အကြမ်းဖက်စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကစားကွက်အဖြစ် အသုံးချနေဟုသတိပေး၊ နေအိမ်အချုပ်အဖြစ်ပြောင်းလဲသော်လည်း ပြောင်းလဲသည့်နေအိမ်နှင့်ဒေါ်အောင်ဆန်းစုကြည်အခြေအနေများကို စစ်တပ်က လျှို့ဝှက်ထား
ရန်ကုန်၊ မေ ၁
အမည်နာမအသစ်ဖြင့် အသွင်ပြောင်းထားသော အကြမ်းဖက်စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အချုပ်သို့ ပြောင်းရွှေ့လိုက်ပြီဟု ကြေညာကာ ကမ္ဘာ့အမြင်ကြည်လင်စေရန် လူထုဆက်ဆံရေး (PR) ထိုးစစ်နှင့် နိုင်ငံရေးကစားကွက်အဖြစ် အသုံးချနေကြောင်း Burma Campaign UK က သတိပေးလိုက်သည်။
စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အချုပ်အဖြစ် ပြောင်းလဲသည်ဟု ထုတ်ပြန်ထားသော်လည်းလက်တွေ့တွင် တရား မဝင် ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ထိန်းသိမ်းထားသည့်နေရာသာ ပြောင်းလဲသွားခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။
အကြမ်းဖက် မင်းအောင်လှိုင်က သူ့ကိုယ်ကိုသူ ‘သမ္မတ’ အဖြစ် ခန့်အပ်ခဲ့သည့် ဟန်ပြရွေးကောက်ပွဲများအပြီးတွင် အကျိုးအမြတ် အများဆုံးရရှိစေရန် နိုင်ငံရေးအကျဉ်းသားအချို့ကို အစီအစဉ်တကျ ခွဲတမ်းဖြင့် လွှတ်ပေးခဲ့ပြီးနောက် ယခုခြေလှမ်း ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၁၄,၀၀၀ ကျော်မှာ အကျဉ်းထောင်များအတွင်း ကျန်ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။
တစ်ဖက်တွင်လည်း မြန်မာစစ်တပ်က ပြည်သူများ၏ ကျန်းမာရေးဌာနများနှင့် အရပ်သားများကို ပစ်မှတ်ထားသည့် လေ ကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း၊ မကြာသေးမီပတ်များအတွင်း သေစေနိုင်သော ‘နှစ်ထပ်ကွမ်း’ (double-tap) လေကြောင်းတိုက်ခိုက်မှုများကို ပထမဆုံးအကြိမ် အသုံးပြုလာပြီး တိုက်လေယာဉ်အရေအတွက် ပိုမိုသုံးစွဲကာ ယခင်ကထက် ဗုံးအလုံးရေ အမြောက်အမြား ပိုမိုကြဲချလာသည်ဟု ထောက်ပြထားသည်။
“အခြေအနေတွေက အရင်ကထက် ပိုဆိုးနေပေမယ့် ရှေ့တစ်လှမ်းတိုးပြီး နောက်နှစ်လှမ်းဆုတ်တဲ့ နည်းဗျူဟာကိုသုံးပြီး ချီးကျူးမှုရအောင် လုပ်တာက မြန်မာစစ်တပ်ရဲ့ ကျင့်သုံးနေကျ နည်းလမ်းဟောင်းပါပဲ” ဟု Burma Campaign UK ၏ ဒါရိုက်တာ Mark Farmaner က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အချုပ်ဖြင့် ၁၅ နှစ်ကြာ နေခဲ့ရဖူးပြီး ယင်းသို့ထိန်းသိမ်းခြင်းကို ကမ္ဘာ့ခေါင်းဆောင်များက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြဖူးသဖြင့် ယခုတဖန် နေအိမ်ချုပ် ထားရှိခြင်းကို တိုးတက်မှုဟု မည်သည့်အစိုးရကမှ အလေးအနက် လက်ခံလိမ့်မည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
မြန်မာစစ်တပ်သည် မြန်မာနိုင်ငံကို အရပ်သားအစိုးရအသစ်က အုပ်ချုပ်နေသယောင် ပုံဖော်လိုသော်လည်း လက်တွေ့တွင် ထိုသို့မဟုတ်ကြောင်း၊ လက်ရှိ စစ်တပ်က အသွင်ပြောင်းထားသော သမ္မတနှင့် ဒုသမ္မတ နှစ်ဦးစလုံးသည် စစ်တပ် သို့မဟုတ် စစ်တပ်ကျောထောက်နောက်ခံပြု ပါတီမှ ဖြစ်ကြောင်း ထောက်ပြ ပြောဆိုထားသည်။
ဝန်ကြီးဌာနများကို ဦးဆောင်နေသော ဝန်ကြီး ၈၆ ရာခိုင်နှုန်းသည် စစ်တပ် သို့မဟုတ် စစ်တပ်လက်ဝေခံပါတီမှ ဖြစ်ကြောင်း၊ ဝန်ကြီးများ၏ ၃၀ ရာခိုင်နှုန်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ၂၀၂၁ အာဏာသိမ်းမှုတွင် ပါဝင်မှုကြောင့် အရေးယူပိတ်ဆို့ (Sanction) ခံထားရသူများ ဖြစ်ကြောင်း ဆက်လက် ဝေဖန်ထားသည်။
မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို အသုံးချခြင်းမှာ နိုင်ငံတကာ၏ အာရုံစိုက်မှုရရန် ထိရောက်သောနည်းလမ်းဖြစ်ကြောင်း သိရှိထားပြီး ၎င်းတို့၏ အသုံးချခံနယ်ရုပ်များသဖွယ် အသုံးချနေခြင်းဖြစ်ကြောင်း ပြင်းပြင်းထန်ထန်ဖေဝန်ထားသည်။
မကြာသေးမီရက်ပိုင်းအတွင်း စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်အကောင့်များမှတစ်ဆင့် ၂၀၂၁ အာဏာသိမ်းမှုကို အကြောင်းပြရန် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၂၀ ရွေးကောက်ပွဲတွင် မသမာမှုလုပ်ခဲ့သည်ဟု ဝန်ခံရန်နှင့် NUG၊ PDF တို့၏ လုပ်ဆောင်ချက်များအတွက် တာဝန်ယူရန် ဖိအားပေး ရေးသားနေသည်။
မြန်မာနိုင်ငံမှ လူ့အခွင့်အရေး လှုပ်ရှားသူများက စစ်တပ်၏ ဟန်ပြလုပ်ဆောင် ချက်များကို အကြောင်းပြကာ နိုင်ငံတကာအစိုးရများက ၂၀၁၀ ဟန်ပြရွေးကောက်ပွဲအပြီးကဲ့သို့ ဆက်ဆံရေးများ ပြန်လည်ကောင်းမွန်အောင်လုပ်ခြင်းနှင့် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းခြင်းတို့ ပြုလုပ်လာမည်ကို စိုးရိမ်နေကြသည်။
စစ်တပ်သည် ကမ္ဘာတစ်ဝန်းရှိ အခြားသော အကျပ်အတည်းများကို အခွင့် ကောင်းယူကာ ယခင်ကထက် ပိုမိုနည်းပါးသော လျှော့ပေးမှုများဖြင့် လုပ်ကြံဖန်တီးလိုနေခြင်း ဖြစ်သည်ဟု Burma Campaign UK က ဝေဖန်ထားသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်းရွှေ့လိုက်တာဟာ ပြုပြင်ပြောင်းလဲရေးအတွက်မဟုတ်ဘဲ စစ်အုပ်ချုပ်ရေးကို ဆက်လက်ထိန်းသိမ်းဖို့အတွက် လုပ်တဲ့ PR တစ်ခုသာဖြစ်လို့ ဘယ်သူမှ အလိမ်မခံကြပါနဲ့” ဟု Mark Farmaner က သတိပေးထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်းက မိခင်ဖြစ်သူကို နေရာပြောင်းရွှေ့ခြင်းက အခြေအနေကို မပြောင်းလဲစေနိုင်ကြောင်း ပြောဆိုထားသည်။
“ထောင်ဒဏ်လျှော့ပေါ့ခြင်းနဲ့ မသိနိူင်တဲ့နေရာတစ်ခုကို ရွှေ့ပြောင်းခြင်းဟာ အခြေအနေကို မပြောင်းလဲစေပါဘူး။ မေမေဒေါ်အောင်ဆန်းစုကြည်ဟာ အခုထိ ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းထားခံနေရပြီး ပြင်ပကမ္ဘာနဲ့ အဆက် အသွယ်ပြတ်တောက်နေဆဲပါ။ သားတစ်ယောက်အနေနဲ့ ကျွန်တော်မှာ ဘာသတင်းအချက်အလက်မှ မရရှိသေး ပါဘူး။ ကျွန်တော့်ရဲ့ တောင်းဆိုချက်က ရိုးရှင်းပါတယ်။ မေမေ အသက်ရှင်နေကြောင်း အတည်ပြုနိုင်တဲ့ အချက် အလက်၊ သူမနဲ့ ဆက်သွယ်နိုင်ခွင့်၊ နဲ့ သူမ လွတ်မြောက်ရေးပါ။အသက်ရှင်နေတယ်ဆိုရင် အတည်ပြုနိုင်တဲ့ ယုံကြည်ခိုင်မာရတဲ့ သက်သေ ပြပါ။” ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကင်မ်အဲရစ် (ခ) ထိန်လင်း က ထုတ်ဖော်ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားခြင်းဖြစ်ပြီး အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းက ဒေါ်အောင် ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။