ကရင်နီပြည်၊ ဗိုးဗြဲနယ်တွင် တော်လှန်ရေးခရီး အောင်မြင်စွာ ချီတက်နိုင်ရန်အတွက် အမှတ် ၁ အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်) တော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်းဟု တရားဝင် ကြေညာ

ကရင်နီပြည်၊ ဗိုးဗြဲနယ်တွင် တော်လှန်ရေးခရီး အောင်မြင်စွာ ချီတက်နိုင်ရန်အတွက် အမှတ် ၁ အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်) တော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်းဟု တရားဝင် ကြေညာ
ရန်ကုန်၊ ဧပြီ ၂၁

ကရင်နီပြည်၊ ဗိုးဗြဲနယ်အတွင်း နွေဦးတော်လှန်ရေးနှင့် စစ်အာဏာရှင်တော်လှန်ရေးခရီးစဉ်ကို အရှိန် အဟုန်မြှင့် အောင်မြင်စွာ ချီတက်နိုင်ရန်အတွက် “အမှတ် (၁) အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်) တော် လှန်ရေးတပ်ပေါင်းစု” ကို ဖွဲ့စည်းတည်ထောင်လိုက်ပြီဖြစ်ကြောင်း အဆိုပါတပ်ပေါင်းစုက ယမန်နေ့က တရားဝင် ထုတ်ပြန်ကြေညာသည်။
မိုးဗြဲနယ် ပြည်သူလူထု၏ တောင်းဆိုချက်များနှင့် တော်လှန်ရေးအင်အားစုများ၏ သဘောထားကို အခြေခံကာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈/၂၉ ရက်နေ့တွင် တပ်ညီလာခံကျင်းပကာ တပ်တစ်တပ်တည်း ပေါင်းစည်းနိုင်ရေးကို အတည်ပြုခဲ့ကြောင်း၊ ယင်းညီလာခံတွင် စစ်အုပ်ချုပ်ရေးဝိနည်း၊ CoC တစ်ခုတည်းအောက်တွင် မဟာဗျူဟာကျကျ စစ်ရေးစီမံမှုနှင့် ပြည်သူ့အကျိုးစီးပွားကို လိုလားသော ပြည်သူ့ကာကွယ်ရေးတပ်ဖြစ်စေရန် မူဝါဒများကို ချမှတ်ခဲ့ကြကြောင်း သိရှိရသည်။
တပ်ပေါင်းစုအနေဖြင့် ပုဂ္ဂိုလ်စွဲ၊ တပ်ဖွဲ့စွဲများမထားဘဲ တူညီသော စစ်ရေးနိုင်ငံရေးခံယူချက်၊ တပ်အလံနှင့် ဘက်တံဆိပ်များကို ဝတ်ဆင်ကာ “အမှတ် (၁) အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်)” အမည်ဖြင့် ချီတက်သွားမည်ဖြစ်သည်ဟု သိရှိရသည်။
တပ်ပေါင်းစုအနေဖြင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ကာကွယ်ရေးဝန်ကြီးဌာန (DoD)၊ ကရင်နီပူးတွဲစစ်ဦးစီးကော်မတီနှင့် KNDF တို့၏ နိုင်ငံရေး၊ စစ်ရေးနှင့် အုပ်ချုပ်ထောက်ပံ့မှုစနစ်အောက်တွင် တည်ရှိသောတပ်ဖြစ်ကြောင်း၊ ဒေသအဆင့် စုစည်းမှုမှတစ်ဆင့် ကရင်နီတစ်ပြည်နယ်လုံးရှိ တော်လှန်ရေးလက်နက်ကိုင်များ စုစည်းရမည့် ညီညွတ်သော ကရင်နီပြည်တပ်မတော်လမ်းကြောင်းကို ဦးတည်သွားမည်ဖြစ်ကြောင်း၊ တော်လှန်ရေးညီညွတ်မှုကို ပျက်ပြားစေမည့် လှုံ့ဆော်မှုများ၊ ရန်သူ့အတွက် အင်အားဖြစ်စေမည့် အစီအမံများနှင့် အစွန်းရောက် အမျိုးသားရေးလမ်းစဉ်ကျင့်သုံးမှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်တော်လှန်သွားမည် ဖြစ်ကြောင်း ကတိပြုထားသည်။
မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် အခြေခံကျသည့် အရင်းခံပြဿနာများဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာ၊ လူမျိုးကြီးဝါဒကျင့်သုံးမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ ကိစ္စရပ်များကြောင့် နှစ်ပေါင်းရှည်ကြာ ပြည်တွင်းစစ် တောက်လောင်ခဲ့ရကြောင်း ၊၂၀၂၁ ခုနှစ် အာဏာသိမ်းမှုသည် စစ်အာဏာရှင်များ၏ စနစ်တကျစီမံထားမှုတစ်ခုဖြစ်ပြီး၊ သမိုင်းအစဉ်အဆက် ကျူးလွန်ခဲ့သည့် အာဏာသိမ်းမှုလုပ်စဉ်များကို ဆင့်ကဲကျူးလွန်ကာ လက်ဝါးကြီးအုပ်ရန် ကြိုးပမ်းသည့် ဖက်ဆစ်အာဏာရှင်များ၏ ခရီး စဉ်တစ်ခုဖြစ်ကြောင်း အဆိုပါတပ်ပေါင်းစု၏ ကြေညာချက်အရ သိရှိရသည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မဲမသမာမှုအကြောင်းပြကာ အာဏာသိမ်းခဲ့သည့် စစ်မိစ္ဆာခေါင်းဆောင်များကြောင့် အကြမ်းမဖက်လူထုအုံကြွမှုမှတစ်ဆင့် နွေဦးတော်လှန်ရေး လက်နက်ကိုင်လမ်းစဉ်သို့ ရောက်ရှိလာခဲ့ရသည်။
ကရင်နီပြည်နယ်အတွင်း မတရားမှုကို တွန်းလှန်ရန် မိုးဗြဲမြို့ရဲစခန်းသိမ်းတိုက်ပွဲမှစတင်ကာ ကယန်းလူထုနှင့် ကရင်နီပြည်သူတစ်ရပ်လုံးက တော်လှန်ရေးကို အစပြုခဲ့ကြသည်။ ယခုအခါ အာဏာရှင်စနစ်အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ရည်မှန်းချက်ဖြင့် တော်လှန်ရေးသည် ၅ နှစ်တာကာလသို့ ရောက်ရှိလာပြီဖြစ်သည်။
ကရင်နီပြည်အတွင်း စစ်ရေးဖော်ဆောင်မှုကာလအတွင်း (၁.၁.၁) စစ်ဆင်ရေးသည် စုပေါင်းဦးဆောင်မှုနှင့် ညီညွတ်မှုကြောင့် ရန်သူကို ခြိမ်းခြောက်နိုင်ခဲ့ပြီး နယ်မြေစိုးမိုးမှုများ ရရှိခဲ့သည်။ သို့သော် နောက် ပိုင်းတွင် ရန်သူစစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေနှင့် နိုင်ငံရေးအပေးအယူများကြောင့် တော်လှန်ရေးနယ်မြေအချို့ ပြန်လည်ပေးအပ်ခဲ့ရသည့် အခြေအနေများ ရှိခဲ့သည်။
ယင်းသည် ပြည်နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များအကြား တပ်ပေါင်းစုကို အလေးမထားခြင်း၊ ညီညွတ်မှုနှင့် စစ်ရေးကွက်ကဲမှု တစ်စုတစ်စည်းတည်း မဖော်ဆောင်နိုင်ခြင်းတို့ကြောင့်ဖြစ်သည်ဟု သုံးသပ်မိသဖြင့်၊ မိုးဗြဲနယ်အတွင်းရှိ တပ်ဖွဲ့များ စတင်ပေါင်းစည်းပြီး အားကောင်းသည့် တော်လှန်ရေးခရီးကို ဆက်လက်ချီတက်ရန် တပ်ပေါင်းစုဖွဲ့စည်းရန် လိုအပ်လာခြင်းဖြစ်ကြောင်း တပ်ပေါင်းစုက တရားဝင် ထုတ်ပြန် ကြေညာထားသည်။