ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ

ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
ဧရာဝတီ၊ ဧပြီ ၂၇၊ ၂၀၂၆
ပြည်ပတွင် အလုပ်လုပ်ကိုင်နေပြီး မြန်မာနိုင်ငံသို့ ခွင့်ပြန်လာသည့် အလုပ်သမားများအနက် ဧပြီ ၂၇ ရက်အထိ လူပေါင်း ၂၀၀ ခန့်မှာ ပြည်ပပြန်လည်ထွက်ခွာခွင့် မကျဘဲ ပိတ်မိနေပြီး လေဆိပ်၌ VIP လမ်းကြောင်းဟုဆိုကာ သိန်းဆယ်ချီပေး ၍ ထွက်ခွာနေရကြောင်း သိရသည်။
မတ်လနောက်ဆုံးပတ်မှစတင်ကာ အလုပ်သမားသက်သေခံကတ် (OWIC)ပါ အလုပ်ရှင်နှင့် လက်ရှိလုပ်ကိုင်နေသည့် အလုပ်ရှင် မတူညီခြင်း အပါအဝင် အကြောင်းပြချက်အမျိုးမျိုးဖြင့် ထွက်ခွာခွင့် ပယ်ချခံရသော ခွင့်ပြန်လုပ်သား ၁၀၀ ကျော် ရှိခဲ့ရာမှ လက်ရှိ ထွက်ခွာခွင့်မကျသူ ၂၀၀ ခန့်အထိ ရှိလာပြီဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။
ဤသို့ တရားဝင်ထွက်ခွာခွင့်များကို ပိတ်ပင်ထားသော်လည်း လေဆိပ်ဝန်ထမ်းများနှင့်ပေါင်းပြီး ငွေကျပ် သိန်း ၃၀ မှ ၆၀ အထိ ပေးဆောင်ပါက VIP လမ်းကြောင်းဖြင့် ထွက်ခွာနိုင်သည်ဟု အလုပ်သမားများက ဆိုသည်။
ဩစတြေးလျသို့ ပြန်မည့်သူတဦးက “ဒီလိုလုပ်စားလို့ရအောင် ရုံးက တမင်မချပေးတာလားလို့တောင် သံသယဝင်မိ တယ်။ လေဆိပ်မှာ VIP Pass ဆိုတာကြီးနဲ့ တယောက်ကို သိန်း ၄၀၊ ၅၀ ယူပြီး ပေါ်တင်လာဘ်စား လွှတ်ပေးနေတာ။ တရက်ကို အယောက် ၄၀ ပဲ VIP နဲ့ လွှတ်ရင်တောင် သိန်း ၁,၂၀၀ ရနေတာ။ သူတို့မှ မချမ်းသာရင် ဘယ်သူတွေချမ်းသာ ဦးမလဲ” ဟု ပြောသည်။
တနှစ်မှတခေါက် ပြန်နားခွင့်ရသည့် ဂျာမနီမှ ခွင့်ပြန်လာသူတဦးကလည်း ပြန်ထွက်ရန် ခွင့်ပြုချက်မကျ၍ ခွင့်ရက် ၁ လ ကျော်နေပြီဖြစ်သဖြင့် အလုပ်ပြုတ်မည်စိုးကာ ၃၅ သိန်းပေးရမည့် VIP လမ်းကြောင်းကို ရွေးချယ်ရမလိုဖြစ်နေသည်ဟု ဆိုသည်။
အလားတူ ဂျပန်သို့ ပြန်မည့်သူတဦးကလည်း အသနားခံစာနှင့် လိုအပ်သည့် စာရွက်စာတမ်းအစုံ ထပ်မံတင်ပြသော် လည်း ထွက်ခွာခွင့်မကျဘဲ အချိန်ကုန်လူပင်ပန်းသာ ဖြစ်ခဲ့ရကြောင်း ပြောပြသည်။
အာဏာရှင်အစိုးရအဖွဲ့၏ အလုပ်သမားဝန်ကြီးဌာနသည် ၂၀၂၆ ဇန်နဝါရီလမှစ၍ OWIC ကတ်ကိုင် အလုပ်သမားများ ထွက်ခွာခွင့်ကို ဝန်ကြီးဌာနသို့ လျှောက်ထားစေပြီး ခွင့်ပြုသည့်နေ့တွင်သာ ထွက်ခွာရမည်ဟု ကန့်သတ်ထားသလို ဧပြီ ၁ ရက်မှစတင်ကာ အရှေ့အလယ်ပိုင်းနိုင်ငံများသို့ သွားရောက်မည့် ကျွမ်းကျင်လုပ်သားများနှင့် ခွင့်ပြန်များကိုလည်း လုံခြုံရေးအကြောင်းပြ၍ ယာယီပိတ်ပင်ထားကြောင်း သိရသည်။
ရန်ကုန်လေဆိပ်တွင်လည်း “ပြေး ၄ ပြေး” (စစ်ပြေး၊ ရဲပြေး၊ တပ်ပြေး၊ ထောင်ပြေး) စိစစ်ရန် လေကြောင်းရဲတပ်ဖွဲ့က တင်းကျပ်ထားသော်လည်း VIP လမ်းကြောင်းဟုဆိုကာ ငွေညှစ်လုပ်စားနေသည့် အဂတိလိုက်စားမှုများမှာ ပိုမိုဆိုးရွား လာနေကြောင်း ပြည်ပပြန်ထွက်မည့်သူများက လူမှုကွန်ရက်၌ ထုတ်ဖော်ပြောဆိုလျက်ရှိသည်။