ကဘောတူစစ်တပ်စခန်း တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်

ကဘောတူစစ်တပ်စခန်း တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်
ဧပြီ-၂၇၊ ၂၀၂၆။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅) ဖာပွန်(မူတြော်)ခရိုင်အတွင်းရှိ ကဘောတူစစ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက အတည်ပြုပါတယ်။
ကဘောတူစခန်းဟာ KNUတပ်မဟာ(၃)နဲ့ တပ်မဟာ(၅) နယ်စပ်မျာ တည်ရှိတာဖြစ်ပြီး ဧပြီ ၂၅ရက် နေ့လည်မှာ သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရတာ၊လက်နက်ခဲယမ်း ရတာစတဲ့ အသေးစိတ် အခြေအနေတွေတော့ မသိရဘူးလို့ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။
” အဲဒီစခန်းက တော်တော်လေးကိုကြီးတယ်။တပ်မဟာ(၃)နဲ့ တပ်မဟာ(၅) ခြားထားတဲ့ စခန်းကြီးတခုပဲ။ တည်ရှိတာက မူတြော်ခရိုင်ရဲ့ လူသောမြို့နယ်ထဲမှာပေါ့။ တပ်မဟာ(၃) ကျောက်ကြီးမြို့နယ်နဲ့လူသောမြို့နယ်အစပ်မှာရှိတာ” လို့ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။
စခန်းသိမ်းခံရပြီးနောက် စစ်တပ်က မြေပြင်မှ တုံ့ပြန်တာမရှိပေမယ့် လေကြောင်းကနေ နေ့စဉ် တိုက်ခိုက်တာတွေ လုပ်ဆောင်လျက်ရှိတယ်လို့လည်း အသိပေးပါတယ်။
KNU တပ်မဟာ(၅)နယ်မြေမှာ အာဏာမသိမ်းမီက စစ်ကောင်စီတပ်စခန်း ၇၈ခုရှိရာ အာဏာသိမ်းပြီး ၅နှစ်အတွင်း စစ်ကောင်စီတပ်စခန်း ၆၈ ခုသိမ်းပိုက်ခဲ့ပြီးဖြစ်ရာ ဖာပွန်ဗျူဟာ အပါအဝင် တပ်စခန်း ၁၀ခုသာ ကျန်တော့တာ ဖြစ်ပါတယ်။
စစ်တပ်ကလည်း တပ်မဟာ(၅)နယ်မြေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် ပြုလုပ်လျက်ရှိပြီး အထူးသဖြင့် အရပ်သား ပြည်သူနေထိုင်ရာတွေကို ပစ်မှတ်ထား ဗုံးကြဲနေလို့ ပြည်သူသေဆုံးထိခိုက်မှုတွေလည်း မကြာခဏ ရှိနေပါတယ်။
(ကဘောတူစစ်တပ်စခန်းသိမ်းတိုက်ပွဲက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။
ရုပ်သံ-Thunder Kawthoolei)