မလေးရှားနိုင်ငံသွားရင်း လမ်းခုလပ်မှာ အသက်ရူမဝလို့ ကွယ်လွန်ခဲ့သူချင်းလူငယ်ရဲ့ရုပ်အလောင်းကို ထိုင်းမှာ ၁၀ ရက်ကြာသည်အထိထုတ်ယူနိုင်ခြင်း မရှိသေး

မလေးရှားနိုင်ငံသွားရင်း လမ်းခုလပ်မှာ အသက်ရူမဝလို့ ကွယ်လွန်ခဲ့သူချင်းလူငယ်ရဲ့ရုပ်အလောင်းကို ထိုင်းမှာ ၁၀ ရက်ကြာသည်အထိထုတ်ယူနိုင်ခြင်း မရှိသေး
ဧပြီလ ၂၁ ရက်။

ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့က မလေးရှားနိုင်ငံကိုသွားရင်း ထိုင်းနယ်စပ် လမ်းခုလပ်မှာ ကားပေါ်မှာအသက်ရူမဝလို့ကွန်လွန်ခဲ့သူချင်းလူငယ်ရဲ့ ရုပ်အလောင်းကို ဒီကနေ့ဧပြီလ ၂၁ ရက်နေ့ အထိ ဆယ်ရက်အကြာ ထုတ်ယူနိုင်သေးခြင်း မရှိသေးဘူးလို့ ဆွေမျိုးနီးစပ်သူတွေဆီကနေ သိရပါတယ်။
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ၊ တွီးဗျာလ်းကျေးရွာနေ အသက် ၂၂ နှစ် အရွယ်ဝန်းကျင်ရှိသူ Tg. Pau Lam Kim ဟာ မလေးရှားနိုင်ငံကို ဧပြီလ ၁၁ ရက်နေ့က ကားနဲ့တဆင့် သွားရောက်ခဲ့တာဖြစ်ပြီး ထိုင်း – မလေးနယ်စပ် ထိုင်းနိုင်ငံ ဆွမ်ခလာမြို့နယ်အရောက်မှာ ကားပေါ်လူများပြီး အသက်ရှုမဝဖြစ်ကာ ကွယ်လွန်ခဲ့တာဖြစ်ပြီး လက်ရှိ သူရဲ့ရုပ်အလောင်းဟာ ထိုင်းနိုင်ငံ၊ Hat Yai မြို့က မအော် ဆေးရုံမှာ ဒီကနေ့ အချိန်ထိ ရှိနေတာလည်း ဖြစ်ပါတယ်။
ဆွေမျိုးနီးစပ်သူတစ်ဦးက “ အလောင်းမထုတ်နိုင်သေးတာက အမှုသွားအမှုလာ နဲနဲရှုပ်နေသေးတာတွေကြောင့် နောက်ပြီး အဓိက အခုလို ကြန့်ကြာသွားရတာက သင်္ကြန်ရုံးပိတ်ရက်ရှည်တွေက ကြားခံသွားတာတွေကြောင့် အခုချိန်ထိ အလောင်း မထုတ်နိုင်ရတာဖြစ်တယ်၊ မိသားစုဝင်တွေကတော့ အလောင်းကို ဇာတိပြန်ပို့နိုင်ဖို့ စီစဉ်ကြပေမယ့် ဒီကြားထဲ ဘယ်လိုအခက်အခဲတွေ ရှိမလဲဆိုတာတော့ မပြောနိုင်သေးဘူး” လို့ပြောပါတယ်။
ကွယ်လွန်သွားသူ Tg. Pau Lam Kim အပါအဝင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ၊ တွီးဗျာလ်းကျေးရွာနေ ဒေသခံ လူငယ် ၄ ဦးဟာ မလေးရှားနိုင်ငံကို ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့က မြန်မာ – ထိုင်း နယ်စပ်ကနေတဆင့် မလေးရှားနိုင်ငံကို သွားရောက်ခဲ့ကြတာဖြစ်ပြီး လမ်းခုလပ်မှာ ပါလာတဲ့ သူငယ်ချင်းတွေထဲက ၂ ဦးဟာ ကားပေါ်လူများပြီး အသက်ရှုမဝဖြစ်ကာ တစ်ယောက်က သတိမေ့သွားပြီး Tg. Pau Lam Kim က ကွယ်လွန်သွားခဲ့ရတာလည်း ဖြစ်ပါတယ်။
အသက်ရှင်ကျန်ရစ်သူ ၃ ဦးထဲက ၂ ဦးဟာ အချုပ်ကျနေပြီး သတိမေ့မျော ဆေးကုသမှုခံယူနေသူဟာလည်း ပြန်ကျန်းမာလာခဲ့ပြီး မနေ့ကဘဲ ထိုင်းအာဏာပိုင်တွေက အချုပ်ခန်းထဲပြန်ထည့်လိုက်တယ်လို့ ဆွေမျိုးနီးစပ်သူတွေက ပြောပါတယ်။
သူကဆက်ပြီး “ လက်ရှိအချုပ်ချနေတဲ့ သူတို့ ၃ ယောက်ဟာလည်း အမှုရင်ဆိုင်ရပြီး ဒဏ်ငွေတွေ ပေးဆောင်ရမှာပေါ့ အဲဒီနောက်တော့ ပြန်လွှတ်ပေးမယ်လို့ သိရတယ် ၊ သူတို့ကိစ္စက တစ်လလောက်ကြာနိုင်တယ်” လို့လည်း ဆွေမျိုးနီးစပ်သူတွေဆီကနေ သိရပါတယ်။
Credit Chin World Media