ဖားကန့် မော်ဝမ်းဆွတ်ဘွမ်ဝန်းကျင် တိုက်ပွဲပြင်းထန်၊ စကမ တပ်စခန်း (၆) ခုကို KIA သိမ်းပိုက်၊ စကမ တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲနေ။

ဖားကန့် မော်ဝမ်းဆွတ်ဘွမ်ဝန်းကျင် တိုက်ပွဲပြင်းထန်၊ စကမ တပ်စခန်း (၆) ခုကို KIA သိမ်းပိုက်၊ စကမ တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲနေ။
၂ ဧပြီ ၂၀၂၆။ – 7Stars News
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မော်ဝမ်းဆွတ်ဘွမ်ဝန်းကျင်ရှိ စစ်ကော်မရှင်တပ်စခန်းများအား KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ညနေပိုင်းမှစပြီး ပြင်းပြင်းထန်ထန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြရာ ယနေ့ နံနက်တွင်် စစ်ကော်
မရှင်တပ်၏ စခန်း (၆) ခုကို KIA တို့ သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ညနေပိုင်းမှစပြီး KIA နှင့် ပူးပေါင်းတပ်ဖွဲ့မှ စစ်ကော်မရှင် တပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကော်မရှင် တပ်ဘက် အကျအဆုံးများစွာဖြင့် ဆုတ်ခွာခဲ့ရကာ လက်နက်ခဲယမ်း အမြောက် အမြားလည်း လက်လွှတ်ခဲ့ရကြောင်း မြေပြင် သတင်းရင်းမြစ်က 7stars News ကို ပြောသည်။
“မနေ့ညနေပိုင်း ၆ နာရီအချိန်လောက်ကတည်း က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ မော်ဝမ်းဆွတ်ဘွမ် ဝန်းကျင် နဲ့ ဥရုဒေသ ဝန်းကျင်မှာရှိတဲ့ စကမ တပ်စခန်းတွေကို ထိုးစစ်ဆင်ခဲ့ကြတယ်။ နှစ်ဘက် ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြ တယ်။ လက်နက်ကြီး သံတွေ လက်နက်ငယ်သံတွေ ရောထွေးနေတာပဲ။ ဒီနေ့ နံနက်ပိုင်းမှာစကမ တပ်စခန်း ၆ ခုကို KIA ပူးပေါင်းအဖွဲ့တွေ သိမ်းလိုက်နိုင်ပြီလို့ ကြားတယ်။ စကမ တပ်ဖွဲ့တွေ အကျအဆုံးများပြီး လက်နက်ခဲယမ်းတွေလည်း အတော်များများ လက်လွတ်ဆုံးရှုံးခဲ့ကြရတယ်လို့ ကြားထားတယ်။” ဟု ပြောဆိုသည်။
တိုက်ပွဲအတွင်း စစ်ကော်မရှင် တပ်ဖွဲ့မှ အကျအရှုံးများပြီး လက်နက်ခဲယမ်းအမြောက်အမြား ဆုံးရှုံးမှုရှိကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ ကြားသိရသော်လည်း 7stars News အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးချေ။
ယနေ့နံနက် KIA ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့သော တပ်စခန်းအချို့ကို စစ်ကော်မရှင်တပ်ဖွဲ့က ယနေ့ မွန်းလွဲပိုင်း ၂:၀၀ နာရီအချိန်တွင် ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်မှုပြုခဲ့ကြောင်း ဆက်လက်ကြားသိရသည်။
နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု နှင့် ပတ်သက်၍လည်း ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ဖားကန့်မြို့နယ်တွင် လွန်ခဲ့သော ဖေဖော်ဝါရီလဆန်းပိုင်း၌လည်း စစ်ကော်မရှင်တပ်ဖွဲ့ နှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။
#ဖားကန့်မြို့နယ်