■ ရခိုင်ပြည် အလုံးစုံ လွတ်မြောက်ရေး မိုးအဆုံးမြေအဆုံး ချီတက် တိုက်ပွဲဝင်မည်ဟု AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

■ ရခိုင်ပြည် အလုံးစုံ လွတ်မြောက်ရေး မိုးအဆုံးမြေအဆုံး ချီတက် တိုက်ပွဲဝင်မည်ဟု AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော
Western News| ဧပြီ ၁၁
ရခိုင်မှာ ကျန်ရှိနေသော မြို့များအားလုံးကို ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ် မတိုင်မီ အပြီးသိမ်းပိုက်ပြီး လက်စသတ် အောက်ပွဲခံသွားမည်ဟု အာရက္ခတပ်တော် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။
ပလက်ဝ အပါအဝင် ရခိုင်ပြည်အတွင်းက မြို့ ၁၅ မြို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့ကို အကြမ်းဖက် စစ်ကောင်စီက ထိန်းချုပ်ထားသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောသည့် ၂၀၂၇ ခုနှစ် မတိုင်မီ လက်ကျန်မြို့များအားလုံးကို လက်စသတ်မည်ဆိုသည်မှာ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့ကို အပြီးသတ် သိမ်းပိုက်သွားမည်ဟု ဆိုလိုခြင်းဖြစ်သည်။
အကယ်၍ ၂၀၂၇ ခုနှစ် ကုန်သွားသည့်တိုင် လက်ကျန်မြို့များကို သိမ်းပိုက်မှု မပြီးနိုင်ခဲ့ပါက အာရက္ခတပ်တော် AA အနေဖြင့် ရခိုင်ပြည် အလုံးစုံလွတ်မြောက်ရေးအတွက် မိုးအဆုံးမြေအဆုံး ချီတက် တိုက်ပွဲဝင်သွားမည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားထားသည်။
ယမန်နေ့ ဧပြီလ ၁၀ ရက်တွင် ကျရောက်ခဲ့သည့် အာရက္ခတပ်တော် AA ၏ တပ်တည်ထောင်ခြင်းနေ့ ၁၇ နှစ်ပြည့်မြောက် နှစ်ပတ်လည်နေ့ မိန့်ခွန်းတွင် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယင်းကဲ့သို့ ပြောဆို ကတိပေးခဲ့ခြင်းဖြစ်သည်။
အာရက္ခတပ်တော် AA နှင့် ရခိုင်ပြည်သူတို့၏ လက်တွဲတိုက်ပွဲဝင်မှုကြောင့် ရခိုင်နယ်မြေအများစုကို အတိုင်းအတာတစ်ခုအထိ အထူးသဖြင့် ပလက်ဝ အပါအဝင် မြို့နယ် ၁၅ ခုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ဆိုသည်။
ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခဲ့သည့် ၁၇၈၄ ခုနှစ် နောက်ပိုင်း နှစ်ပေါင်း ၂၄၂ နှစ်အကြာမှာ ရခိုင်နယ်မြေ အများစုကို အာရက္ခတပ်တော် AA က ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
နှစ်ပေါင်းရာစုနှင့်ချီအကြာ လက်ရှိကာလသည် ရခိုင်ပြည်သူတစ်ရပ်လုံး နိုးကြားတက်ကြွစွာနှင့် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်သည့် အမျိုးသားလှုပ်ရှားမှုကြီးဖြစ်ကြောင်းလည်း တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။
ထို့ကြောင့် နှစ်ပေါင်းရာစုနှင့်ချီ ဆုံးရှုံးဖိနှိပ်ခံလာရသော ရခိုင်ပြည်သူတို့၏ တရားသောစစ်ပွဲ၊ အမျိုးသားလွတ်မြောက်ရေးစစ်ပွဲ ဖြစ်သလို ULA/AA ၏ ခိုင်မာသော ဦးဆောင်မှုဖြင့် လူထုအလွှာပေါင်းစုံ လွှမ်းခြုံပါဝင်သော တရားသော စစ်ပွဲကြီးဖြစ်ကြောင်း ဆိုသည်။
ယခု အခြေအနေသို့ ရောက်ရှိနိုင်ရေးအတွက် ပေးဆပ်အနစ်နာခံခဲ့ကြသော သူရဲကောင်းများ၊ စစ်သည်၊ စစ်မေ၊ ရဲဘော်များ၊ ရခိုင်ပြည်သူများနှင့် မဟာမိတ်ရဲဘော်ရဲဖက်တို့ကို ကျေးဇူးတင် ဂုဏ်ပြုအပ်ကြောင်း တပ်မှူးချုပ်က ပြောသည်။
အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးများကြောင့် သေဆုံးသွားခဲ့ကြရသည့် အပြစ်မဲ့အရပ်သားပြည်သူများ၏ အသက်တစ်ချောင်းစီအတွက် တရားမျှတမှု ရရှိအောင်လည်း ကြိုးစားသွားမည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကတိပေး ပြောကြားခဲ့သည်။
ရခိုင်ပြည်သူများနှင့် ရဲဘော်များ အသက်၊ ချွေး၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်မှုများဖြင့် အနစ်နာခံထားသော ပေးဆပ်ထားမှုများအားလုံးကို မည်သည့်တစ်ခုမှ အလဟသ မဖြစ်စေရဟုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။
ရခိုင်ပြည် အလုံးစုံလွတ်မြောက်ရေးအတွက် နိုင်ကိုနိုင်ရမည်ဖြစ်သလို အောင်ကိုအောင်ရမည်ဆိုသည့် ယုံကြည်မှု သန္နိဌာန်နှင့်အတူ ဆက်လက်ပြီး အပြတ်သားဆုံး တိုက်ပွဲဝင်သွားမည်ဟု အာရက္ခတပ်တော် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားထားသည်။