အမေရိကန် အလိုရှိနေတဲ့ အင်ဒိုနီးရှား ကျားဖြန့် ဒုစရိုက်သမားကို ထိုင်းဖမ်းဆီး

အမေရိကန် အလိုရှိနေတဲ့ အင်ဒိုနီးရှား ကျားဖြန့် ဒုစရိုက်သမားကို ထိုင်းဖမ်းဆီး
အမေရိကန်က အလိုရှိနေတဲ့ အွန်လိုင်း ငွေကြေး လိမ်လည်မှု (ကျားဖြန့်) ဒုစရိုက်သမား တစ်ဦး အင်ဒိုနီးရှား နိုင်ငံသား တစ်ဦးကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ် အမျိုးသားဟာ ထိုင်းနိုင်ငံ၊ အပန်းဖြေ ကမ်းခြေမြို့ဖြစ်တဲ့ ဖူးခက်မှာရှိတဲ့ တန်ဖိုးကြီး ဇိမ်ခံဟိုတယ် တစ်ခုမှာ ဧပြီ ၂၄ ရက်နေ့က ရဲတွေရဲ့ စီးနင်းဖမ်းဆီးမှုကို ခံခဲ့ရတာပါ။ သံသယ တရားခံရဲ့ နာမည်ကိုတော့ ထိုင်းရဲတွေက မထုတ်ပြန်ပေမယ့် သူ့ကို အမေရိကန် အာဏာပိုင်တွေဆီ လွှဲပြောင်းပေးသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။
အဲဒီ ကျားဖြန့် သံသယ တရားခံဟာ အမေရိကန် နိုင်ငံသားတွေဆီက ဒေါ်လာ ၁၀ သန်းဖိုးလောက် ငွေကြေးတွေကို လိမ်လည်ရယူခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ သူရှိနေမယ့် တည်နေရာကို အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရို (FBI)က ထောက်လှမ်း အသိပေးခဲ့တဲ့နောက် ထိုင်းရဲတပ်ဖွဲ့က ရှာဖွေ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဆူရီယာ ပွန်ဆူဘတ်က အင်ဒိုနီးရှား နိုင်ငံသားကို ဖူးခက်ကနေ မြို့တော် ဘန်ကောက်က အချုပ်ခန်း တစ်ခုဆီ ပြောင်းရွှေ့ ခေါ်ယူ ထိန်းသိမ်းထားကြောင်း ဧပြီ ၂၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
သံသယ ရှိသူဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံ၊ ဒူဘိုင်းမြို့ကနေ ထွက်ခွာပြီး အရှေ့တောင်အာရှ ဒေသဆီ ရောက်ရှိသွားကြောင်း FBIက ခြေရာခံမိခဲ့တဲ့နောက် ထိုင်းရဲတွေဆီ အကြောင်းကြားခဲ့တာပါ။ အဲဒီ အမျိုးသားကို ဒေါ်လာ ၁၀ သန်းဖိုးလောက် ကျားဖြန့် အမှုတွေအတွက် FBIက အလိုရှိနေပြီး အမေရိကန်ဆီ လွှဲပြောင်းပို့ဆောင်ဖို့ စီစဉ်နေကြောင်း ဆူရီယာက ပြောပါတယ်။ FBIကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ထိုင်းလူဝင်မှု ကြီးကြပ်ရေး ရဲဌာန အရာရှိ တစ်ဦးကတော့ သံသယရှိသူဟာ မော်ဒယ်တွေကို ငှားရမ်းခဲ့ပြီး သားကောင်တွေနဲ့ ဗီဒီယို ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်စေပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အတုအယောင်တွေမှာ ငွေကြေး ထည့်ဝင်အောင် ဆွဲဆောင်စေခဲ့ကြောင်း ဆိုပါတယ်။ အဲဒီလို ပစ်မှတ်တွေကို ရှာဖွေရာမှာ သူ့ရဲ့ ကျားဖြန့်လုပ်ငန်းဟာ လူမှုကွန်ရက် မီဒီယာတွေ၊ dating ဝက်ဘ်ဆိုက်တွေကို အဓိက အသုံးချခဲ့ပါတယ်။ အဲဒီ အမျိုးသားဟာ ပုံမှန်ဆိုရင်တော့ ဒုစရိုက် လုပ်ငန်းတွေကို ဒူဘိုင်းမှာ နေထိုင်ရင်း အဝေးကနေပဲ ကွပ်ကဲနေခဲ့ကြောင်း သိရပါတယ်။
အရှေ့တောင်အာရှ ကျားဖြန့်ဂိုဏ်းတွေဟာ အမေရိကန် နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး နှစ်စဉ် ဒေါ်လာ ဘီလီယံနဲ့ချီ လိမ်လည်မှုတွေ ကျူးလွန်နေတဲ့နောက် FBIက အဲဒီ လုပ်ငန်းတွေကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ ဘန်ကောက်မှာပါ ရုံးခွဲ ဖွင့်လှစ်ထားပြီး ဖိဖိစီးစီး တုံ့ပြန် ကိုင်တွယ်မယ်လို့ ကြေညာထားပါတယ်။
ကိုးကား: AFP
ဓာတ်ပုံ – AFP/File
#ထိုင်း
#အင်ဒိုနီးရှား
#ကျားဖြန့်