ပညာရေးနှင့်အသိပညာအားနည်း၍ PDF များ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ရက်ပေါင်း ၁၀၀ အတွင်း PDF များ အလင်းဝင်ရန် မင်းအောင်လှိုင်က ပြောဆို
🟥တိုင်းရင်းသားလက်နက်ကိုင်များကိုမူ မဖြစ်နိုင်သည့်အချက်များ မတောင်းဆိုဘဲ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ဟုဆို
ရန်ကုန်၊ ဧပြီ ၂၁
မြန်မာနိုင်ငံတွင် ပညာရေးနှင့် အသိပညာအားနည်းမှုများကြောင့် PDF များ ပေါ် ပေါက်လာခြင်းဖြစ်ပြီး လာမည့် ဇူလိုင်လ ၃၁ ရက်နေ့ကို နောက်ဆုံးထား၍ PDF များအနေဖြင့် အလင်းဝင်ရောက်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ၎င်း၏ အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးတွင် မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပညာရေးအားနည်းမှုကြောင့် အသိပညာနည်းပါးလာသည့်အခါ နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာတတ်သည်ကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလတွင် တွေ့မြင်ခဲ့ရကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် PDF များသည် ထိုအချိန်က ရွေးကောက်ပွဲရလဒ်အပေါ် ကျေနပ်မှုမရှိဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသူများဖြစ်ကြောင်း၊ ထိုသို့ ဖြစ်လာရခြင်းမှာ နိုင်ငံ၏ ပညာရေးအားနည်းချက်ကို အသုံးချကာ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးသမားများက ၎င်းတို့အကျိုးအတွက် သွေးထိုးလှုံ့ဆော် အသုံးချခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သူက ဆိုသည်။
ထို့ကြောင့် လာမည့် ရက်ပေါင်း ၁၀၀ အတွင်း ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ PDF များ အလင်းဝင်ကြရန် မင်းအောင်လှိုင်က ဆိုသည်။
“ရက် ၁၀၀ ဆိုတော့ ဒီနေ့က ၂၀ ရက်ပေါ့။ မှတ်ရလွယ်ပါတယ်။ ဇူလိုင်လ ၃၁ ရက်နေ့ကရက် ၁၀၀ လို့သတ်မှတ်လိုက်ပေါ့။ ဇူလိုင် ၃၁ ရက်နေ့နောက်ဆုံးထားပြီးတော့ ရက် ၁၀၀ နဲ့ ပတ်သက်ပြီး ကျွန်တော် နည်းနည်းပြောချင်ပါတယ်။ ခုနက ပြောတဲ့ PDF နဲ့ပတ်သက်ပြီးတော့ PDF ကတော့ ကျွန်တော်တို့ ဒီတွေ့ဆုံဆွေးနွေးခြင်းနဲ့ ငြိမ်းချမ်းရေးအတွက် အလင်းဝင်ဖို့လည်း ပြောထားတာရှိပါတယ်။ အခုလည်း အလင်းဝင်တာတွေ အများကြီးရှိပါတယ်။ လပခနယ်မြေတို့၊ တပခ နယ်မြေတို့ဆိုရင် အလင်းဝင်ကြတာတွေ အများကြီးပဲရှိတယ်။ လပခကတော့ ပိုများတာပေါ့ ရာနဲ့ချီပြီးတော့ ဝင်ကြတယ်။ ဒါထက်လည်း လာဖို့အတွက် သူတို့တောင်းဆိုနေတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့က ကြိုဆိုပါတယ်။ PDF နဲ့ပတ်သက်ပြီးတော့။ ရက်ပေါင်း ၁၀၀ အတွင်းမှာ လာပြီးတော့ ငြိမ်းချမ်းရေးအတွက် လာကြပါ” ဟု မင်းအောင်လှိုင်က ပြောဆိုသည်။
PDF များအနေဖြင့် နိုင်ငံရေးအရ အသုံးချခံမဖြစ်ရေး သတိပြုရန် လိုအပ်သည်ဟု မင်းအောင်လှိုင်က ပြောဆိုသည်။
“နိုင်ငံရေး အရလည်း ဘာမှခိုင်လုံတဲ့အကြောင်းပြချက်မဟုတ်ပါဘူး။ အဖွင့်မှာပြောခဲ့သလိုပဲ အသုံးချခံနေရလို့သာဖြစ်နေကြတာပဲဖြစ်ပါတယ်။ ဒါကြောင့် အသုံးချ မခံရအောင်နေကြဖို့ ပြောလိုပါတယ်” ဟု မင်းအောင်လှိုင်က ဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များနှင့် ပတ်သက်၍လည်း NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များသာမက လက်မှတ်ရေးထိုးခြင်းမပြုရသေးသည့် အဖွဲ့များကိုပါ ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်မီ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားပြီး အထူးသဖြင့် ပြီးခဲ့သည့် ၅ နှစ်အတွင်း တွေ့ဆုံမှုမရှိခဲ့သည့် KNU၊ CNF နှင့် ABSDF အဖွဲ့များကိုလည်း ဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း သူက ဆိုသည်။
“EAO နဲ့ပတ်သက်ပြီးတော့ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းထဲမှာ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရှိတယ်။ NCA လက်မှတ်ရေးထိုးထားခြင်းမပြုတဲ့အဖွဲ့တွေရှိတယ်။ အဲ့ဒီတော့ ကျွန်တော် နှစ်ဖွဲ့လုံးကို ဖိတ်ခေါ်ပါတယ်။ NCA နဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေး လက်မှတ်မရေးထိုးထားတဲ့အဖွဲ့တွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့မတိုင်မီမှာ တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ ဒါ လက်မှတ်မရေးထိုးထားတဲ့ အဖွဲ့ပေါ့။ နောက်တစ်ခုက လက်မှတ်ရေးထိုးထားတာပေါ့ လက်မှတ်ရေးထိုးထားပြီးတော့မှ ဒီ ၅ နှစ်အတွင်းမှာ တွေ့ဆုံခြင်းမပြုတဲ့အဖွဲ့တွေရှိတယ်။ ဥပမာအားဖြင့် – KNU တို့၊ CNF တို့၊ ABSDF တို့ အဖွဲ့တွေ ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်။ ဘာလုပ်ချင်လဲ ဆွေးနွေးဖို့တော့ ကျွန်တော်တို့ EAO တွေကို ဖိတ်ခေါ်ပါတယ်” ဟု မင်းအောင်လှိုင်က ဆက်လက်ပြောဆိုသည်။
ထို့ပြင် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် မဖြစ်နိုင်သည့် အချက်များကို တောင်းဆိုကာ ကိုယ့်အဖွဲ့အစည်း တည်တံ့ရေးအတွက်သာ လုပ်ဆောင်နေပါက မှားယွင်းလိမ့်မည်ဟု မင်းအောင်လှိုင်က သတိပေးပြောဆိုသည်။