ရန်ကုန် လေဆိပ်မှာ VIP Pass ဈေးကွက်ပေါ်တင်ဖွင့်လှစ်ထားပြီး သိန်းရာဂဏန်း ဈေးပေါက်
Connect Burma ၊ ဧပြီ ၂၅
ရန်ကုန် လေဆိပ်မှာ VIP Pass နဲ့ VIP Service ဈေးကွက်တွေ ပေါ်တင်ဖွင့်လှစ်ထားပြီး ဝန်ဆောင်ခဈေးနှုန်းတွေဟာလည်း သိန်းဆယ်ဂဏန်းမှ ရာဂဏန်းနီးပါးအထိ မြင့်တက်လာတယ်လို့ ခရီးသည်တွေ နဲ့ လေကြောင်း လုပ်ငန်း နဲ့ ဆက်စပ်သူတွေ ဆီကသိရပါတယ်။
VIP Pass နဲ့ VIP ဝန်ဆောင်မှုတွေကတော့ လေဆိပ်အတွင်း လျင်မြန်စွာ ဝင်ထွက်နိုင်ရေး၊ စစ်ဆေးမှုများ လျော့နည်းစေရေး၊ အထူးလမ်းကြောင်းအသုံးပြုခွင့်တွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။
အချို့ကိစ္စရပ်တွေမှာလည်း ပြည်ပထွက်ခွင့် ရဖို့ စစ်အုပ်စု ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေကို ကျော်လွန်လုပ်ဆောင်ပေးတာတွေလည်းရှိတယ်လို့ သိရပါတယ်။
ပြည်ပ အလုပ်သမားတွေကိုလည်းပြည်ပထွက်ခွင့် VIP Pass နဲ့ VIP ဝန်ဆောင်မှုတွေ ရရယူအောင် ပြောဆိုနေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
“OWIC ကတ်ရှိပီးသားထွက်ခွာခွင့်တင်တဲ့သူတွေမချပေးပဲ VIP ပဲလုပ်ရအောင်တမင်ပဲလုပ်နေတာလား အလည်ပြန်တဲ့သူတွေပါ အကုန်ဒုက္ခရောက်နေရပြီ။ အခုဆို VIP Service တွေကို လူမှုကွန်ယက်ပေါ်မှာတောင် တိုက်ရိုက်ကြော်ငြာနေကြတာ။ ဈေးကလည်း အရမ်းမြင့်နေပြီး၊ ခွင့်နှစ်လကျော် ပြန်ခွင့်ချမပေးလို့လေ ၃၆ သိန်းပေးခဲ့ရတယ်။ VIP pass ကြတော့သူတို့တွေကမစစ်ဘူး။ ရိုးရိုးသားသား ထွက်တာကြ စစ်လိုက်ကြတာ” လို့ စစ်ကာပူနိုင်ငံသို့ ခွင့်ပြန်ခရီးသည်အမျိုးသားတစ်ဦးက Connect Burma ကိုပြောပါတယ်။
VIP Pass နဲ့ VIP ဝန်ဆောင်မှု လုပ်ငန်းတွေ စစ်အုပ်စု တာဝန်ရှိသူတွေကလည်း ထိရောက်တဲ့ ထိန်းချုပ်မှု မရှိသေးဘူးလို့ သူကပြောပါတယ်။
“အရင်ကတော့ သိန်း ၂၀ ကျော်လောက်နဲ့ ရနိုင်တဲ့ VIP service တွေ အခုဆို အနည်းဆုံး သိန်း ၃၀၊ ၄၀၊ ၅၀ ကျော်အထိ တက်သွားတာ။ လေဆိပ်ဝန်ဆောင်မှုဆိုတာ လူတိုင်းတန်းတူသုံးစွဲနိုင်သင့်တာ၊ အခုလို ဈေးမြင့်ပြီး အဆင့်ခွဲခြားမှုတွေ ပိုများလာတာက မမျှတတော့တဲ့ အခြေအနေဖြစ်နေပြီ” လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံကိုပြည်ပကနေ ပြန်လာတဲ့ ခွင့်ပြန်အလုပ်သမားတွေဟာအခုဆို စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနရဲ့ စိစစ်တင်းကျပ်မှု အမျိုးမျိုးနဲ့ ပြည်ပထွက်ခွာခွင့် မချပေးတာကြောင့် အလုပ်သမားတွေဟာ အလုပ်ပြုတ်တဲ့အထိ အခက်အခဲမျိုးစုံ ကြုံနေရတာဖြစ်ပါတယ်။
#ConnectBurma