■ သင်္ကြန်ကာလ လိုက်နာရမည့် စည်းကမ်းများ AA ထုတ်ပြန်
Western News| ဧပြီ ၉
ရခိုင်ပြည်သူများ သင်္ကြန်ကာလအတွင်း လိုက်နာရမည့် အချက် ၆ ချက်ပါသော စည်းကမ်းချက်များကို အာရက္ခတပ်တော် AA က ယမန်နေ့ ဧပြီလ ၈ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
စည်းကမ်းချက်များမှာ – လူအရေအတွက် အများအပြား စီးနင်းလိုက်ပါပြီး ကားများဖြင့် မြို့ပေါ်များတွင် လှည့်ပတ်ခြင်း၊ ရေပတ်ကစားခြင်း မပြုလုပ်ရဟု ဆိုသည်။
တစ်မြို့နှင့် တစ်မြို့ တစ်ရွာနှင့် တစ်ရွာ ကားများဖြင့် ကခုန်လှည့်ပတ် သွားလာခြင်း၊ ရေပတ်ကစားခြင်းများ မပြုလုပ်ဟု ပြောသည်။
လူစုလူဝေးဖြစ်စေသော သင်္ကြန်မဏ္ဍများ ပြုလုပ်၍လည်း ရေပတ်ကစားခြင်း မပြုလုပ်ရ အပြင် လူစုလူဝေးဖြစ်စေသော သီချင်းဆိုပွဲ (Show ပွဲ) များ ကျင်းပခြင်း မပြုလုပ်ရဟု ဆိုသည်။
ဆက်လက်ပြီး ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလဆောက်တည်ခြင်း၊ အလှူအတန်းပွဲများ ပြုလုပ်ခြင်းကို လူစုလူဝေး အများအပြားဖြင့် မပြုလုပ်ရဟု ထုတ်ပြန်သည်။
ယင်းအပြင် ပြည်သူများ၏ လုံခြုံရေးကို လေးစားလိုက်နာသောအားဖြင့် မြို့ရွာများအတွင်း ဆောင်းဘောက်စ်ဖွင့် ဆူညံခြင်း မပြုလုပ်ရ၊ လူမှုပတ်ဝန်းကျင်ကို အသံ၊ အပြုအမူများဖြင့် အနှောင့်အယှက်ဖြစ်စေသည့် လုပ်ရပ်များ မပြုလုပ်ရ စသည့် စည်းကမ်းချက်များကို AA က အသိပေး ထုတ်ပြန်ထားသည်။
အဆိုပါ စည်းကမ်းချက်များကို ရခိုင်ပြည်သူများအနေဖြင့် သေချာလိုက်နာရမည်ဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်များအနေဖြင့်လည်း ပြည်သူများ သဘောပေါက် နားလည်စေရန် စိတ်ရှည်စွာဖြင့် ရှင်းပြပေးရမည်ဟု ပြောသည်။
ထုတ်ပြန်ထားသော စည်းကမ်းချက်များကို ပြည်သူများ လိုက်နာမှု ရှိမရှိအပေါ် အုပ်ချုပ်ရေးအဖွဲ့ဝင်များအနေဖြင့် စောင့်ကြည့် ကြပ်မတ်ပေးရမည်ဟု AA က ညွှန်ကြားထားသည်။
သင်္ကြန်ကာလတွင်း တင်းကျပ်သော စည်းကမ်းချက်များ ထုတ်ပြန်ရခြင်းမှာ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီးအန္တရာယ်ကြောင့်ဖြစ်ပြီး ပြည်သူများ ဘေးဒုက္ခ မရောက်စေရန်နှင့် ဘေးကင်းလုံခြုံစေရန်အတွက်ဟု အုပ်ချုပ်ရေးတာဝန်ရှိသူများမှ ပြောဆိုထားကြသည်။
အကြမ်းဖက် စစ်ကောင်စီမှာ လက်ရှိတွင် ရခိုင်ပြည်ကို လေကြောင်းတိုက်ခိုက်ရာတွင် ယခင်ကကဲ့သို့ လေယာဉ် တစ်စီး၊ နှစ်စီးဖြင့် လာရောက် တိုက်ခိုက်ခြင်းမျိုး မဟုတ်ဘဲ အနည်းဆုံး ၄ စီးကနေ ၇ စီးအထိ အုပ်စုလိုက် လာရောက် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံပြည်သူများမှ ပြောဆိုကြသည်။
အာရက္ခတပ်တော် AA ထိန်းချုပ်ရာ ဒေသများကို လေယာဉ် အုပ်စုလိုက်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခြင်းမှာ အကြမ်းဖက် မင်းအောင်လှိုင် လွှဲပေးခဲ့သော တပ်ချုပ်သစ် အကြမ်းဖက် ရဲဝင်းဦး လက်ထက်တွင် ပိုမို လုပ်ဆောင်လာကြောင်း သိရသည်။
#WesternNews #WN #ရခိုင်ပြည် #သင်္ကြန်ကာလ #စည်းကမ်းထုတ်ပြန် #အာရက္ခတပ်တော် #AA #လေကြောင်းအန္တရာယ်