မင်းအောင်လှိုင်နှင့်သားအောင်ပြည့်စုံတို့ ပြန်လည် ဦးစီးလုပ်ကိုင်နေသော ရတနာပုံမြို့သစ်စီမံကိန်းတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံလိုသူ မရှိသလောက် နည်းပါး

မင်းအောင်လှိုင်နှင့်သားအောင်ပြည့်စုံတို့ ပြန်လည် ဦးစီးလုပ်ကိုင်နေသော ရတနာပုံမြို့သစ်စီမံကိန်းတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံလိုသူ မရှိသလောက် နည်းပါး
ရန်ကုန်၊ ဧပြီ ၂၉
အကြမ်းဖက် မင်းအောင်လှိုင်နှင့်သားဖြစ်သူ အောင်ပြည့်စုံတို့ ဦးစီးလုပ်ကိုင်နေသော ရတနာပုံမြို့သစ်စီမံကိန်းတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံလိုသူ အလွန်နည်းပါးနေပြီး အထူးသဖြင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ရရှိရန် မျှော်မှန်းထားသော်လည်း လက် တွေ့ ဖြစ်လာရန် အခွင့်အလမ်း နည်းပါးနေကြောင်း ယင်းစီမံကိန်းနှင့်ချိတ်ဆက် အလုပ်လုပ်နေသော UMCCI မှ စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာအနီးတွင် စစ်အာဏာရှင်ဟောင်း သန်းရွှေ ခေတ်နှင့် NLD အစိုးရခေတ်တွင် အောင်မြင်မှုမရှိဘဲ ရပ်ဆိုင်းခဲ့သော ရတနာပုံမြို့သစ်စီမံကိန်းကို မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံကို စီမံကိန်းနှင့်လုပ်ငန်း တင်ဒါအများစု လုပ်ပိုင်ခွင့်ချထားပေးပြီး စီမံကိန်း ပြန်လည် စတင်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ လတ်တလော ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရန် Expression Of Interest (EOI) ထားသော်လည်း စိတ်ဝင်စားသူ အလွန်နည်းပါးနေကြောင်း၊ ရတနာပုံမြို့သစ်စီမံကိန်းတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ရရှိရန် မျှော်မှန်းထားသော်လည်း လက်တွေ့တွင် ဖြစ်မလာကြောင်း သိရှိရသည်။
” Expression Of Interest (EOI) ဖိတ်ထားတာကို ဘယ်သူကမှ စိတ်ဝင်တစား တင်တာမရှိဘူး။ တချို့တလေ ရှိပေမယ့် စီမံကိန်းကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လောက်တဲ့အထိ ရင်းနှီးမြှုပ်နှံချင်တဲ့သူမရှိဘူး။ တရုတ်ဘက်က ရင်းနှီးမြှုပ်နှံမှုမလားဆိုပြီး ဖိတ်ခေါ်တာလည်း စိတ်ဝင်စားသူအတော်ကို နည်းတယ်။ ပြည်တွင်းမှာလည်း စိတ်ဝင်စားသူ တော်တော်ကို နည်းပါးတယ်။ စီမံကိန်း မစခင်ကတည်းက EOI မှာတင် အခြေအနေ မကောင်းတာ” ဟု UMFCCI မှ စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။
လက်ရှိ ရတနာပုံမြို့သစ်စီမံကိန်းမှာ အကြမ်းထည် အဆင့်တွင်သာရှိသေးပြီး ရင်းနှီးမြှုပ်နှံသူများအပေါ် မူတည်၍ လူနေအိမ်ရာများ အကောင်အထည်ဖော်ဆောင်ရန် ၊ လမ်းဖောက်လုပ်ခြင်း၊ ရေရှိရေး၊ လျှပ်စစ်မီးရရှိရေးနှင့် အခြေခံအဆောက်အဦများ ဆောင်ရွက်ထားရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း၊ ယင်းစီမံကိန်းတွင် နည်းပညာစက်မှု ဇုန်များကိုပါ ထည့်သွင်းသွားရန် စီစဉ်ထားခြင်းဖြစ်​ကြောင်း သိရှိရသည်။
လက်ရှိ စစ်တပ်၏ အတင်းအကျပ် ဖိအားပေးမှုကြောင့် ရတနာပုံမြို့သစ်စီမံကိန်းတွင် စက်ရုံနှင့်လုပ်ငန်းများ လုပ်ဆောင်ကြမည့် ပြည်တွင်း ကုမ္ပဏီကြီးတချို့ရှိသော်လည်း ယင်းကုမ္ပဏီကြီးများပင်လျှင် စီမံကိန်းတွင် မည်သို့မည်ပုံ ရှေ့ဆက်ပါဝင်ရမည်ကို တုံ့ဆိုင်းနေကြကြောင်း သိရှိရသည်။
“ဝန်ကြီးဌာနတွေနဲ့ ပူးတွဲ အလုပ်လုပ်နေတဲ့ ပြည်တွင်းပြည်ပကုမ္ပဏီတွေရှိတယ်။ အဲဒါတွေကတော့ ဒီမြို့သစ်စီမံကိန်း ပါဝင်နေရတာရှိတယ်။ သူတို့လည်း မြေနေရာ ခြံခတ်၊ အဆောက်အအုံ ဆောက်ထားတာမျိုးတော့ လုပ်နေတာ ရှိပေမယ့် အပြည့်အ၀ အလုပ်မလုပ်နိုင်ဘူး။ ရှေ့ဆက်တိုးရင်လည်း စီမံကိန်းက ကိုယ်တစ်ဦးတည်း ထီးထီးကြီး ရှုံးသွားနိုင်တယ်။ ဥပမာ- Myanmar Info Tech , Asia Mega Link , Elite နဲ့ Fortune ကုမ္ပဏီတို့လို ဝန်ကြီးဌာနတွေ အလုပ်လုပ်နေရတဲ့ ကုမ္ပဏီတွေကတော့ စီမံကိန်းမှာပါဝင်နေရတာရှိတယ်။ သူတို့လည်း ခြံခတ် အဆောက်အအုံဆောက်၊ ရေမီးသွယ်လမ်းခင်း ဒါတွေပဲ လုပ်ကြတာ။ ဘာမှ မလည်ပတ်နိုင်ဘူး။ တကယ်ကြီး မြို့သစ်စီမံကိန်းက ဖြစ်လာဖို့က ခက်တော့ ထည့်သမျှ ရှုံးနေတာ” ဟု အဆိုပါ သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။
ရတနာပုံမြို့သစ်စီမံကိန်းကို သန်းရွှေခေတ်တွင် ရတနာပုံဆိုက်ဘာစီးတီးအဖြစ် စတင်ခဲ့သော်လည်း မအောင်မြင်ဘဲ ရပ်နားခဲ့ကြောင်း၊ ယင်းနောက် NLD အစိုးရလက်ထက်တွင် New Mandalay Resort City စီမံကိန်းအဖြစ် ပြောင်းလဲလုပ်ဆောင်ခဲ့ကြောင်း၊ သို့ရာတွင် မအောင်မြင်ဘဲ ဆက်လက်ရပ်ဆိုင်းခဲ့ပြီး အကြမ်းဖက် မင်းအောင်လှိုင်က ယင်းစီမံကိန်းကို သန်းရွှေခေတ်အချိန် စီမံကိန်းဒီဇိုင်းဖြင့် ပြန်လည် စတင်ခြင်းဖြစ်သည်။
မင်းအောင်လှိုင်က စီမံကိန်းကို ပြန်လည်စတင်ချိန် သားဖြစ်သူ အောင်ပြည့်စုံက မြို့သစ်စီမံကိန်းတစ်ခုလုံး၏ ရေ၊မီး၊ လမ်းနှင့် အခြေခံ အဆောက်အအုံများကို တည်ဆောက်ခွင့်နှင့် လုပ်ပိုင်ခွင့်များရရှိထားပြီး မြေကွက်အများအပြားလည်း ရယူထားကြောင်း ယင်းစီမံကိန်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။