ပလောက်မြို့ရှိ စစ်တပ်တပ်ရင်းနှင့် ပြည်သူ့စစ်စခန်းများအား တော်လှန်ရေးတပ် ဝင်ရောက်တိုက်ခိုက်ပြီး ပြည်သူ့စစ်စခန်းကို မီးရှို့ရှင်းလင်း (ရုပ်/သံ)

ပလောက်မြို့ရှိ စစ်တပ်တပ်ရင်းနှင့် ပြည်သူ့စစ်စခန်းများအား တော်လှန်ရေးတပ် ဝင်ရောက်တိုက်ခိုက်ပြီး ပြည်သူ့စစ်စခန်းကို မီးရှို့ရှင်းလင်း (ရုပ်/သံ)
ဧပြီ ၁၉၊ ၂၀၂၆

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပလောက်မြို့က အကြမ်းဖက်စစ်တပ်ရဲ့ ခလရ (၂၈ဝ) တပ်ရင်း၊ အမတ (၃၀၉) တပ်ရင်းနဲ့ ပြည်သူ့စစ်စခန်းကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ်စခန်းကို မီးရှို့ရှင်းလင်းနိုင်ခဲ့သလို တိုက်ပွဲအတွင်း စစ်သား ၁၀ ဦးခန့်သေဆုံးခဲ့တယ်လို့ KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့က ဧပြီလ ၁၉ ရက်၊ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၇ ရက် နံနက် ၅ နာရီလောက်က ပလောက်မြို့က အကြမ်းဖက်စစ်တပ်ရဲ့ ခလရ (၂၈ဝ) တပ်ရင်း၊ အမတ (၃၀၉) တပ်ရင်းနဲ့ ပြည်သူ့စစ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့စစ်စခန်းကို တိုက်ခိုက်မှုအတွင်း တိုက်ပွဲ မိနစ် ၃၀ အကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်တွေ ထွက်ပြေးသွားတဲ့ စခန်းကို သိမ်းပိုက်အား မီးရှို့ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဧပြီ ၁၀ ရက်နေ့မှာလည်း မာန်ဂုံမာရွာကို စစ်ကြောင်းပြန်ထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁ နာရီကြာဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၀ ဦးခန့်သေဆုံးပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို KNLA တပ်မဟာ(၄)၊ အထူးတပ်ဖွဲ့၊ KNDO တပ်ရင်း(၇) တပ်ခွဲ(၁)နဲ့ တပ်ခွဲ(၅)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Video-KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့