စိန်ခေါ်မှုများရှိသော်လည်း သမိုင်းဝင်ညီညွတ်မှုဖြင့် ခရီးဆက်မည်ဟု NUG ၅ နှစ်ပြည့်တွင် ယာယီသမ္မတဒူဝါလရှီးလ ပြောကြား
ဧပြီ ၁၆၊ ၂၀၂၆
တော်လှန်ရေးခရီးလမ်းမှာ အောင်မြင်မှုတွေနဲ့အတူ ဆုံးရှုံးမှုတွေရှိခဲ့ပေမဲ့ သမိုင်းဝင်ညီညွတ်မှုနဲ့ ခရီးဆက်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ယာယီသမ္မတ ဒူဝါလရှီးလက NUG ဖွဲ့စည်းခြင်း ၅ နှစ်ပြည့် ပြည်သူလူထုကို မိန့်ခွန်းပြောကြားရာမှာ ပြောဆိုခဲ့ပါတယ်။
ဧပြီလ ၁၆ ရက်၊ ဒီကနေ့ ပြောဆိုခဲ့မိန့်ခွန်းမှာ ယာယီသမ္မတက ၅ နှစ်တာဖြတ်သန်းခဲ့ရတဲ့ အင်အားစုများအကြား ညီညွတ်မှုဟာ အောင်ပွဲအတွက် အဓိကသော့ချက်ဖြစ်တယ်လို့လည်း အလေးအနက်ထား တိုက်တွန်းပြောဆိုပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက NUG အစိုးရအနေနဲ့ တော်လှန်ရေးကာလအတွင်း အောင်မြင်မှုတွေ ဖန်တီးနိုင်ခဲ့သလို အားနည်းချက်တွေကြောင့် ပြန်လည်လက်လွှတ်ခဲ့ရတဲ့ ဆုံးရှုံးမှုတွေလည်း ရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့အနေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကို လျှောက်ခဲ့ရတာကြောင့် မပေါက်သေးတဲ့ လမ်းတွေကိုလည်း ချဲ့ထွင်လျှောက်လှမ်းခဲ့ကြရပါတယ်။ အတွေ့အကြုံ ရင့်ကျက်မှု အားနည်းသေးတဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ သင်ခန်းစာတွေ အများကြီး ရခဲ့ပါတယ်” လို့ ယာယီသမ္မတ ဒူဝါးလရှီးလက ထုတ်ဖော်ပြောကြားပါတယ်။
ဒါ့အပြင် အရင်းအမြစ် အကန့်အသတ်တွေ၊ ပထဝီနိုင်ငံရေး အကျပ်အတည်းတွေနဲ့ သမိုင်းဆိုင်ရာ နာကျည်းချက်တွေကြားက ရုန်းကန်နေရတာကို ပြည်သူကို ရိုးသားစွာ တင်ပြလိုကြောင်းလည်း ဖြည့်စွက်ပြောဆိုထားပြီး ညီညွတ်ရေးရဲ့ ခြေလှမ်းသစ်အနေနဲ့ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကမှ အသစ်ဖွဲ့စည်းလိုက်တဲ့ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” အကြောင်းကို ထည့်သွင်းပြောကြားသွားခဲ့ပါသေးတယ်။
SCEF မှာ KIO၊ KNU၊ KNPP (IEC)၊ CNF၊ CRPH နဲ့ NUG တို့ ပါဝင်နေပြီး ဒါဟာ တစုတဖွဲ့တည်း တိုက်ခိုက်နေတာထက် ညီညွတ်တဲ့ မဟာဗျူဟာတစ်ခုအောက်ကို ရောက်ရှိလာတာဖြစ်တယ်လို့ ယာယီသမ္မတကဆိုပါတယ်။
သမိုင်းကြောင်းဆိုင်ရာ မယုံကြည်မှုတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် အတားအဆီးတွေ ရှိနေဆဲဖြစ်ပေမဲ့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး ဆိုတဲ့ ဘုံရည်မှန်းချက်က အင်အားစုအားလုံးကို ပိုမိုခိုင်မာသည့် ညီညွတ်မှုဆီသို့ ခေါ်ဆောင်သွားလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ထည့်သွင်းပြောကြားထားပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက လက်ရှိစစ်တပ်ဟာ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်ဖြစ်တာကြောင့် စစ်သည်တွေအနေနဲ့ အဲဒီအခြေအနေကနေ ရုန်းထွက်ကာ ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်အောင် ပြန်လည်ပြုပြင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ ငွေကြေးနဲ့ ကာယကံမြောက် ပံ့ပိုးမှုတွေ၊ နိုင်ငံတကာမှာ ဖိအားပေးနိုင်တဲ့ လူထုသံတမန်ရေး လှုပ်ရှားမှုတွေဟာလည်း စစ်အုပ်စုကို ထိထိရောက်ရောက် ဒဏ်ခတ်နိုင်ခဲ့ကြောင်း ယာယီသမ္မတက ပြောပါတယ်။
စစ်တပ်က လက်နက်နဲ့ ငွေကြေးသာလွန်ပေမဲ့ တော်လှန်ရေးအင်အားစုတွေမှာရှိတဲ့ မှန်ကန်တဲ့စိတ်ဓာတ်နဲ့ တရားမျှတမှုနဲ့အတူ အောင်ပွဲဆီကို မရပ်မနား ဆက်လက်ချီတက်ကြဖို့ကိုလည်း ယာယီသမ္မတ နှိုးဆော်ခဲ့ပါတယ်။