ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ လူငယ်များကို ပေါ်တာဆွဲခြင်းနှင့်စစ်မှုထမ်းခိုင်းခြင်း မပြုလုပ်ရန် အပါအဝင် နိုင်ငံရေးအကျပ် အတည်းဖြေရှင်းရေး အချက် ၉ ချက် ပြည်တွင်းနိုင်ငံရေးအင်အားစု PCB တောင်းဆို

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ လူငယ်များကို ပေါ်တာဆွဲခြင်းနှင့်စစ်မှုထမ်းခိုင်းခြင်း မပြုလုပ်ရန် အပါအဝင် နိုင်ငံရေးအကျပ် အတည်းဖြေရှင်းရေး အချက် ၉ ချက် ပြည်တွင်းနိုင်ငံရေးအင်အားစု PCB တောင်းဆို
ရန်ကုန်၊ မတ် ၃၁

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ လူငယ်များကို ပေါ်တာဆွဲခြင်းနှင့်စစ်မှုထမ်းခိုင်းခြင်း မပြုလုပ်ရန် အပါအဝင် နိုင်ငံရေးအကျပ် အတည်းဖြေရှင်းရေး အချက် ၉ ချက်ကို နိုင်ငံရေးဆိုင်ရာညှိ နှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ (Political Coordination Body – PCB) က ယနေ့ ထုတ်ပြန်တောင်းဆိုလိုက်သည်။
အဆိုပါ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ (Political Coordination Body – PCB) တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်-SNLD ပါတီမှ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌလည်းဖြစ်၊ ရခိုင်နိုင်ငံရေးသမားလည်းဖြစ်သူ ဦးသာထွန်းလှတို့က ဦးဆောင်ပါဝင်ထားသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်-SNLD ပါတီနှင့် ရခိုင်အမျိုးသားပါတီတို့သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရ တိုင်းရင်းသားပါတီများဖြစ်ပြီး အကြမ်းဖက်စစ်တပ်ထံတွင် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းမပြုခဲ့သော တိုင်းရင်းသားနိုင်ငံရေးပါတီများဖြစ်သည်။
မြန်မာပြည်တွင်းတွင် အခြေစိုက်ထားသော PCB အစုအဖွဲ့ အနေဖြင့် တိုင်း ပြည်၏ အရင်းခံပြဿနာများကို ဖြေရှင်းရန်၊ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု တည်ဆောက်ရန်နှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မူဝါဒတူညီသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက ၂၀၂၃ ခုနှစ်မှစတင်ကာ ညှိနှိုင်းခဲ့ကြပြီးနောက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် PCB ကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီကို အာမခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး၊ သက်ဆိုင်သူအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ပဋိပက္ခများကို ဖြေရှင်းရေး ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်မည့် မိတ်ဖက်များနှင့် ပူးပေါင်းဆောင် ရွက်ရေး ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။
ယင်းအပြင် နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေး တောင်းဆိုချက် ၉ ချက်ဖြင့် အနှစ်သာရရှိသော နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရန်နှင့် အပြန်အလှန်ယုံကြည်မှု တည် ဆောက်နိုင်ရန်အတွက် PCB က တောင်းဆိုထားသည်။
PCB က တောင်းဆိုသော အချက်များတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ရန်၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များကို အာမခံရန်၊ လူငယ်များကို အတင်း အဓမ္မ တပ်သားစုဆောင်းခြင်းနှင့် စစ်မှုထမ်းစေခြင်းများ လုံးဝမပြုလုပ်ရန်၊ အရပ်သားများ ထိခိုက်စေမည့် စစ်ရေးဆောင်ရွက်ချက်များနှင့် ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ၊ ကျောင်းများကို တိုက်ခိုက်ခြင်းများ ရှောင်ရှားရန်၊ CDM များအပေါ် အရေးယူမှုများ မလုပ်ရန်နှင့် ပြည်သူများ၏ လွတ်လပ်စွာ သွားလာခွင့်၊ အသက်မွေးဝမ်းကျောင်းခွင့်များကို မပိတ်ပင်ရန်၊ စစ်ဘေးသင့်ပြည်သူများအား ကုစားပေးရေးနှင့် လူသားချင်းစာနာမှုအကူအညီများအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုထားသည်။
ထို့အပြင် ပြည်ပရောက် အင်အားစုများ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်မည့် အခင်း အကျင်းဖော်ဆောင်ရန် သက်ဆိုင်သူအားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီဦးတည်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ကြိုးပမ်းရန်၊ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်ရန် အာဆီယံ၊ ကုလသမဂ္ဂနှင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆက်လက် တောင်းဆိုထားသည်။
တိုင်းပြည်၏ အရင်းခံပြဿနာများကို ဖြေရှင်းနိုင်ရန်မှာ နိုင်ငံသားအားလုံး၏ အခြေခံလူ့အခွင့်အရေးများကို အာမခံပြီး၊ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းမှသာ ဖြစ်နိုင်မည်ဟု PCB က အလေးအနက် ယုံကြည်ကြောင်း ဖော်ပြထားသည်။