Breaking
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ရွှေ့ပြောင်း


AAMIJ / ဧပြီ ၃၀
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း စစ်တပ်လက်အောက်ခံသတင်းမီဒီယာဖြစ်တဲ့ MRTV ကနေကြေငြာလိုက်ပါတယ်။
သတ်မှတ်ထားတဲ့နေအိမ်မှာကျန်ရှိတဲ့ပြစ်ဒဏ်တွေကိုကျခံရမည်ဟု စစ်တပ်လက်အောက်ခံသတင်းမီဒီယာဖြစ်တဲ့ MRTV ကနေကြေငြာသွားတာပါ။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က ဥတ္တရ သီရိ Oceanနားကအရင် NLDဝန်ကြီးတွေနေခဲ့တဲ့ နေရာမှာထားရှိကြောင်း နေပြည်တော်သတင်းအရင်းမြစ်ကပြောပါတယ်။
#aamij #WhatsHappeningInMyanmar #DawAungSanSuuKyi
လူထုခေါင်းဆောင်ကို လျစ်လျူရှု့ထားမည်မဟုတ်ဟု တရုတ်ပြောကြားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် အဖြစ်ပြောင်းလဲ
30 April 2026 By MPA
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ၏ “မိတ်ဆွေဟောင်း” တစ်ဦးဖြစ်ပြီး သူမ၏ အခြေအနေကို တရုတ်နိုင်ငံအနေဖြင့် အမြဲမပြတ် အလေးထားစောင့်ကြည့်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
၎င်းအပြင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ နေပြည်တော်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့် ပတ်သက်၍ အမြဲစိတ်ထဲရှိကြောင်းကိုလည်း AFP သတင်းဌာန၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ယင်းသို့ ပြောကြားပြီးနောက် ယနေ့ည (၈) နာရီ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) ၏ သတင်းထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်အား ကျန်ရှိနေသည့် ပြစ်ဒဏ်များကို နေအိမ်တွင် ကျခံစေရန် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရှိရသော်လည်း မည်သည့်နေအိမ်တွင် ထိန်းသိမ်းထားမည်ဆိုသည်ကိုမူ အတိအကျ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
ယနေ့ကျရောက်သည့် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် ထုတ်ပြန်သည့် လွတ်ငြိမ်းသက်သာခွင့်အမိန့်အရ ဒေါ်အောင်ဆန်းစုကြည်သည် မတရားအကျဉ်းချခံထားရသည့် လက်ကျန်ထောင်ဒဏ်များထဲမှ (၆) ပုံ (၁) ပုံဖြစ်သော (၃) နှစ်နှင့် (၉) လ ထပ်မံလျှော့ပေါ့ခွင့် ရရှိခဲ့သည်။
ထို့ကြောင့် ယခင်က လက်ကျန်ထောင်ဒဏ် (၂၂) နှစ်နှင့် (၆) လ ကျခံရန် ကျန်ရှိနေရာမှ ယခုအခါ (၁၈) နှစ်နှင့် (၉) လသာ ကျန်ရှိတော့မည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးခံခဲ့ရကာ အမှုပေါင်း (၁၉) မှုဖြင့် ထောင်ဒဏ် (၃၅) နှစ်အထိ ချမှတ်ခံခဲ့ရသူဖြစ်သည်။
ထောင်ဒဏ်များ လျော့ကျလာသော်လည်း စစ်အုပ်စုအနေဖြင့် ၎င်း၏ ကျန်းမာရေးအခြေအနေနှင့် မည်သည့်နေရာတွင် အကျဉ်းချထားသည်ကိုပင် ထုတ်ဖော်ကြေညာခြင်း မရှိသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြရန် လူထုက တောင်းဆိုလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
#ဒေါ်အောင်ဆန်းစုကြည် #နေအိမ်အကျဉ်ချုပ် #MPA