စက်သုံးဆီသုံးစွဲမှုလျှော့ချနိုင်ရေး ယာဉ်အိုယာဉ်ဟောင်းများကို EV-လျှပ်စစ်ကားများဖြင့် အစားထိုးရန် မင်းအောင်လှိုင်က မူဝါဒချမှတ်၊ သားနှင့်သမီးဖြစ်သူက EV-လျှပ်စစ်ကားများ ပြည်တွင်းသို့ အများဆုံး တင်သွင်းနေ
ရန်ကုန်၊ ဧပြီ ၂
မြန်မာနိုင်ငံတွင် စက်သုံးဆီသုံးစွဲမှုများ လျှော့ချနိုင်ရေးအတွက် စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများကို အပ်နှံ၍ EV-လျှပ်စစ်ကားများ အစားထိုးတင်သွင်းရန် မင်းအောင် လှိုင်က မူဝါဒချမှတ်လိုက်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။
ယမန်နေ့ နေပြည်တော်တွင်ပြုလုပ်သော စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေးအစည်း အဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။
“စက်သုံးဆီသုံးစွဲမှုကိုလျှော့ချနိုင်ပါက တစ်ဖက်မှလည်း နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း၊ စက်သုံးဆီများကို လျှော့ချနိုင်ရန်အတွက် EV ကား တင်သွင်းမှုများကိုဆောင်ရွက်ရာတွင် စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများအပ်နှံ၍ EV ကားများ ပြန်လည်တင်သွင်းသည့်စနစ်ဖြင့် ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း” မင်းအောင်လှိုင်က ပြောဆိုသည်။
ယခုကာလသည် ပူပြင်းခြောက်သွေ့သည့် နွေရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် လေအေးပေးစက်များကို ပိုမိုအသုံးပြုလာကြကြောင်း၊ ထိုသို့အသုံးပြုရာတွင် လျှပ်စစ်ဓာတ်အားကို အသုံးပြုမှုများ များပြားလာသကဲ့သို့ မီးစက်များအသုံးပြု၍လည်း ဆောင်ရွက်ကြကြောင်း၊ လျှပ်စစ်ဓာတ်အားကို ချွေတာရန်လိုအပ်သကဲ့သို့ မီးစက်သုံး ဆီသုံးစွဲခြင်းများနှင့် မော် တော်ယာဉ်အသုံးပြုမှုများကိုလည်း လျှော့ချသွားရန်လိုကြောင်း ၎င်းက ဆိုသည်။
ဖခင်ဖြစ်သူ မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်းရှိ စက်သုံးဆီအသုံးပြုသော ယာဉ်များကို လျှပ်စစ်ကား EV များဖြင့် အစားထိုးရန် မူဝါဒချမှတ်နေချိန် သားဖြစ်သူ အောင်ပြည့်စုံနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်တို့မှာ မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံမှ လျှပ်စစ်ကား EV များ အကြီးအကျယ် တင်သွင်းနေသူများဖြစ်ကြောငး တပ်အသိုင်းအ၀ိုင်းနှင့်စီးပွားရေး အသိုင်းအ၀ိုင်းထံမှ စုံစမ်းသိရှိရသည်။
အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ပြည်တွင်း လျှပ်စစ် ဓာတ်အား လုံလောက်စွာ ရရှိရေးအတွက် ဆိုလာနှင့် ဆက်စပ် ပစ္စည်းကို ပြည်ပမှ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုခဲ့ပြီးနောက် မင်းအောင်လှိုင်၏ သားနှင့်သမီးဖြစ်သူတို့က ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ်နှင့် EV-လျှပ်စစ် ကားတင်သွင်းမှုများကို မြန်မာနိုင်ငံအတွင်းသို့ အကြီးအကျယ် တင်သွင်းမှုများ လုပ်ဆောင်ခဲ့ကြသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်က ၎င်း၏ လုပ်ဖော်ကိုင်ဖက်များဖြစ်သော နိုင်ဖြိုးကျော်၊ ဝေယံမင်းမောင်တို့နှင့်အတူ NPK Motor Co Ltd ကုမ္ပဏီထူထောင်ပြီး မြန်မာနိုင်ငံတွင်းသို့ လျှပ် စစ် ကားများနှင့် MG Myanmar ၊ Leapmotor Myanmar အမှတ်တံဆိပ်အမျိုးအစားအပါအဝင် လျှပ်စစ် ကားအမျိုးမျိုးကို တင်သွင်းရောင်းချလျက်ရှိသည်။
မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန် ပိုင်ဆိုင်သော NPK Motor Co Ltd ကုမ္ပဏီက မြန်မာနိုင်ငံအတွင်းသို့ လျှပ်စစ်ကား အမှတ်တံဆိပ်အမျိုးမျိုးကို တင်သွင်းနေသည့်အပြင် မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်ကားများတွင် ဓာတ်အားသွင်းသည့် EV Charging Station များလုပ်ပိုင်ခွင့်ရရှိခဲ့ပြန်သည်။
အလားတူ မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက EV ကားတင်သွင်းမှုအဖြစ် တရုတ် BYD ကုမ္ပဏီမှ ကားများကို ပြည်တွင်းကုမ္ပဏီခွဲများစွာ တည် ထောင်၍ တင်သွင်းနေဆဲဖြစ်ကြောင်း သိရှိရသည်။