ဖားကန့်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကော်မရှင်စခန်း ၃ ခုကို KIA သိမ်းပိုက်၊ စစ်ကော်မရှင်က လေကြောင်းဖြင့် တုံ့ပြန်ဗုံးကြဲ
ဧရာဝတီတိုင်းမ်
ဧပရယ် ၂ရက်


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ စစ်ကော်မရှင်၏ ရှေ့တန်းစခန်းအချို့ကို ကချင် လွတ်မြောက် ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာပြီး စစ်ကော်မရှင်ဘက်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ဖားကန့်မြို့နယ်အတွင်းရှိ စစ်ကော်မရှင် တပ်စွဲထားသည့် အင်းမားယာန်၊ ဆွတ်ဘွမ်နှင့် သင်္ချိုင်းကုန်း နေရာများကို ယနေ့ ဧပြီ ၂ ရက်တွင် KIA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ စခန်းများ လက်လွှတ်လိုက်ရပြီးနောက် မွန်းလွဲ ၁၂ နာရီကျော်အချိန်တွင် စစ်ကော်မရှင်ဘက်က လေကြောင်း အင်အားသုံးကာ တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ရှေ့တန်းစခန်းတွေပါသွားလို့ လေကြောင်းကပါ ဗုံးလာကြဲပါတယ်။ ပြန်သိမ်းသွားတဲ့ KIAရဲ့အရင်က စခန်းတွေပေါ့။ လုံးခင်းဘက်က စစ်တပ်စစ်ကြောင်းထွက်လာမယ်လို့လည်း သတင်းလွှင့်နေတယ်” ဟု လုံးခင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကော်မရှင်သည် ဖားကန့်ဗျူဟာကုန်း၏ အနောက်ခြမ်းကို အဓိကထား ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး မှော်ဝမ်း ကြီးနှင့် မှော်ဝမ်းလေး ကျေးရွာတစ်ဝိုက်သို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့သည်။ လက်ရှိတွင် ဖားကန့်မြို့နယ်အတွင်းရှိ မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ မရှီကထောင်၊ ဖားပြင်နှင့် ယူမာကျေး ရွာများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ သိရသည်။
တိုက်ပွဲများ ပြင်းထန်နေမှုကြောင့် ဖားကန့်ဒေသအတွင်းရှိ လမ်းကြောင်းအချို့ ပိတ်ဆို့သွားခဲ့ပြီး ခရီးသွားလာနေသည့် မော်တော်ယာဉ်များမှာ ဘေးလွတ်ရာတွင် ရပ်နားထားရကာ လမ်းပိတ်မိနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
လက်ရှိတွင် ပစ်ခတ်သံများ ခေတ္တရပ်တန့်နေသော်လည်း လုံးခင်း ယမ်းချက်ဘက်မှ စစ်ကြောင်းများ ထွက်လာမည်ဟု စစ်ကော်မရှင်ဘက်က သတင်းလွှင့်ထားသဖြင့် ဒေသခံများမှာ စိုးရိမ်လျက်ရှိကြောင်း သိရသည်။
ပုံစာ-KIA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
#ဖားကန့် #တိုက်ပွဲသတင်း #စစ်ကော်မရှင် #KIA #စခန်းသိမ်းပိုက် #လေကြောင်းတိုက်ခိုက်မှု #Ayeyarwaddy_Times