■ သမ္မတ ဦးဝင်းမြင့် လွတ်လာခြင်းအပေါ် ကြိုဆိုပြီး မြန်မာငြိမ်းချမ်းရေး ဆက်လက် ကူညီမည်ဟု အမေရိကန်ပြော
Western News| ဧပြီ ၂၂

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ မတရားဖမ်းဆီးထားသော နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် လွတ်လာခြင်းအပေါ် ကြိုဆိုကြောင်း ရန်ကုန်အမေရိကန် သံရုံးယက ယနေ့ ဧပြီလ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။
“မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ဦးဝင်းမြင့်နဲ့ မရှင်ဒေဝီတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည် လွတ်မြောက်လာတဲ့ သတင်းတွေကို မိမိတို့က ကြိုဆိုပါတယ်” ဟု အမေရိကန် ရန်ကုန်သံရုံးက ထုတ်ပြန်ထားခြင်းဖြစ်သည်။
အကြမ်းဖက် စစ်ကောင်စီ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကို ဆက်လက် ကူညီသွားမည်ဟု အမေရိကန် ရန်ကုန်သံရုံးက ဆက်လက် ပြောကြားထားသည်။
“အမေရိကန် ပြည်ထောင်စုဟာ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက် တိုက်တွန်းသွားမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဖြစ်စဉ်ကိုလည်း ဆက်လက် ပံ့ပိုးကူညီသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ်တွင် မတရားအာဏာသိမ်းပြီး သမ္မတ ဦးဝင်းမြင့် အပါအဝင် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီးခဲ့ပြီး လွှတ်တော်အမတ်များနှင့် နိုင်ငံရေးသမားများ၊ ပြည်သူများအား ဖမ်းဆီးထောင်ချခဲ့သည်။
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်မှာ ပြန်လွတ်မြောက်လာသော်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ မလွတ်မြောက်သေးဘဲ မည်သည့်နေရာတွင်ပင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရပေ။
မြန်မာစစ်တပ်က မတရား အာဏာသိမ်း ယူခဲ့သည့်အပြင် နိုင်ငံရေးတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်မှုကြောင့် ပြည်တွင်းစစ်ပဋိပက္ခမှာ ပိုမိုကျယ်ပြန့်လာနေပြီး လက်နက်ကိုင်တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိနေသည်။
အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့်လည်း အပြစ်မဲ့အရပ်သားပြည်သူများမှာ နေ့စဉ်နှင့်အမျှ သေဆုံးလျက်ရှိနေပြီး စစ်ဘေးဒုက္ခသည်များမှာလည်း တိုးပွားလာနေသည်။
#WesternNews #WN #အကြမ်းဖက် #စစ်ကောင်စီ #မတရားအာဏာသိမ်းယူခြင်း #အမေရိကန်ကူညီမည် #ငြိမ်းချမ်းရေး #တည်ငြိမ်ရေး #နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး