တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော်သို့ ဧပြီလ ၂၅ ရက်နေ့ ရောက်ရှိမည်ဖြစ်ပြီး ဧပြီလ ၂၆ ရက်နေ့ ပြန်လည်ထွက်ခွာမည်၊ ဝမ်ယိ၏ ခရီးစဉ်ကို စစ်တပ်က VVIP ခရီးစဉ်အဖြစ် ကြိုဆိုရေးနှင့် ဧည့်ခံရေး လုံခြုံရေးအထူး တိုးမြှင့်
ရန်ကုန်၊ ဧပြီ ၂၂
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အကြမ်းဖက် မင်းအောင်လှိုင်ကို တွေ့ဆုံရန် နေပြည်တော်သို့ ဧပြီလ ၂၅ ရက်နေ့ ရောက်ရှိမည်ဖြစ်ပြီး ဧပြီလ ၂၆ ရက်နေ့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစက် ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ထုတ်ဖော်ပြောဆိုသည်။
ဧပြီလ ၂၅ ရက်နေ့ နေပြည်တော်သို့ တရုတ်အထူးလေယာဉ်ဖြင့် တိုက်ရိုက်လာရောက်ရန်ရှိသော တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ခရီးစဉ်တွင် မင်းအောင်လှိုင်၊ တင်မောင်ဆွေ အပါအ၀င် အသွင်ပြောင်း တရားမဝင် အုပ်ချုပ်ရေးအဖွဲ့ တို့ကို တွေ့ဆုံမည်ဖြစ်ကြောင်း၊ ဝမ်ယိ၏ ခရီးစဉ်သည် မင်းအောင်လှိုင်ကို သမ္မတတုအဖြစ် အသိအမှတ်ပြုသည့် ခရီးစဉ်လည်းဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက် မင်းအောင်လှိုင်က ဝမ်ယိ၏ ခရီးစဉ်ကို အထူးအရေးကြီးပုဂ္ဂိုလ်- VVIP ခရီးစဉ်အဖြစ် ကြိုဆိုရေးနှင့် ဧည့်ခံရေး လုံခြုံရေးအထူး တိုးမြှင့်ထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်၏ အဆိုအရ သိရှိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဧပြီလ ၂၂ ရက်နေ့မှ စတင်ကာ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သို့ ၅ ရက်ကြာခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော့ကျိခွန်း (Guo Jiakun) က ယမန်နေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။
နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် သက်ဆိုင်ရာ နိုင်ငံများ၏ ဖိတ်ကြားချက်အရ ဧပြီလ ၂၂ ရက်မှ ၂၆ ရက်အထိ ဖိတ်ကြားချက်အရ သွားရောက်မည်ဖြစ်ပြီး ကမ္ဘောဒီးယားခရီးစဉ်တွင် ဝမ်ယိနှင့်အတူ တရုတ်ကာကွယ်ရေးဝန်ကြီး တုန်းကျွင်း (Dong Jun) လည်း လိုက်ပါမည်ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် ကမ္ဘောဒီးယားနှင့် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် “နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများအဆင့် (2+2) မဟာဗျူဟာမြောက် ဆွေးနွေးပွဲ” သို့ တက်ရောက်မည်ဖြစ်သည်။
ထိုင်းနှင့် မြန်မာနိုင်ငံတို့တွင် အုပ်ချုပ်ရေးအဖွဲ့အသစ်များ မကြာသေးမီကမှ ဖွဲ့စည်းထားသည့်အချိန်ဖြစ်သဖြင့် ၎င်းတို့နှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူ ကော့ကျိခွန်းက အဆိုပါ သုံးနိုင်ငံလုံးသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းကောင်းများဖြစ်ပြီး လက်ရှိတွင် နိုင်ငံအလိုက် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော အပြောင်းအလဲကာလများကို ဖြတ်သန်းနေရကြောင်း ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနှင့် ရှိရင်းစွဲ “သံမဏိချစ်ကြည်ရေး” ကို ပိုမိုခိုင်မာစေရန်၊ ထိုင်းနိုင်ငံနှင့် “မိသားစုသဖွယ် ရင်းနှီးမှု” ကို ပိုမိုတိုးမြှင့်ရန်၊ မြန်မာနိုင်ငံနှင့် “ဆွေမျိုးပေါက်ဖော်” ချစ် ကြည်ရေးကို မြှင့်တင်ကာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အထောက်အကူပြုရန် မျှော်လင့်ထားကြောင်း တရုတ်ဘက်က ပြောသည်။