သဘောတူညီမှု ရမလာရင် အီရန် ရေနံတွင်းတွေနဲ့ စွမ်းအင် အဆောက်အအုံတွေကို ချေမှုန်းမယ်လို့ ထရမ့်ခြိမ်းခြောက်

သဘောတူညီမှု ရမလာရင် အီရန် ရေနံတွင်းတွေနဲ့ စွမ်းအင် အဆောက်အအုံတွေကို ချေမှုန်းမယ်လို့ ထရမ့်ခြိမ်းခြောက်

သဘောတူညီမှု တစ်ခုခု မရခဲ့ရင်တော့ အီရန်ရဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ဖျက်ဆီးပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။
ထရမ့်က လက်ရှိ စစ်ပွဲကို ရပ်ဆိုင်းဖို့ အီရန်နဲ့ ဆွေးနွေးမှုတွေ ရှိနေကြောင်း ပြောဆိုထားပြီး အီရန်ကတော့ အမေရိကန်နဲ့ ဘယ်လို တိုက်ရိုက် ညှိနှိုင်းမှုမှ မလုပ်ခဲ့ကြောင်း တုံ့ပြန်ထားပါတယ်။ မတ်လ ၃၀ ရက်နေ့မှာတော့ ထရမ့်က အီရန်ဟာ အမေရိကန်နဲ့ သဘောတူညီမှု တစ်ခုခု ရရှိမှသာ သက်သာနိုင်လိမ့်မယ်လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။
တကယ်လို့ အီရန်ကသာ သဘောတူညီမှု တစ်ခုခု မယူဆောင်နိုင်ခဲ့ဘူးဆိုရင် ခါ့ဂ်ကျွန်းပေါ်မှာ ရှိနေတဲ့ အီရန်ပိုင် ရေနံ ပို့ကုန် စီမံခန့်ခွဲရေး ဌာနတွေ၊ ရေနံတွင်းတွေ၊ အီရန်ရဲ့ ဓာတ်အားပေး စက်ရုံတွေနဲ့ တခြား အရေးကြီးတဲ့ အခြေခံ အဆောက်အအုံတွေပါ အမေရိကန်ရဲ့ ချေမှုန်းမှုကို ခံရလိမ့်မယ်လို့ ထရမ့်က ပြောပါတယ်။
အီရန်နဲ့ အဆင်ပြေပြေ သဘောတူညီမှုတစ်ခု ရနိုင်မယ်လို့ ခန့်မှန်းခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ထရမ့်က အခုလို ခြိမ်းခြောက်မှုတွေကို လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့တာပါ။
အီရန်က သဘောတူညီမှု တစ်ခုကို ခပ်မြန်မြန် လက်မခံဘူးဆိုရင်၊ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်မပေးဘူးဆိုရင် အီရန်ရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စက်ရုံတွေ၊ ရေနံတွင်းတွေနဲ့ ခါ့ဂ်ကျွန်းတို့ကို အမေရိကန်က လုံးဝဥဿုံ ချေမှုန်းတိုက်ခိုက်မယ်လို့ ထရမ့်က ဆိုပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်ကလည်း အီရန်ဖက်က လိုက်လျော သဘောတူညီမှု တစ်ခုခုနဲ့အတူ စစ်ပွဲဟာ နောက်ထပ် နှစ်ပတ်လောက်အတွင်း ပြီးဆုံးသွားနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ အခုဆိုရင် စစ်ပွဲက ရက်ပေါင်း ၃၀ လောက် ကြာပြီးပြီဖြစ်ကြောင်း၊ ကျန်တာကိုတော့ ကိုယ်တိုင်ပဲ စိတ်မှန်းနဲ့ တွက်ကြည့်စေလိုကြောင်း လီယာဗစ်က ပြောပါတယ်။ သမ္မတ ထရမ့်ဟာ နောက်ထပ် ၁၀ ရက်လောက်အတွင်း သဘောတူညီမှု တစ်ခုခု ရရှိလာတာကို မြင်ချင်တယ်လို့လည်း သူက အီရန်ကို ရည်ရွယ်ပြီး သတိပေးသွားပါတယ်။
တကယ်လို့ အီရန်မှာ အရပ်သား အဆောက်အအုံတွေကို တိုက်ခိုက်မယ်ဆိုရင် စစ်ရာဇဝတ်မှု ကျူးလွန်ရာ မရောက်ဘူးလားလို့ သတင်းထောက်တွေက မေးတဲ့အခါ လီယာဗစ်က အမေရိကန် တပ်တွေဟာ ဥပဒေ ဘောင်ထဲကနေပဲ အမြဲတမ်း ပြုမူလုပ်ဆောင်တယ်လို့ ပြန်ဖြေခဲ့ပါတယ်။ ဒါပေမဲ့ အီရန်အနေနဲ့ သဘောပေါက်ထားရမှာက စိတ်ကူးဖူးသမျှ အဆိုးဆုံး ဆိုတာတွေထက် ပိုပြီးဆိုးအောင် ကိုင်တွယ်နိုင်စွမ်းမျိုး အမေရိကန်မှာ ရှိနေပြီး သမ္မတ ထရမ့်က အဲဒီစွမ်းရည်တွေကို အသုံးပြုဖို့ ဘယ်တော့မှ နောက်တွန့်နေမယ့်သူ မဟုတ်ဘူးဆိုတာဖြစ်ကြောင်း လီယာဗစ်က ခြိမ်းခြောက်ခဲ့ပါတယ်။
အီရန်အစိုးရကတော့ စစ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ကြားခံနိုင်ငံတွေကနေတဆင့် အမေရိကန် တောင်းဆိုထားတဲ့ အချက်အလက်တွေကို ရရှိထားကြောင်း၊ ဒါပေမဲ့ အဲဒီ တောင်းဆိုမှုတွေဟာ လက်တွေ့မကျသလို လက်ခံနိုင်စရာလည်း မရှိကြောင်း ဝေဖန်ထားပါတယ်။
ကိုးကား: AFP
ဓာတ်ပုံ – Getty
#အီရန်စစ်ပွဲ