ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်အခြမ်းတွင် တိုက်ပွဲများ ပြင်းထန်မှုကြောင့် နယ်စပ်ခရိုင် ၄ ခုတွင် လုံခြုံရေးတိုးမြှင့်ရန်နှင့် ဒေသခံများကို ကူညီရန် ထိုင်းအစိုးရ အမိန့်ထုတ်

ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်အခြမ်းတွင် တိုက်ပွဲများ ပြင်းထန်မှုကြောင့် နယ်စပ်ခရိုင် ၄ ခုတွင် လုံခြုံရေးတိုးမြှင့်ရန်နှင့် ဒေသခံများကို ကူညီရန် ထိုင်းအစိုးရ အမိန့်ထုတ်
ရန်ကုန်၊ ဧပြီ ၂၁

ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်အခြမ်းတွင် တိုက်ပွဲများ ပြင်းထန်မှုကြောင့် နယ်စပ်ခရိုင် ၄ ခုတွင် လုံခြုံရေးတိုးမြှင့်ရန်နှင့် ဒေသခံများကို ကူညီရန် ထိုင်းအစိုးရက အမိန့်ထုတ်လိုက်ကြောငး ထိုင်းအခြေစိုက် The Nation က သတင်းဖော်ပြသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများမှာ ထိုင်းနယ်စပ်အထိ ရိုက်ခတ်လာသောကြောင့် ထိုင်းပြည်တွင်းဝန်ကြီးဌာန၊ ပြည်တွင်းအုပ်ချုပ်ရေးဦးစီးဌာနက နယ်စပ်ခရိုင် ၄ ခုရှိ အုပ်ချုပ်ရေးအရာရှိများကို လုံခြုံရေးတင်းကျပ်ရန်နှင့် ထိခိုက်ခံစားရသည့် ဒေသခံများကို ၂၄ နာရီပတ်လုံး ကူညီစောင့်ရှောက်ရန် အရေးပေါ်ညွှန်ကြားချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အဆိုပါ ညွှန်ကြားချက်တွင် မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်နှင့် တာ့ခ် ခရိုင်များရှိ ခရိုင်အုပ်ချုပ်ရေးမှူးများအနေဖြင့် လုံခြုံရေးအဖွဲ့များ၊ ကျေးရွာလူကြီးများ၊ အရပ်ဘက်ကာကွယ်ရေး စေတနာ့ ဝန်ထမ်းအဖွဲ့များနှင့် ပူးပေါင်းကာ အရေးပေါ်လုပ်ငန်းစဉ် ၃ ရပ်ကို ဆောင်ရွက်ရန် ဖော်ပြထားသည်။
ပထမလုပ်ငန်းစဉ်အဖြစ် မဟာဗျူဟာကျသည့် လမ်းကြောင်းများတွင် စစ်ဆေးရေးဂိတ်များနှင့် လှုပ်ရှားကင်းလှည့်အဖွဲ့များ ချထားပြီး ကင်းလှည့်ခြင်းနှင့် စစ်ဆေးမှုများကို အရှိန်မြှင့်ရန် ညွှန်ကြားထားသည်။
ထို့ပြင် တရားမဝင် ဝင်ရောက်မှုများ ရှိနိုင်သည့် သဘာဝနယ်စပ်ဖြတ်ကျော်ပေါက်များကို အနီးကပ်စောင့်ကြည့်ရန်နှင့် တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် နိုင်ငံခြားသားများ သို့မဟုတ် လူစိမ်းများကို စနစ်တကျ စစ်ဆေးပြီး ဒေသတွင်း မတည်ငြိမ်မှုများ မဖြစ်အောင် ကာကွယ်ရန် လိုအပ်ကြောင်း၊ မြေ ပြင်အခြေအနေများကိုလည်း အထက်လူကြီးများထံ အချိန်နှင့်တစ်ပြေးညီ တင်ပြရန် ဖော်ပြထားသည်။
ဒုတိယလုပ်ငန်းစဉ်အဖြစ် တိုက်ပွဲများကြောင့် ဒေသခံများ၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးပါက နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ကွင်းဆင်းစစ်ဆေးကာ သတ်မှတ်ထားသည့် စည်းမျဉ်းများအတိုင်း ကနဦးထောက်ပံ့မှုများ ပြုလုပ်ရန်နှင့် ရေရှည်ပြန်လည်ထူထောင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန် ညွှန်ကြားထားသည်။
တတိယလုပ်ငန်းစဉ်အဖြစ် ပြည်သူတို့၏ အသက်အန္တရာယ်နှင့် ကျန်းမာရေးကို ဦးစားပေးရန်ဖြစ်ပြီး ဒေသခံများ ဒဏ်ရာရရှိခြင်း သို့မဟုတ် အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်းများရှိပါက ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာကျန်းမာရေးစေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းကာ အမြန်ဆုံး ကူညီရန်နှင့် ဒဏ် ရာရရှိသူများကို ခရိုင်ဆေးရုံများသို့ စနစ်တကျ လွှဲပြောင်းကုသပေးရန် ဖြစ်သည်။
ထိုင်းအစိုးရအနေဖြင့် နယ်စပ်ဒေသရှိ ထိုင်းပြည်သူများ၏ ဘေးကင်းလုံခြုံရေးအတွက် ယခုကဲ့သို့ အမိန့်ထုတ်ပြန်ခြင်းဖြစ်ပြီး ထူးခြားသည့် ဖြစ်စဉ်များရှိပါက ဒေသအာဏာပိုင်များ သို့မဟုတ် ဟော့လိုင်းနံပါတ်များသို့ ချက်ချင်းအကြောင်းကြားရန် တိုက်တွန်းထားသည်။
ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန် ထိုင်း-မြန်မာနယ်စပ်၊ မယ်ဟောင်ဆောင်ခရိုင်အနီးရှိ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မူတြော် (ဖာပွန်) ခရိုင်၊ ဘူးသိုမြို့နယ်အတွင်းရှိ သံလွင်မြစ်ဘေး ဦးမယ်ထာကျေးရွာ ဆေးပေးခန်းအနီးသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၉ လုံး ကျဲချ တိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း ဗုံး ၁ လုံးမှာ ထိုင်းနိုင်ငံဘက်အခြမ်းသို့ ကျရောက်ခဲ့ကြောင်း ၊ ထို့ကြောင့် ထိုင်းစစ်တပ်က ဒေသပြည်သူများကို အချိန်မီပြောင်းရွှေ့မှုများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယမန်နေ့ ထိုင်း-မြန်မာနယ်စပ်ရှိ KNU ၏ ဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ ဖျက်ဆီးခဲ့စဉ်။