ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် အင်အားပြင်း ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ ၃ မီတာအမြင့်ရှိ ဆူနာမီလှိုင်းများ လာရောက်နိုင်သဖြင့် သတိပေးချက်ထုတ်ပြန်
ဧရာဝတီတိုင်းမ်
ဧပြီ ၂၀ ရက်






ဂျပန်နိုင်ငံ၊ အရှေ့မြောက်ပိုင်း ကမ်းရိုးတန်းဒေသဖြစ်သော အီဝါတီစီရင်စုအနီး ဆန်ရီကူကမ်းရိုးတန်းကို ဗဟိုပြု၍ ယနေ့ ဧပြီ ၂၀ ရက်နေ့တွင် အင်အားပြင်း ၇.၇ ရစ်ချ်တာစကေးအဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် အာဏာပိုင်များက ဆူနာမီသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
ဂျပန်မိုးလေဝသအေဂျင်စီ၏ ထုတ်ပြန်ချက်အရ ငလျင်ဗဟိုချက်သည် ပင်လယ်ရေအောက် အနက် ၁၉ ကီလိုမီတာတွင် ရှိနေပြီး အီဝါတီ၊ ဟော့ကိုင်းဒိုးနှင့် အာအိုမိုရီစီရင်စုတို့၏ ပစိဖိတ်ကမ်းရိုးတန်း တစ်လျှောက်တွင် အမြင့် ၃ မီတာအထိရှိသော ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း NHK သတင်းတွင် ဖော်ပြထားသည်။
ဂျပန်မိုးလေဝသအေဂျင်စီက အိဝါတီစီခရိုင်၊ ဟော့ကိုင်းဒိုးနှင့် အာအိုမိုရီခရိုင်များ၏ ပစိဖိတ်ကမ်းရိုး တန်းများအတွက် ဆူနာမီသတိပေးချက်များထုတ်ပြန်ထားပြီး အမြင့် ၃ မီတာအထိရှိသော ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းရကြောင်း NHK သတင်းတွင်ဖော်ပြထားသည်။
အဆိုပါ ဆူနာမီသတိပေးချက်သည် ဟော့ကိုင်းဒိုးမှ ချီဘာစီရင်စုအထိ မြို့နှင့် မြို့ငယ်ပေါင်း ၁၈၂ မြို့ကို လွှမ်းခြုံထားသည်။ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ပင်လယ်ရေနက်ကျုံးနှစ်ခုတစ်လျှောက်တွင် ပိုမို ကြီးမားသော ငလျင်ကြီး (Mega-quake) လှုပ်ခတ်နိုင်ခြေ မြင့်တက်လာနေကြောင်း အရာရှိများက သတိပေးထားသည်။
လက်ရှိတွင် ဟော့ကိုင်းဒိုး၊ အာအိုမိုရီ၊ အီဝါတီ၊ မီယာဂီနှင့် ဖူကူရှီးမားစီရင်စုများရှိ ဒေသခံ ၁၇၁,၉၅၇ ဦးကို ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းရန် အစိုးရက အမိန့်ထုတ်ပြန်ထားသည်။ ဒေသခံများ အနေဖြင့် သတိပေးချက်ကို ရုပ်သိမ်းခြင်းမရှိသေးမီအထိ မြင့်မားသော ကုန်းမြေများ ပေါ်တွင် ဆက်လက်နေထိုင်ကြရန်နှင့် လာမည့်ရက်များအတွင်း ပြင်းအား ၅ အဆင့်ရှိ နောက်ဆက်တွဲ ငလျင်များကို သတိထားရန် အကြံပြုထားသည်။
ငလျင်လှုပ်ခတ်ပြီးနောက် ဝန်ကြီးချုပ်ရုံး၏ အကျပ်အတည်းစီမံခန့်ခွဲမှုစင်တာတွင် အထူးတပ်ဖွဲ့တစ်ဖွဲ့ကို ချက်ချင်းဖွဲ့စည်းကာ အခြေအနေများကို စောင့်ကြည့်လျက်ရှိသည်။ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ကျည်ဆန်ရထား (Shinkansen) ဝန်ဆောင်မှုများနှင့် ဟော့ကိုင်းဒိုးရှိ JR လိုင်းအချို့ကို ယာယီရပ်ဆိုင်းထားသော်လည်း၊ ရှင်ချီတိုဆေး (New Chitose) နှင့် ဆန်ဒိုင်း (Sendai) လေဆိပ်များ မှာမူ လုပ်ငန်းလည်ပတ်မှု ထိခိုက်ခြင်းမရှိသေးကြောင်း သိရသည်။
ဓာတ်ပုံ – NHK
ကိုးကား – NHK World Japan
Ref : Alert for potential mega – quake issued, tsunami warnings still in effect