မင်းအောင်လှိုင် လုယူထားသော သမ္မတရာထူး ကျမ်းကျိန်ပွဲသို့ နိုင်ငံပေါင်း ၅၀ ကျော်မှ ခေါင်းဆောင်များကို ဖိတ်ကြားခဲ့ရာတွင် နိုင်ငံပေါင်း ၁၁ ခုမှ ခေါင်း ဆောင်အဆင့်မဟုတ်သော အဆင့်နိမ့်ကိုယ်စားလှယ်များသာ စေလွှတ်
🟥 ဖိတ်ကြားထားသော နိုင်ငံတကာအဖွဲ့ ၂၀ ကျော်အနက် နီပွန်ဖောင်ဒေးရှင်းနှင့်ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းသာ တက်ရောက်ရန် အကြောင်းပြန်
ရန်ကုန်၊ ဧပြီ ၁၀
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် လုယူထားသော သမ္မတရာထူး ကျမ်းကျိန်ပွဲသို့ နိုင်ငံပေါင်း ၅၄ ခုမှ ခေါင်း ဆောင်များနှင့် နိုင်ငံတကာအဖွဲ့ ၂၀ ခုကို တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း နိုင်ငံပေါင်း ၁၁ ခုမှ အဆင့်နိမ့်ကိုယ်စားလှယ်များသာ စေလွှတ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
မင်းအောင်လှိုင်က ယနေ့ ဧပြီလ ၁၀ ရက်နေ့ ပြုလုပ်ရန်ရှိနေသော သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန် နိုင်ငံတကာခေါင်းဆောင်များနှင့်အဖွဲ့အစည်းများကို ဖိတ် ကြားခဲ့ရာတွင် တရုတ်၊ ရုရှား၊ ကမ္ဘောဒီးယား၊ နီကာရာဂွာ၊ အိန္ဒိယ၊ လာအို၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘယ်လာရုစ်၊ ဗီယက်နမ်၊ ကာဇက်စတန် စုစုပေါင်း နိုင်ငံ ၁၁ ခုမှ ခေါင်းဆောင်အဆင့် မဟုတ်သော အဆင့်နိမ့်ကိုယ်စားလှယ်များသာ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်း ၂၀ ကျော်ကို ဖိတ်ကြားခဲ့ရာတွင်လည်း ဂျပန်အခြေစိုက် နီပွန်ဖောင်ဒေးရှင်းနှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းတို့ကသာ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
မင်းအောင်လှိုင် အကြမ်းဖက် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ လာရောက်သော နိုင်ငံ ၁၁ ခုမှ ကိုယ်စားလှယ်များအနက် ထိုင်းနိုင်ငံမှလွဲ၍ ကျန် နိုင်ငံ ၁၀ ခုမှာ သာမန် ခရီးသည်တင် လေယာဉ်များဖြင့် ရန်ကုန်မြို့သို့ လာရောက်ကြပြီး အကြမ်းဖက်စစ်တပ်က အထူးလေ ယာဉ်ဖြင့် ရန်ကုန်-နေပြည်တော် အသွားအပြန် စီစဉ်ပေးနေရကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံကမူ ဧပြီလ ၁၀ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် ထိုင်းစစ်တပ်အထူးလေယာဉ်က ဘန်ကောက်မှ နေပြည် တော်သို့ ဆိုက်ရောက်လာမည်ဖြစ်ပြီး မင်းအောင် လှိုင် ကျမ်းကျိန်ပွဲသို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ပန်ပရီး တက်ရောက်မည်ဖြစ်ကြောင်း၊ ယင်းနောက် ကျမ်းကျိန်ပွဲ တက်ရောက်ပြီးနောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းသည် ဧပြီလ ၁၀ ရက်နေ့ ညနေ ၅ နာရီ အချိန် နေပြည်တော်မှ ဘန်ကောက်သို့ ထိုင်းစစ်တပ်အထူးလေယာဉ်ဖြင့် ပြန်လည် ထွက်ခွာမည်ဖြစ်သည်။
နိုင်ငံတကာခေါင်းဆောင်များကို ဖိတ်ကြားမရသည့်အတွက် ရန်ကုန်ရှိ နိုင်ငံ တကာသံရုံးများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများကို မင်းအောင်လှိုင်၏ ကျမ်း ကျိန်ပွဲသို့ တက်ရောက်ရန် စစ်တပ်က အတင်းအကျပ် ဖိတ်ကြားထားကြောင်း သိရှိရသည်။