လူထုစက်ဆုပ်သည့် အတုအယောင်အစိုးရကို အသက်ဆက်ပေးရန် ကြိုးပမ်းသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အပေါ် ဝေဖန်မှုများမြင့်တက်

လူထုစက်ဆုပ်သည့် အတုအယောင်အစိုးရကို အသက်ဆက်ပေးရန် ကြိုးပမ်းသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အပေါ် ဝေဖန်မှုများမြင့်တက်
25 Apr 2026 By Foe Aww Yaw / MPA
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် နေပြည် တော်သို့ လာရောက်ပြီး အတုအယောင် ရွေးကောက်ပွဲအပြီး သမ္မတရာထူးကို အတုအယောင်ရယူထားသည့် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် မင်းအောင်လှိုင်က ၎င်းအား အတုအယောင်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး နာရီပိုင်းအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပထမဦးဆုံး ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ခြင်းမှာ နှစ်နိုင်ငံဆက်ဆံရေးအတွက် များစွာအရေးပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း မင်းအောင်လှိုင်၏ အတုအယောင်အစိုးရအဖွဲ့ တာဝန်ယူချိန်အတွင်း အေးအတူပူအမျှ အသိုက်အဝန်းကို အကောင်အထည်ဖော်ရန်နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများကို အရှိန်မြှင့်တင်ရန် စွဲစွဲမြဲမြဲ ထောက်ခံသွားမည်ဟု ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံအပေါ် ဆက်လက်ရပ်တည် ထောက်ခံပေးသွားမည့်အပြင်၊ မန္တလေးငလျင် ပြန်လည်ထူထောင်ရေးနှင့် နယ်စပ်ဒေသ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် ကူညီသွားမည်ဟုလည်း ကတိကဝတ်ပြုခဲ့သည်။
သို့သော် ဤခရီးစဉ်နှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာသူ တစ်ဦးက “တရုတ်က မြန်မာပြည်သူတွေ ဝိုင်းပယ်ထားတဲ့ အတုအယောင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေးလိုက်တာပဲ။ ဒါဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ထက် စစ်အုပ်စုကို သက်ဆိုးရှည်အောင် လုပ်ပေးလိုက်တာ” ဟု သုံးသပ်သည်။
တက်ကြွလှုပ်ရှားသူများကလည်း တရုတ်၏ လုပ်ရပ်မှာ လူထုဆန္ဒကို ပြောင်ပြောင်တင်းတင်း စော်ကားခြင်းဖြစ်သည်ဟု ဝေဖန်ကြသည်။
“ပြည်သူတွေက လက်မခံတဲ့ အတုအယောင်အစိုးရကို တရုတ်က အိမ်နီးချင်းကောင်း အယောင်ပြပြီး အကာအကွယ်ပေးနေတာဟာ ရှက်ဖို့ကောင်းပါတယ်” ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။
တွေ့ဆုံပွဲတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) တိုက်ဖျက်ရေးကို ဆွေးနွေးခဲ့သော်လည်း၊ မြေပြင်တွင်မူ သိန္နီနှင့် နယ်စပ်တစ်ကြောတွင် တရုတ်လုပ်ငန်းရှင်များက မြေယာနှင့် လယ်ယာမြေများကို ဖိအားပေးဝယ်ယူနေမှုများက ဒေသခံများအတွက် ကြီးမားသည့် စိုးရိမ်မှု ဖြစ်နေသည်။
“တရုတ်က မင်းအောင်လှိုင်ဆီကနေ စီးပွားရေးဆိုင်ရာ အာမခံချက်တွေ လာတောင်းတာပါ။ အတုအယောင်အစိုးရဘက်ကလည်း နိုင်ငံတကာမှာ အထီးကျန်နေတော့ တရုတ်ကို မြေယာရော၊ သယံဇာတပါ အကုန်ပုံပေးမယ့်သဘော ရှိတယ်” ဟု နယ်စပ်စီးပွားရေးလေ့လာသူ တစ်ဦးက ထောက်ပြသည်။
ဆွေးနွေးပွဲအတွင်း နယ်စပ်တည်ငြိမ်ရေးကို အလေးထားပြောဆိုခဲ့သော်လည်း၊ မြေပြင်တွင်မူ တရုတ်၏ ဩဇာလွှမ်းမိုးမှုအောက်၌ ဒေသခံများမှာ မိမိတို့၏ မူလစီးပွားရေးလုပ်ငန်းများ ထိခိုက်လာမည်ကို စိုးရိမ်နေကြရဆဲ ဖြစ်သည်။
နိုင်ငံတကာ ဆက်ဆံရေး ကျွမ်းကျင်သူ တစ်ဦးကမူ “ဝမ်ယိရဲ့ ခရီးစဉ်က အတုအယောင် ရွေးကောက်ပွဲပြီးလို့ တက်လာတဲ့ အစိုးရကို တရားဝင်မှု (Legitimacy) ပေးဖို့ ကြိုးစားတာပါ။ ဒါပေမဲ့ လူထုက လက်မခံသရွေ့ ဒီသဘောတူညီချက်တွေက တည်ငြိမ်မှု ရှိမှာမဟုတ်ဘူး” ဟု ဆိုသည်။
ယခု ဝမ်ယိ၏ နေပြည်တော်ခရီးစဉ်သည် အတုအယောင် ရွေးကောက်ပွဲအပြီး မင်းအောင်လှိုင်အား အသိ အမှတ်ပြုရန် တရုတ်နိုင်ငံက အရှိန်အဟုန်ဖြင့် ခြေလှမ်းပြင်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက အခိုင်အမာ သုံးသပ်လျက်ရှိသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-မင်းအောင်လှိုင်နှင့် ဝမ်ယိတွေ့ဆုံခဲ့မှု
စာတည်း-ကိုဆန်း
#တရုတ်နိုင်ငံခြားရေးဝန်ကြီး #MPA #News