ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မတရားဖမ်းဆီးခံထားရသူများကို လွှတ်ပေးရန် NUG ယာယီသမ္မတ တောင်းဆို
001
မဇ္ဈိမ။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့်တကွ မတရားဖမ်းဆီးခံထားရသူအားလုံးကို လွှတ်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ (ဧပြီ ၁၆) တွင် တောင်းဆိုလိုက်သည်။
ယနေ့ ကျရောက်သည့် NUG (၅) နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် မိန့်ခွန်းပြောကြားရာ၌ ထိုသို့ ထည့်သွင်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီးများနဲ့တကွ နွေဦးတော်လှန်ရေးအတွင်း မတရား ဖမ်းဆီးခံထားရသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ ပြတ်ပြတ်သားသား တောင်းဆိုပါတယ်။ သူတို့အားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်လာရေးဟာ ကျွန်တော်တို့ တော်လှန်ရေးရဲ့ အဓိက တာဝန်တခုဖြစ်သလို၊ သူတို့ရဲ့ အနစ်နာခံမှုတွေဟာလည်း ကျွန်တော်တို့အတွက် အားမလျော့တမ်း ရှေ့ဆက်ဖို့ ခွန်အားတွေပဲဖြစ်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
NUG အနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့်တကွ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားအားလုံး၏ အခြေအနေကို “တမိနစ် တစက္ကန့်မျှ မေ့လျှော့ခြင်းမရှိ”ဟုလည်း ယာယီသမ္မတက ပြောသည်။
ထို့ပြင် လက်ရှိတွင် NUG အနေဖြင့်လည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ဖြောင့်ဖြောင့်မတ်မတ် ချီတက်နေပြီး တော်လှန်ရေးတွင် အောင်မြင်မှုများ ရရှိခဲ့သကဲ့သို့ ပြန်လည် လက်လွှတ်ဆုံးရှုံးမှုများလည်း ရှိခဲ့သည်ကို ဝန်ခံကြောင်း၊ လက်ရှိအချိန်အထိ ကျော်လွှားရန် ခက်ခဲနေသည့်အရာများလည်း အများအပြားရှိနေသေးကြောင်းလည်း ၎င်းက အသိပေးသည်။
တော်လှန်ရေးအောင်မြင်ရန်အတွက် ညီညွတ်မှုသည် အဓိကအရေးကြီးပြီး အချင်းချင်းကြား အပြစ်တင်ကဲ့ရဲ့မှုများကို ရှောင်ကြဉ်ကာ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို အာရုံစိုက်ကြရမည်ဖြစ်ကြောင်း၊ တော်လှန်ရေးအရှိန်ကို ပျက်ပြားအောင် လှုံ့ဆော်နေသူများကို သတိပြုပြီး တော်လှန်ရေးကို အထောက်အကူပြုမည့် ဝေဖန်အကြံပြုချက်များကိုသာ ဝန်းရံရန် မေတ္တာရပ်ခံကြောင်းလည်း ယာယီသမ္မတက ဆိုသည်။
NUG ယာယီ သမ္မတ ၏ မိန့်ခွန်းတွင် ပြည်တွင်းက တော်လှန်ရေးလှုပ်ရှားမှုအပြင် ပြည်ပက တော်လှန်ရေးလှုပ်ရှားမှုများကလည်း အကျိုးသက်ရောက်မှုကြီးမားခဲ့သည့်အတွက် ပြည်ပရောက် ပြည်သူများ၏ အားထုတ်မှုကို ကျေးဇူးတင်ကြောင်းပြောကာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ အားပေးကူညီမှုကိုလည်း မှတ်တမ်းတင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အာဏာသိမ်းပြီးနောက် စစ်အုပ်စုသည် နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ချမှတ်ထားကာ သမ္မတဦးဝင်းမြင့်ကိုလည်း ထောင်ဒဏ် ၁၀ နှစ် ဆက်လက်ချမှတ်ထားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၀ ရက်နေ့အထိ စစ်အုပ်စုနှင့် ၎င်း၏ လက်ပါးစေများကြောင့် နိုင်ငံရေးနှင့် ဆက်စပ်၍ ဖမ်းဆီးခံရသူ ၃၀,၈၀၀ ကျော်ရှိပြီး ထိုအထဲမှ ၂၂,၀၀၀ ကျော်မှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း သိရသည်။
စာတည်း။ ။ နောင်နောင်
ဓာတ်ပုံ – စစ်အုပ်စုထံ ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်တို့ကို နေပြည်တော်တရားခွင်တခုတွင် အာဏာသိမ်းအစောပိုင်းကာလက တွေ့ရစဉ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့်တကွ မတရားဖမ်းဆီးခံထားရသူအားလုံးကို လွှတ်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ (ဧပြီ ၁၆) တွင် တောင်းဆိုလိုက်သည်။
#NUG