စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူး လုယူလိုက်မှုကြောင့် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုအသစ်များ တိုးမြှင့်လာနိုင်ဟု Meyka က သတိ ပေး

စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူး လုယူလိုက်မှုကြောင့် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုအသစ်များ တိုးမြှင့်လာနိုင်ဟု Meyka က သတိ ပေး
ရန်ကုန်၊ ဧပြီ ၈
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူး လုယူလိုက်မှုကြောင့် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုအသစ်များ တိုးမြှင့်လာနိုင်၍ ပြင်ဆင်မှုများ လုပ်ဆောင်ရန် သြစတြေးလျအခြေစိုက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဒေတာပလက်ဖောင်းတစ်ခုဖြစ်သည့် Meyka AI PTY LTD ၏ Meyka က ဧပြီလ ၆ ရက်နေ့တွင် ဆန်းစစ် သတိပေးချက်ထုတ်ပြန်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာခြင်းကြောင့် အရှေ့တောင်အာရှတွင် ပထဝီနိုင်ငံရေးအရ အဓိကစွန့်စားရမှု တစ်ခု ဖြစ်လာနေပြီဟု ဆိုသည်၊
စစ်တပ်က လွှမ်းမိုးထားသော လွှတ်တော်က ဧပြီလ ၆ ရက်နေ့ မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်ခဲ့ပြီး၊ မင်းအောင်လှိုင်၏ လူယုံ ရဲဝင်းဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့်ပေးခဲ့သည်။
ယင်းအခြေအနေများကြောင့် မြန်မာနိုင်ငံအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်း၊ ပြုပြင်ပြောင်းလဲမှု အကန့်အသတ်ရှိခြင်းနှင့် နိုင်ငံတကာ၏ အသိ အမှတ် ပြုမှု ရရှိရန် ကြိုးပမ်းလာခြင်းတို့ကို မြင်တွေ့ရဖွယ် ရှိကြောင်း၊ ယူကေ (UK) ရင်းနှီး မြှုပ်နှံသူများအတွက်မူ ပိုမိုတင်းကျပ်သော စည်းမျဉ်းလိုက်နာမှုစစ် ဆေးခြင်း (Compliance checks)၊ မတည်ငြိမ်သော ကုန်သွယ်ရေးလမ်း ကြောင်းများနှင့် တရုတ်-မြန်မာ ဆက်ဆံရေးကို ပိုမိုစောင့်ကြည့်ရမည့် အခြေ အနေများ ရှိနိုင်ကြောင်း Meyka သတိပေးသည်။
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုဆိုင်ရာ စွန့်စားရမှုများ၊ ရင်းနှီးမြှုပ်နှံမှုအစုစု (Portfolio) အပေါ် သက်ရောက်မှုများနှင့် မိမိတို့၏အရင်းအနှီးကို ကာကွယ်ရန် လုပ်ဆောင်ရမည့် အဆင့်များကိုလည်း Meyka က အကြံပြုသည်။
မင်းအောင်လှိုင် သမ္မတ ရာထူး ရယူခြင်းသည် တရားဝင်မှု ရရှိရန်နှင့် လုံခြုံရေးနှင့် နိုင်ငံပိုင်လုပ်ငန်းများအပေါ် အမိန့်ပေးနိုင်စွမ်း ပိုမိုခိုင်မာစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး လေ့လာဆန်းစစ်သူများကမူ ပဋိပက္ခဖြစ်ပွားမှု ပိုမိုများပြားလာနိုင်ကာ ဆွေးနွေးပွဲများအတွက် အကန့်အသတ်များသာ ရှိတော့မည်ဟု ရှုမြင်ကြသည်။
အဓိကကျသော ဒေသများတွင် ဖိအားပေးထိုးစစ်ဆင်မှုများနှင့် တင်းကျပ်သော ထိန်းချုပ်မှုများ ရှိလာနိုင်သည်ဟု မျှော်လင့်ရပြီး ထောက်ပံ့ရေးလမ်းကြောင်းများ၊ နယ်စပ်ကုန်သွယ်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းများမှာလည်း ရံဖန်ရံခါ အနှောင့်အယှက်များနှင့် ရင်ဆိုင်ရနိုင်ကြောင်း၊ ထိုအချက်က လုပ်ငန်းဆောင်ရွက်မှု အချိန်ဇယားများကို မသေမချာဖြစ်စေပြီး အာမခံစရိတ်များကို မြင့်တက်စေကြောင်း၊ မူဝါဒအပြောင်းအလဲများ မကြာခဏ ဖြစ်ပေါ်နိုင်ကြောင်း၊ ယူကေရင်းနှီးမြှုပ်နှံသူများအနေဖြင့် ငွေပေးချေမှု၊ အကောက်ခွန်နှင့် ပါမစ်များတွင် ကြန့်ကြာမှုများရှိနိုင်သည်ဟု ယူဆထားသင့်ပြီး သင်္ဘောတင်ချိန်နှင့် ကုန်ပစ္စည်းလက်ကျန် အစီအစဉ်များတွင် ကြားခံအချိန် (Buffer) များ ထည့် သွင်းထားသင့်ကြောင်း Meyka က ဆက်လက်အကြံပြုထားသည်။
၂၀၂၁ ခုနှစ်မှစ၍ အနောက်နိုင်ငံများ၏ အရေးယူမှုများသည် စစ်တပ်နှင့် ဆက် နွှယ်သူများနှင့် နိုင်ငံပိုင်လုပ်ငန်းများအပေါ် အာရုံစိုက်ခဲ့ကြောင်း၊ ယူကေကုမ္ပဏီများအနေဖြင့် ယူကေပိတ်ဆို့အရေးယူမှုစာရင်း (UK Sanctions List) နှင့် အမေရိကန်၏ SDN စာရင်းတို့ကို ကုမ္ပဏီဒါရိုက်တာများနှင့် အကျိုးခံစားခွင့်ရှိသူပိုင်ရှင်များအထိ ပြန်လည်စစ်ဆေးသင့်ကြောင်း၊ မင်းအောင်လှိုင် သမ္မတဖြစ်လာ ခြင်းကြောင့် ပိတ်ဆို့ဒဏ်ခတ်မှု စာရင်းတွင် နာမည်သစ်များ ပိုတိုးလာနိုင်ပြီး ပို့ကုန်ထိန်းချုပ်မှုများ ပိုမိုတင်းကျပ်ကာ ဘဏ်များကလည်း ပိုမိုသတိ ထားလာဖွယ် ရှိသည်ဟု Meyka က ထပ်မံ သတိပေးသည်။
မြန်မာနှင့်ဆက်နွယ်နေသော လုပ်ငန်းများနှင့်ပတ်သက်၍ စိစစ်မှု (Due diligence) များကို မှတ်တမ်းတင်ထားရန်၊ စာရင်းစစ်ဆေးရာတွင် ခြေရာခံနိုင်ရန်နှင့် မြန်မာနိုင်ငံနှင့် ဆက်ဆံနေသော မိတ်ဖက်အားလုံးထံမှ စည်းမျဉ်းလိုက်နာမှုဆိုင်ရာ ဝန်ခံကတိပြုချက်များကို ရယူထားရန် လိုအပ်ကြောင်း Meyka က ဆိုသည်။
စီးပွားရေးအရ ဆက်ဆံနေသော မိတ်ဖက်အားလုံးသည် ကန့်သတ်ခံထားရသူများနှင့် ပိုင်ဆိုင်မှု သို့မဟုတ် ထိန်းချုပ်မှုဆိုင်ရာ ဆက်နွှယ်မှု ရှိမရှိ ပြန်လည် ဆန်းစစ်ရန်၊ ငွေလွှဲပြောင်းမှုများကို ဘဏ်များနှင့် ကြိုတင်ရှင်းလင်းထားရန်၊ Escrow (ကြားခံထိန်းသိမ်းငွေ) သို့မဟုတ် အတည်ပြုပြီးသော အကြွေး ဝယ် စာလွှာ (Letter of credit) များကို အသုံးပြုရေး စဉ်းစားရန်၊ အသုံးစရိတ် ခန့်မှန်းချက်များတွင် ပိုမိုမြင့်မားသော စရိတ်များနှင့် ကြာမြင့်သော အချိန်များကို ထည့်သွင်းတွက်ချက်ရန် လိုအပ်ကြောင်း၊ မူဝါဒပိုင်းဆိုင်ရာ မတည်ငြိမ်မှုကို တိုးပွားစေသဖြင့် လုပ်ငန်းဆက်လုပ်ရန် သို့မဟုတ် ရပ်ဆိုင်းရန် တိကျ သော စံသတ်မှတ်ချက်များ၊ ပိတ်ဆို့အရေးယူမှုဆိုင်ရာ အစပျိုးချက်များ (Triggers) နှင့် မြန်မာနိုင်ငံနှင့် မပတ်သက်သော အခြားကုန်သည်များကို ရှာဖွေထားသင့်ကြောင်း Meyka က ထောက်ပြသည်။
တရုတ်နိုင်ငံအနေဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများနှင့် စွမ်းအင်ဆက်သွယ်မှုများကို ကာကွယ်ရန် ကြိုးပမ်းနေသဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးသည် ပိုမိုနက်ရှိုင်းလာဖွယ် ရှိကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို အပြည့်အဝ ထောက်ခံအား ပေးခြင်းထက် သံတမန်ရေးအရ အကာအကွယ်ပေးခြင်းနှင့် ရွေးချယ်ထားသော စီးပွားရေးဆိုင်ရာ ပံ့ပိုးမှုများကိုသာ ပေးဖွယ်ရှိကြောင်း၊ ထိုအချက်က မြန်မာနိုင်ငံကို အထီး ကျန်ဖြစ်မှုမှ လျှော့ချနိုင်သော်လည်း ဗြိတိန်ကုမ္ပဏီများအတွက်မူ ပိတ်ဆို့အရေးယူမှု စွန့်စားရမှုများမှ ကင်းလွတ်သွားစေမည် မဟုတ်ကြောင်း Meyka က ဆိုသည်။
မင်းအောင်လှိုင် သမ္မတဖြစ်လာခြင်းကြောင့် အခြေခံအဆောက်အအုံနှင့် ထောက် ပံ့ပို့ဆောင်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးလာနိုင်သော်လည်း အနောက်နိုင်ငံများ၏ ဈေးကွက်များသည် တင်းကျပ်သော စည်း မျဉ်းများနှင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ စိစစ်မှုများကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း Meyka က ဆိုသည်။
ကုန်စည်များ၊ သင်္ဘောအာမခံနှင့် နယ်စပ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားသော ရန်ပုံငွေများကို စောင့်ကြည့်ရန်၊ တရုတ်-မြန်မာ ဆက်ဆံရေးသည် ဘင်္ဂလားပင်လယ်အော်မှ ယူနန်သို့ သွားသော လမ်းကြောင်းများကို ပြောင်းလဲစေနိုင်ပြီး ကုန်စည်ပို့ဆောင်ခနှင့် စွန့်စားရမှု ဈေးနှုန်းများကို ပြောင်းလဲစေနိုင်ကြောင်း၊ ရှယ်ယာရှင်များအနေဖြင့် မြန်မာနိုင်ငံမှ ကုန်ကြမ်းယူသူများ သို့မ ဟုတ် မြန်မာနိုင်ငံကို ဖြတ်သန်းသွားရသည့် ထောက်ပံ့သူများကို ပြန်လည်အကဲဖြတ်ရန်လိုအပ်ကြောင်း၊ အကယ်၍ မြန်မာနိုင်ငံတွင် ပိုမိုကျယ်ပြန့်သော တိုက်ပွဲများ ဖြစ်လာပါက ဒေသတွင်း ထောက်ပံ့ပို့ဆောင်ရေး စရိတ်များ မြင့်တက်လာနိုင်သည်ကို မျှော်လင့်ထားရန် လိုအပ်ကြောင်း Meyka က တွက်ချက်ခန့်မှန်းထားသည်။
ထို့ကြောင့် လာမည့် ရက် ၃၀ အတွင်း ဖောက်သည်များ၊ ထောက်ပံ့သူများ၊ ဘဏ်များနှင့် အာမခံကုမ္ပဏီများအကြား ပိတ်ဆို့အရေးယူမှုဆိုင်ရာ စစ်ဆေးမှုများကို ပြုလုပ်သင့်ကြောင်း၊ စာချုပ်ပါ အချက်အလက်များတွင် ရုတ်တရက် အပြောင်းအလဲဖြစ်လာလျှင် ရပိုင်ခွင့်များ (Snap-back rights) နှင့် မလွှဲမရှောင်သာသော အခြေအနေ (Force majeure) အချက်များကို မွမ်းမံသင့်ကြောင်း၊ အစားထိုး သင်္ဘောလမ်းကြောင်းများနှင့် ဆိပ်ကမ်းများကို ကြိုတင်သတ်မှတ်ထားသင့်ကြောင်း၊ မြန်မာနိုင်ငံအတွင်း စာရွက်စာတမ်းစစ်ဆေးမှုများ ပိုမိုကြာမြင့်နိုင်သည်ဟု ယူဆကာ ကုန်ပစ္စည်းပို့ဆောင်ချိန်နှင့် ငွေပေးချေမှု အချိန် များကို တိုးမြှင့်ထားရန် လိုအပ်ကြောင်း အကြံပြုထားသည်။
ကုမ္ပဏီများအနေဖြင့် ကြန့်ကြာနေသော ငွေလက်ခံဖြတ်ပိုင်းများနှင့် မြင့်မား သော လည်ပတ်အရင်းအနှီး လိုအပ်ချက်များအတွက် ဗြိတိသျှပေါင် (GBP) ငွေသားအရန်သင့်မှုကို ပုံဖော်တွက်ချက်ထားသင့်ကြောင်း၊ အခြေအနေ သုံးရပ်အတွက် ပြင်ဆင်ထားသင့်ပြီး အခြေအနေ ပိုမိုဆိုးရွားလာခြင်း၊ တုံ့ဆိုင်းနေခြင်း နှင့် အတိုင်းအတာတစ်ခုအထိ လျော့ပါးသွားခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ အခြေအနေ တစ်ခုချင်းစီကို ပိတ်ဆို့အရေးယူမှုအသစ်၊ ဘဏ်လုပ်ငန်း ကန့်သတ်ချက် သို့မဟုတ် နယ်စပ်ပဋိပက္ခများကဲ့သို့သော အစပျိုးချက် (Triggers) များဖြင့် ချိတ်ဆက်ထားရန် အကြံပြုသည်။
ကန့်သတ်ခံထားရသော ကဏ္ဍများ သို့မဟုတ် အဖွဲ့အစည်းများနှင့် မပတ်သက်သော စွန့်စားရမှုနည်းသည့် ဝန်ဆောင်မှုများအတွက် “အစိမ်းရောင်အချက်ပြ” နှင့် လုပ်ငန်းမှ နုတ်ထွက်ရမည့် “အနီရောင်စည်းမျဉ်း” များကို တိကျစွာ သတ် မှတ်ထားရန်လည်း အကြံပြုထားသည်။
မြန်မာနိုင်ငံ၏ အခြေအနေများက ယူကေရင်းနှီးမြှုပ်နှံသူများအတွက်မူ လက် တွေ့ကျသော သက် ရောက်မှုမှာ ပိုမိုမြင့်မားသော မြန်မာနိုင်ငံဆိုင်ရာ ပိတ်ဆို့အရေးယူမှု စွန့်စားရမှုများ၊ ပိုမိုတင်းကျပ်သော ဘဏ်နှင့်ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်မှု ရှိလာနိုင်ကြောင်း သိရှိရသည်။
စစ်တပ်နှင့် ဆက်နွှယ်သော စွမ်းအင်၊ သတ္တုတွင်း၊ သစ်တော၊ ကျောက်မျက်၊ ကာကွယ်ရေးနှင့် ပို့ဆောင်ရေး ဝန် ဆောင်မှုများသည် အမြင့်ဆုံး စွန့်စားရမှု ရှိနေကြောင်း၊ ဒါရိုက်တာများ၊ အကျိုးခံစားခွင့်ရှိသူများနှင့် ကြားခံဆောင်ရွက်သူများကို သေ ချာ စွာ စိစစ်ရန် လိုအပ်ကြောင်း၊ အာမခံသူများ၊ သင်္ဘောကုမ္ပဏီများနှင့် ဘဏ်များသည်လည်း စည်းမျဉ်းများကို ပိုမိုတင်းကျပ်လာဖွယ်ရှိကြောင်း Meyka က အကြံပြုခန့်မှန်းထားသည်။