ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ- SCEF တည်ထောင်ကြောင်းကြေညာပွဲမှ မိန့်ခွန်းကောက်နှုတ်ချက်များ
-People’s Spring






ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ- SCEF ကို မတ်လ ၃၀ ရက်မှာ
ကချင်လွတ်လပ်ရေးအဖွဲ့( KIO)၊ကရင်အမျိုး
သားအစည်းအရုံး( KNU)၊ကရင်နီ အမျိုးသား
တိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF) ၊အမျိုးသားညီညွတ်ရေးအစိုးရ(NUG)
၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
(CRPH)တို့နဲ့ကနဦးဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
●NUG ယာယီသမ္မတ ဒူဝါလရှီးလ
-နွေဦးတော်လှန်ရေးသမိုင်းမှာ ထင်ရှားတဲ့ နိုင်ငံ
ရေးမှတ်တိုင်တစ်ခုအနေနဲ့ ကျနော်တို့ဟာ “ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်
စီ ကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ပြောလိုပါတယ်။ “ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” ကို၊ ပိုမိုညီညွတ်သော နိုင်ငံရေး – စစ်ရေး မဟာမိတ်စုဖွဲ့မှုပုံစံနဲ့ စုဖွဲ့လိုက်တာဖြစ်သလို၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု သစ် ပေါ်ထွန်းရေးအတွက်၊ တာဝန်ယူမှု / တာဝန်ခံမှုရှိတဲ့ အမျိုးသားညီညွတ်ရေးအခြေခံမူအပေါ်မှာ အခြေခံပြီး စတင်ဖွဲ့စည်းလိုက်ကြောင်း ပြောကြားလိုပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” မှာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများအပြားနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ လူထုကိုယ်စား လှယ်တွေ စုပေါင်းပြီး စုဖွဲ့လိုက်တာဖြစ်ပါတယ်။ ကျနော်တို့ဖွဲ့စည်းလိုက်တဲ့ “ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” ဟာ၊ တရားဝင်မှု၊ တာဝန်ခံမှုနဲ့ ညီညွတ်မှုကို အခြေခံတဲ့ မဟာဗျူဟာ ခြေလှမ်းသစ်ဖြစ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးကို သိစေချင်ပါတယ်။ ဒါဟာ စစ်ရေးအရဦးဆောင်လှုပ်ရှားမှုတွေကို စုစည်းကွပ်ကဲနိုင်ဖို့ ရည်ရွယ်သလို၊ နိုင်ငံရေးအရ အမျိုးသားရေး ညီညွတ်မှုကို ကျစ်ကျစ်လစ်လစ် ဦးဆောင်စုစည်းပုံဖော်ဖို့ ရည်ရွယ်ပါတယ်။
ဖက်ဒရယ်ဆိုတာဟာ ပြည်နယ်နဲ့ ဒေသတွေ အားကောင်းသန်မာရေးမူအပေါ်မှာ အခြေခံပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်စနစ်ကို ခြေခြေ
မြစ်မြစ် အုတ်မြစ်, တည်နိုင်ဖို့အတွက် လက်တွေ့ကျတဲ့ မူဝါဒဆိုင်ရာဦးဆောင်ညှိနှိုင်းမှုတွေကို အဆင့်လိုက်က လုပ်ဆောင်ဖို့ ဦးတည်ထားပါတယ်။ ပြည်နယ်နဲ့ ဒေသများ အားကောင်းသန်မာရေးမှာ အစပြုပြီး ပြည်ထောင်စုတစ်ခုလုံး အားကောင်းရေးဆီကို စုစည်းပုံဖော်ကြဖို့ ဖက်ဒရယ်အစီအမံတွေကို ချမှတ်ထားပါတယ်။ အဲသည့်ထဲမှာ၊ ကျနော်တို့ အနေနဲ့ အပြီးသပ် နိဂုံးချုပ်ပေးလိုက်ဖို့ လိုအပ်တဲ့ အရေးကြီးကိစ္စကတော့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် အကြမ်းဖက် စစ်တပ်ကို နိုင်ငံရေးထဲကနေ အပြီးသပ် ဖယ်ရှားပစ်ဖို့ကိစ္စ ဖြစ်ပါတယ်။
ကျွန်တော်တို့ စုစည်းလိုက်တဲ့ “ဖက်ဒရယ်ပြည်
ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” ဟာ၊ တော်လှန်ရေးအရ ပြတ်ပြတ်သားသားဖြစ်ရမယ်။ နိုင်ငံရေးအရ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ရမယ်လို့ ခံယူပါတယ်။ ဒါ့အပြင် စစ်အရေးအရ ကျစ်လစ်သော မဟာမိတ်အင်အားစုကို အခြေခံပြီး၊ စနစ်ကျနတဲ့ ဖက်ဒရယ်တပ်မတော် ဆီကို ဦးတည်နေကြောင်း ပြောလိုပါတယ်။
ကျွန်တော်တို့ အနေနဲ့ မဟာမိတ်စစ်ရေးအင်အားစု အချင်းချင်းအကြား အပြန်အလှန် ယုံကြည်မှုအပေါ်မှာ အခိုင်အမာ တည်ဆောက်ထားပါတယ်။ လွတ်မြောက်ရေးကို ဦးတည်တာဖြစ်ပြီး ဒါတွေ အားလုံးဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်အတွက် အလိုအပ်ဆုံးသော ပြည်နယ်/ ဒေသအားလုံး လက်နက်ကိုင်လမ်းစဉ်နဲ့ယှဉ်သော လူထုတော်လှန်ရေးနည်းနာတွေကို ကျယ်ကျယ်ပြန့်ပြန့် ပေါင်းစပ်ဖို့ ခြေလှမ်းသစ်စတင်လိုက်တာ ဖြစ်
ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
●KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း
ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ ဒီအချိန်အခါမှာ ပူးပေါင်းညှိနှိုင်းမှု၊ နိုင်ငံ ရေးရည်ရွယ်ချက်များ ရှင်းလင်းပြတ်သားမှု နဲ့ ပူးပေါင်းဦးဆောင်မှု စတာတွေဟာ မရှိမဖြစ် လိုအပ်နေ တဲ့ အဆင့်ကို ရောက်ရှိနေပါတယ်။ ခုအချိန်မှာ ကျွန်တော်တို့ဟာ တစ်ဦးချင်း သီးခြား လှုပ်ရှားနေတဲ့ အဖွဲ့အစည်းများ မဟုတ်တော့ပါ။ ကျွန်တော်တို့ဟာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု တည်ဆောက်နေတဲ့ သမိုင်းဝင်လုပ်ငန်းစဉ် တစ်ခုရဲ့ အစိတ်အပိုင်းတွေ ဖြစ်နေပါတယ်။ သို့သော် အဲ့ဒီ ပြည်ထောင်စုကို အဖွဲ့အစည်း တစ်ခုတည်းက ကြေညာလို့ မရနိုင်ပါ။ အတူတကွ တည် ဆောက်ရမယ့်အရာဖြစ်ပါတယ်။
ဒီဦးဆောင်ကောင်စီကို မဏ္ဍိုင်သုံးခုဖြစ်တဲ့၊( ၁) ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြု မဏ္ဍိုင် (၂) ပြည်သူ့ကိုယ်စားပြု မဏ္ဍိုင်( ၃) အမျိုးသမီးကိုယ်စားပြု မဏ္ဍိုင်- စသည်တို့ နဲ့ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ပထမ မဏ္ဍိုင်မှာ ပြည်နယ်/ယူနစ်များနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အတွင်း ပြည်နယ်အသီးသီးက တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များဟာ ကိုယ်
ပိုင် ဒေသများတွင် လက်နက်ကိုင်တော်လှန်ရေးနှင့် နိုင်ငံရေးတော်လှန်ရေးကို ဆောင်ရွက် လာခဲ့ကြပါတယ်။ ကျနော်တို့ရဲ့ လူထုကို ကာကွယ်ခဲ့ကြပြီး၊ ကိုယ်ပိုင် အမျိုးသားလက္ခဏာများကို ထိန်းသိမ်းခဲ့ကြပါတယ်၊ ဖက်ဒရယ်စနစ်အတွက် အမျှော်အ
မြင်ကို ဆက်လက် ထိန်းသိမ်းထားခဲ့ကြပါတယ်။ ဒီမဏ္ဍိုင်မှာ ပါဝင် ခြင်းဟာ သမိုင်းနဲ့ တာဝန် နှစ်ခုလုံးကို ထင်ဟပ်စေပါတယ်။အဲ့ဒီလိုပါပဲဖက်ဒရယ်စနစ်ဟာ သီအိုရီတစ် ခုသာ မဟုတ်ပါဘူး။ ပြည်နယ်/ယူနစ်များနဲ့ လူမျိုးစုများ၏ ကိုယ်ပိုင် ပြဌာန်းခွင့်အပေါ် အခြေခံထားပါ တယ်။ ဒီမဏ္ဍိုင်ဟာ အနာဂတ် ပြည်ထောင်စုရဲ့ အခြေခံဖြစ်လာမယ့် နိုင်ငံရေးအစုအဖွဲ့များကို ကိုယ်စား ပြုပါတယ်။ အဲ့ဒီအတွက်ကြောင့် ဒီဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဟာ လက်ရှိတော်လှန်ရေးအတွက်သာ မဟုတ်ဘဲ ဖက်ဒရယ် အုပ်ချုပ်မှုစနစ်ကို အခြေခံမှ စတင်တည် ဆောက်ဖို့ရန်ကိုလည်း ရည်ရွယ်ထားတာဖြစ်ပါတယ်။
ကျနော်အထူးအလေးထား တင်ပြလိုတဲ့ မဏ္ဍိုင်ကတော့ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင် ဖြစ်ပါတယ်။ဒီမဏ္ဍိုင်ကို သယုတ်ပြ ထည့်သွင်းခြင်း မဟုတ်ပါဘူး။ အစဉ်တစိုက် မှားယွင်းပျက် ကွက်ခဲ့တဲ့ အခြေ အနေတစ်ခုကို ပြန်လည်မှန်ကန်စေခြင်း ဖြစ်ပါတယ်။ အမျိုးသမီးများဟာ အမြဲတမ်း ကျနော်တို့တော် လှန်ရေး၏ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ခဲ့ကြပါတယ်။ ခေါင်းဆောင်များအဖြစ်၊ စီမံခန့်ခွဲသူများ အဖြစ်၊လူထုကို ထောက်ပံ့ပေးသူများအဖြစ်၊ လူမှုအသိုင်းအဝိုင်းကို ထိန်းသိမ်း ထားသူများအဖြစ် ပါဝင် ခဲ့ကြပါတယ်။ သို့သော် ဦးဆောင်မှုအဆင့်မှာတော့ သူတို့ရဲ့ အခန်းကဏ္ဍကို လုံလောက်စွာ အသိအမှတ် ပြုခဲ့တာမျိုးမရှိခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာ ၎င်းတို့ကို မဏ္ဍိုင်တစ်ခုအဖြစ် သတ်မှတ်ခြင်းဟာ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီမှာ မဖြစ်မနေပါဝင်ရမယ့် အဓိက အချက်တစ်ချက် ဖြစ်ကြောင်းကို ပြသခြင်း ဖြစ်ပါတယ်။
ကျနော်တို့ဟာ စစ်တပ်ကိုသာ ရင်ဆိုင်ရမှာမဟုတ်ပဲ ကျနော်တို့ အချင်းချင်းအတွင်းမှာလည်း ညီညွတ် မှုကို တည်ဆောက်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီညီညွတ်မှုကို တည်ဆောက်ဖို့အတွက် မတူညီ မှုများကို အသိအမှတ်ပြုပြီး ပေါင်းစည်းနိုင်တဲ့ ဖွဲ့စည်းပုံတစ်ခု လိုအပ်ပါတယ်။ဒီဖက်ဒရယ်ဦးဆောင်ကောင်စီဟာ အဲ့ဒီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ မဏ္ဍိုင်အသီးသီးက ကိုယ်စားပြု ပါဝင်သူများကိုယ်စား ကျနော်ပြောလိုတာကတော့ ကျနော်တို့ဟာ တာဝန်ယူမှု၊ ပြတ်သားမှုနဲ့အတူ ဒီဦးဆောင်ကောင်စီမှာ ပါဝင်ကြပါတယ်။
ပြည်သူလူထုကိုလည်း ဒီဦးဆောင်ကောင်စီဟာ သင်တို့ရဲ့ကောင်စီ/ ခင်ဗျားတို့ရဲ့ကောင်စီပဲ ဖြစ်ပါတယ် လို့ ပြောချင်ပါတယ်။ ပြည်သူတွေရဲ့ အားထုတ်မှုများ၊ ပြည်သူတွေရဲ့ သွေးနဲ့ ချွေးများ၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်များ က သာလျှင် ဒီဦးဆောင်ကောင်စီကို ဖွဲ့စည်းနိုင်ဖို့ တွန်းပို့ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ တာဝန်ကတော့ အဲ့ဒီအရာတွေကို တာဝန်ယူမှုနဲ့ သမာဓိရှိစွာ ဆက်လက် ဆောင်ရွက်သွားဖို့ပဲ ဖြစ်ပါတယ်။ ရှေ့မှာစိန်ခေါ်မှုတွေအများကြီး ရှိမယ်ဆိုတာကို ကျနော်တို့ သိပါတယ်။ကျနော်တို့ အတူတကွ ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားကြမှာ ဖြစ်ပါတယ်။
●KNPP ဥက္ကဋ္ဌ ခူဦးရယ်
ဒီကနေ့ဟာဆိုရင်ကျွန်တော်တို့ဆင်နွှဲနေတဲ့ လူထုတော်လှန်ရေးကြီးရဲ့ အကွေ့တစ်ခုကိုရောက်ရှိခဲ့ပြီလို့ ကျနော်ယုံကြည်မျှော်လင့်ခြင်းများနဲ့အတူ ကနဦးအသိပေးပြောကြားလိုပါတယ်။နေ့စဉ်နဲ့အမျှ မျက်ရည်မစဲ၊ဝမ်းနည်းနာကြည်းဖွယ်ရာအ
ဖြစ်ဆိုးများကို ခါးစည်းရင်ဆိုင်နေကြရတဲ့ ကျွန်တော်တို့ ပြည်သူတွေအတွက်အထူးအားရကျေနပ်ဖွယ်ရာမဟုတ်သော်လည်း ကျွန်တော်တို့လျှောက်လှမ်းနေရတဲ့ တော်လှန်ရေးခရီးရှည်လမ်းကြမ်းကြီးရဲ့ အချိုးအဆစ်တစ်ကွေ့ကိုတော့ ရောက်လာပြီလို့ ပြောရမယ့်နေ့ ဘဲ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီလမှာ စစ်တပ်က အာဏာ
သိမ်းလိုက်တဲ့အခါမှာ တိုင်းပြည်တွင်းမှာရှိကြတဲ့ပြည်သူများနဲ့ တိုင်းပြည်အပြင်အပ ကမ္ဘာ့နိုင်ငံ အသီးသီးကို ရောက်ရှိနေကြတဲ့ မြန်မာြပည်သူများဟာ စစ်အာဏာရှင်ကို အကြွင်းမဲ့ဆန့်ကျင်ဖီဆန် ခဲ့ကြတဲ့အပြင် အာဏာရှင်ကရေးပြီး အာဏာရှင်ကပဲ ဖျက်ဆီးပစ်လိုက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ချွင်းချက်မရှိ အပြီးတိုင် ငြင်းဆန်စွန့်ပစ်ခဲ့တာဖြစ်ပါတယ်။ အဲဒါအပြင် ပြည်သူတွေဟာ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲနိုင်ရေးကိုပါ တညီတညွတ်တည်း တောင်းဆိုခဲ့ကြပါတယ်။
ဖက်ဒရယ်ပေါ်ထွန်းရေးဦးဆောင်ကောင်စီကို ကျနော်တို့ မဏ္ဍိုင်ကြီး ၃ ခုနဲ့ဖွဲ့စည်းဖို့ဆုံးဖြတ်ခဲ့ကြပါတယ် — ဒီမဏ္ဍိုင်ကြီးများကတော့ ၁) ပြည်နယ်/ယူနစ်/EROs၊ ၂) ပြည်သူ့ကိုယ်စားပြု နဲ့ ၃) အမျိုးသမီးကိုယ်စားပြု – စသည်တို့ပဲဖြစ်ပါတယ်။ မဏ္ဍိုင်ကြီး ၃ ခုကို အခြေခံထားသော်လည်း အခြေအနေနဲ့ စိန်ခေါ်မှုအမျိုးမျိုးကြောင့် ကနဦးအနေနဲ့ စတင်ဆွေးနွေးခဲ့ကြတဲ့ ကျွန်တော်တို့ အဖွဲ့ ၅ ဖွဲ့ နဲ့အတူ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတ (CRPH) – အားလုံးပေါင်း ၆ ဖွဲ့ နဲ့အစပျိုးတာထွက်ဖို့ ဖြစ်လာခဲ့ပါတယ်။ မဏ္ဍိုင် ၃ ခု စုံစုံလင်လင်မပါနိုင်သေးတာနဲ့ မဏ္ဍိုင်တစ်ခုစီမှာလည်း ပါသင့်ပါထိုင်သူအားလုံး ပါမနေသေးတာဟာ အချိန်ရဲ့စိန်ခေါ်မှုနဲ့ဖိအားကို မကျော်လွှားနိုင်တဲ့ ကျွန်တော်တို့ရဲ့ အားနည်းချက်တခုတော့ ဖြစ်ခဲ့ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ လာမယ့် ရက် ၆၀ အတွင်း အမြန်ဆုံးပြင်ဆင်ဖြည့်စွက်နိင်ဖို့ကို ကြိုစားသွားမှာဖြစ်ပါတယ်။
●CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်
ဒီကနေ့ ကျွန်တော်တို့ တော်လှန်ရေးရဲ့ အဓိက ဦးတည်ချက်ဟာ အုပ်ချုပ်သူအပြောင်းအလဲပုံံစံ ပြုပြင်ပြောင်းလဲရေး ထက် သက်ဆိုင်သူအားလုံးပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ် တည်ဆောက် နိုင်ရေးအတွက် ဖြစ်တယ်ဆိုတာကို မြန်မာပြည်သူလူထုနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ထပ်မံ သက်သေပြလိုက်နိုင်ခြင်း ဖြစ်ပါတယ်။ တော်လှန်ရေး (၅)နှစ်ကြာ ကာလအထိတိုင်အောင် ကြံ့ကြံ့ခိုင် ရင်ဆိုင်နေကြတဲ့ မြန်
မာ ပြည်သူလူထုကို ကိုယ်စားပြုနေတဲ့ ကျွန်တော်တို့ အင်အားစုတွေအကြား ယခုတည်ဆောက်နိုင် ခဲ့တဲ့ ညီညွတ်မှုဟာ ပြည်သူလူထုအတွက် စစ်မှန်တဲ့ မျှော်လင့်ချက်ကို ဖော်ဆောင်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ နိုင်ငံ့ရဲ့ ကာလရှည်ဖြစ်တည်ခဲ့တဲ့ ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ ဖြစ်ပါတယ်။
ကျွန်တော်တို့ ရွေးကောက်ခံလွှတ်တော်ကိုယ်စား
လှယ်များအနေနဲ့ ဒီဦးဆောင်ကော်မတီ ရဲ့ လုပ်
ငန်းလမ်းညွှန်ပါ မျှော်မှန်းချက်၊ ရည်ရွယ်ချက်များနဲ့ သဘောတူညီချက်များကို အပြည့်အဝ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်သလို လွှတ်တော်ကဏ္ဍကနေလည်း ကော်မတီရဲ့ ကြိုးစားအားထုတ်မှုတွေကို အထောက်အကူဖြစ်စေမဲ့ လုပ်ငန်းများကို ချမှတ် ဆောင်ရွက်သွားမယ်ဆိုတာ အသိပေး ပြောကြားလိုပါတယ်။
ဒီကနေ့လို စိန်ခေါ်မှု အမျိုးမျိုးရှိနေတဲ့ အချိန်ကာလမှာ ဒီဦးဆောင်ကော်မတီကို ဖွဲ့စည်းနိုင်ခဲ့တာဟာ ကြီးမားတဲ့ အောင်မြင်မှုလို့ ဆိုနိုင်ပေမယ့် မမျှော်မှန်းထားတဲ့ စိန်ခေါ်မှုများစွာကလည်း ကြိုဆို နေတယ်ဆိုတာကို ခေါင်းဆောင်များအားလုံး လက်ခံသဘောတူကြမယ် ထင်ပါတယ်။ ပြည်သူ လူထုကိုရော၊ နိုင်ငံတကာ အသိုက်အဝန်းကိုရော ကျွန်တော်တို့ရဲ့ စုစည်းမှု၊ ကျွန်တော်တို့ရဲ့ မျှော်
မှန်းချက်နဲ့ ဦးတည်ချက်တွေအပေါ် ယုံကြည်ကိုးစားပြီး ပူးပေါင်းဆောင်ရွက်လာစေဖို့ ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ အင်အားစုတွေအကြား စစ်မှန်တဲ့ အပြောင်းအလဲအတွက် ဒီကနေ့ ပြသခဲ့တဲ့ ညီ
ညွတ်မှုဟာ ရှေ့အနာဂတ်ကာလတွေမှာ ကြုံရမဲ့ အခက်အခဲ၊ အတားအဆီး၊ စိန်ခေါ်မှု မျိုးစုံကို အတူတူ ရင်ဆိုင်ကျော်လွှားကြမယ်ဆိုတဲ့ စုစည်းမှုနဲ့ ကတိကဝတ်လို့ ယုံကြည်ပါတယ်။ မျှော်လင့်
ချက် ကင်းမဲ့နေတဲ့ ပြည်သူလူထုအတွက် အဘက်ဘက်က ယိမ်းယိုင်ပျက်ယွင်းနေတဲ့ တိုင်းပြည်အတွက် ယခုထက်သာတဲ့ ညီညွတ်မှု၊ စုစည်းမှုနဲ့ ပူးပေါင်းဆောင်ရွက်သွားကြပါ။
●ချင်းအမျိုးသားတပ်ဦး(CNF)ဥက္ကဋ္ဌပူးဇင်ကျုံး
SCEF ရဲ့ ရည်မှန်းချက်သည် လွတ်လပ်ရေးအကြို ပြည်ထောင်စုမပေါ်ထွန်းမီ ကာလမှ စ၍ တစ်ပါ
တီစနစ်၊ စစ်အာဏာရှင်စနစ်ကာလများနဲ့ ယခုအချိန်အထိတူညီနေသည့်ဖက်ဒရယ်ပြည်ထောင်
စုဟူသော “နိုင်ငံရေး ရည်မှန်းချက်” ဖြစ်ပါတယ်။ ပြည်သူပြည်သားများ အနေနဲ့ ဒီရည်မှန်းချက်ဆီကို အရှိန်အဟုန်နဲ့ ပါဝင်ချီတက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။
မိဘပြည်သူအပေါင်းတို့ခင်ဗျား ဦးဆောင်ကောင်စီရဲ့ နိုင်ငံရေးဦးတည်ချက်တစ်ခုကတော့ “၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကိုအသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရေး”ပဲဖြစ်ပါတယ်။ ပြည်သူပြည်
သားများအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်သွားကြဖို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။
ယနေ့တိုက်ပွဲသဏ္ဌာန်ဟာ “ပြည်သူနဲ့ စစ်အာဏာ
ရှင်များ” အကြားဖြစ်ပွားတဲ့ တိုက်ပွဲဖြစ်ပါ တယ်။ အချုပ်အခြာအာဏာရဲ့မူရင်းပိုင်ရှင်များဟာ ပြည်သူများဖြစ်တဲ့အတွက် အချုပ်အခြာအာ ဏာကို လုယူတဲ့ စစ်အာဏာရှင်စနစ်ကို ဆုံးခန်းတိုင်သည်အထိ ပြည်သူလူထုတစ်ရပ်လုံးက ညီညီညွတ်ညွတ် ဆန့်ကျင်တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။
●ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း
အခုလို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဦးဆောင်ကောင်စီ ဖွဲ့စည်းပေါ်ပေါက်လာနိုင်ရေးအတွက် လပေါင်းများစွာ အချိန်ပေး ညှိနှိုင်းကာ ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီးများအားလုံးကို အထူး ကျေးဇူး
တင် ဂုဏ်ပြုပါကြောင်း လေးလေးနက်နက် ပြောကြားလိုပါတယ်။ တိုင်းရင်းသားများရဲ့ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံများနဲ့အတူ တော်လှန်ရေး ကာလ ၅ နှစ်တာ ဖြတ်သန်းပြီးတဲ့နောက်မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို လေ့လာသုံးသပ်ပြီး ပြည်သူလူထုတရပ်လုံး လိုလားတောင့်တလျက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အောင်မြင်စွာ ပေါ်ထွန်းလာရေးကို ရည်မှန်းကာ မဖြစ်မနေ လုပ်ဆောင်ရမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့အတူ စတင် လိုက်တဲ့ အရေးပါတဲ့ ခြေလှမ်း တစ်ရပ်လည်း ဖြစ်ပါတယ်။
စစ်အာဏာရှင် စနစ်ဆိုးကို အဆုံးသတ်နိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်း တိုင်းရင်းသားပြည်သူလူထုတရပ်လုံးရဲ့ အရင်း
အနှီးကြီးမားတဲ့ နောက်ဆုံးတိုက်ပွဲဖြစ်တာကြောင့် စုစည်းညီညွတ်မှု အပြည့်နဲ့ အားကုန်ထည့်ကာ တိုက်ပွဲဝင်သွားကြဖို့လည်း တိုက်တွန်းလိုပါတယ်။ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဦးဆောင်ကောင်စီ အနေနဲ့ တော်လှန်ရေးအဖွဲ့အစည်း အသီးသီးလက်ခံထားကြတဲ့ ဘုံနိုင်ငံရေးရည်
မှန်းချက်တခုဆီသို့ တရားဝင်မှု၊ ညီညွတ်မှုနဲ့အတူ တာဝန်ခံမှုရှိတဲ့ “ခေါင်းဆောင်မှု”နဲ့ ဦးဆောင်ညှိနှိုင်းပြီး တော်လှန်ရေးအောင်မြင်ရေးကို အကောင် အထည်ဖော်ဆောင်သွားဖို့ မဟာဗျူဟာ ရည်မှန်းချက် ထားရှိတဲ့အတိုင်း ဆက်လက်တွေ့ကြုံလာရ မယ့် တော်လှန်ရေးအခင်းအကျင်းမှာလည်း ပြတ်သားတဲ့ ဦးဆောင်မှုနဲ့ လုပ်ကိုင်ဆောင်ရွက်သွား ကြရမှာ ဖြစ်ပါတယ်။
အခုအချိန်ဟာ ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရတဲ့ တော်လှန်ရေး အဆက်ဆက်မှာ ပြည်သူလူထုရဲ့ တက်ကြွတဲ့ ပါဝင်မှုနဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအကြား စုစည်းညီညွတ်မှုများနဲ့အတူ အကြမ်းဖက်စစ်အုပ်စုကို ခုခံတွန်းလှန်နေတဲ့ အချိန်အခါဖြစ်ပြီး ဒီလိုတွန်းလှန်မှုဒဏ်ကို စစ်အုပ်စုအနေနဲ့လည်း ပြင်းပြင်းထန်ထန် ခံစားနေရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့အားလုံးရဲ့အင်အားကို ပိုမိုကျစ်လစ်အောင်တည်ဆောက်ဖို့လိုသလို တည်ဆောက်ပြီးသား အင်အားကိုပြိုကွဲစေနိုင်တဲ့ “ကျွန်တော်တို့အချင်းချင်းကြား ညီညွတ်မှု ပျက်ပြားခြင်းက ပေါ်ပေါက်လာနိုင်တဲ့ အတွင်း
ရန်၊ ပြင်ပသွေးခွဲသပ်လျှိုမှုကနေ ပေါ်ပေါက်လာနိုင်တဲ့ အပြင်ရန်” ဒီရန် (၂) ပါးကြောင့် အားလုံးပါဝင်တဲ့ စုပေါင်းအင်အားကို အပျက်အစီး မခံဘဲ စိတ်ရှည်၊ သည်းခံမှုများနဲ့ ကျွန်တော်တို့ အချင်း
ချင်းကြားနားလည်မှုတည်ဆောက်ကာပိုမိုကျယ်
ပြန့်သော စုဖွဲ့မှုတွေနဲ့ တော်လှန်ရေးဦးတည်ရာကို အမြန်ဆုံးရောက်ရှိအောင် ဆက်လက်လျှောက်လှမ်း သွားကြပါစို့။ ။