို ပူးပေါင်းအုပ်ချုပ်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး အောင်ကိုဦးသည် ၎င်း၏ဖခင်ဖြစ်သူ ယခင်အုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်စိုးထံမှ ရာထူးဆက်ခံထားသူဖြစ်ပြီး အောက် ခြေ အဆင့်ဆင့်နှင့် ပူးပေါင်းကာ စစ်မှုထမ်းကြေး အကြောငးပြ၍ ပြည်သူများထံမှ ငွေကြေးများ ကောက်ခံ အလွဲသုံးစားလုပ်နေခြင်းဖြစ်သည်။
“တစ်လတစ်သိန်းဆိုတာ မရှိတဲ့အိမ်တွေအတွက် ထည့်ဖို့ တော်တော်ခဲယဉ်းပါတယ်။ ပထမ မဲနှိုက်ထားတဲ့ လူတွေတောင် မခေါ်ရသေးဘဲနဲ့ အုပ်ကြီးရယ်၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ ပေါင်းပြီးတော့ အခုလို ငွေကြေးတွေ အဆမတန် ကောက်ပြီး စားနေကြတာပါ”။ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ ကျေးရွာအုပ်စုအတွင်းရှိ မရှိဆင်းရဲသား အိမ်ထောင်စုများမှာ စစ်မှု ထမ်း ကြေးအဖြစ် သတ်မှတ်ထားသော ငွေပမာဏကို လစဉ်ပေးဆောင်ရန် အလွန်အမင်း အခက်တွေ့နေကြရကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ကားများကို ရပ်တန့်စစ်ဆေးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)