တောင်ကိုရီးယားမှာ စစ်တပ်ရဲ့တပ်မတော်နေ့ပွဲတက်ရောက်တဲ့ ဆယ်လီချမ်းမြမြသော်ကို လူမှုရေးပြစ်ဒဏ်ခတ်ဖို့ တိုက်တွန်းနေ

တောင်ကိုရီးယားမှာ စစ်တပ်ရဲ့တပ်မတော်နေ့ပွဲတက်ရောက်တဲ့ ဆယ်လီချမ်းမြမြသော်ကို လူမှုရေးပြစ်ဒဏ်ခတ်ဖို့ တိုက်တွန်းနေ
မတ်-၃၀၊၂၀၂၆။ သုည/People’s Spring
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ စစ်ကောင်စီက ပြုလုပ်တဲ့ တပ်မတော်နေ့ ညစာစားပွဲကို တက်ရောက်ခဲ့တဲ့ ချမ်းမြမြသော်ကို လူမှုရေးပြစ်ဒဏ် (Social Punishment) ပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနေပါတယ်။
ချမ်းမြမြသော်ဟာ တော်လှန်ရေးအစောပိုင်းကာလက ကိုရီးယားမီဒီယာတွေမှတဆင့် မြန်မာ့အရေးအတွက် အသံထုတ်ဖော် (Speak Out)ပေးခဲ့ပြီး တော်လှန်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် လူသိများခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ တက်ကြံလှုပ်ရှားသူတွေနဲ့ လူမှုအသင်းဖွဲ့တွေကြားမှာ ချမ်းမြမြသော်က နာမည်ရှိသူတစ်ဦး ဖြစ်ပါတယ်။
မတ်လ ၂၇ ရက်က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ညစာစားပွဲမှာ ချမ်းမြမြသော်က စစ်ကောင်စီလက်အောက်ခံ အဖွဲ့ဝင်တွေနဲ့ အတူတူ ဂုဏ်ပြုအားပေးခဲ့တဲ့အတွက် အခုလို Social Punishment ပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းခဲ့တာပဲ ဖြစ်ပါတယ်။
ရပ်တည်ချက်ပြောင်းလဲကာ ပြည်သူတွေအပေါ် သစ္စာဖောက်ခဲ့တဲ့ ချမ်းမြမြသော်ရဲ့ လုပ်ငန်းနဲ့ မိသားစုတွေက အစ Boycott & Social Punishment လုပ်ကြဖို့ လိုကြောင်းနဲ့ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းနေကြောင်းကို တောင်ကိုရီးယားဘက်ကိုလည်း အသိပေးဖို့ လိုအပ်ကြောင်း Fncc Burma Fact Check Community က ဖော်ပြခဲ့ပါတယ်။
“ဒီလို ရပ်တည်ချက်ပြောင်းလဲသူ၊ ပြည်သူ အပေါ် သစ္စာဖောက်မှုဟာ ပြင်းပြင်းထန်ထန် ရှုတ်ချရမယ့် ဖြစ်ရပ်ဖြစ်ပြီး သက်ဆိုင်တဲ့ သူရဲ့ လုပ်ငန်းတွေ၊ မိသားစုတွေက အစ အသေးစိတ်အထိကို Boycott & Social Punishment သေချာလုပ်ကြဖို့ လိုပါတယ်။ ချမ်းမြမြသော် အာဏာသိမ်းစစ်အုပ်စုနဲ့ပူးပေါင်းနေကြောင်း သတင်းစကားကို တောင်ကိုရီးယားဘက်က သိအောင် အသိပေးဖို့လိုပါတယ်။ သူ့ကို အားပေးထောက်ခံနေတဲ့ လူငယ်တွေလဲ သူတို့ရဲ့ ဆရာမ ဆိုသူဟာ သားသမီးရှိပါလျက်နဲ့ သူ့သားသမီး အရွယ် ကလေးငယ်တွေ မြန်မာနိုင်ငံ အတွင်းမှာ နေ့စဉ်နဲ့အမျှ ဗုံးကြဲ သတ်ဖြတ်ခံနေရတာကို ကြားသိမြင်သိပါလျက်နဲ့ ဒီလိုလုပ်ရပ်ကို လုပ်ချသွားတာပါ။ လူငယ်တွေကို Misinformation ပေးပြီး အတုယူမှားနိုင်တဲ့ သူတစ်ယောက်ဖြစ်နိုင်ကြောင်းကိုလဲ သူမကိုယ်တိုင်က သက်သေပြသွားတာပါ” လို့ Fncc Burma Fact Check Community က ဆိုပါတယ်။
ကိုယ်ကျိုးစီးပွားကို ကြည့်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းကို လက်ခံစရာ မရှိကြောင်းနဲ့ ပြည်သူတွေအနေနဲ့လည်း ချမ်းမြမြသော်အား Social Punishment လုပ်ရာမှာ ပူးပေါင်းပါဝင်ပေးကြဖို့လည်း တောင်ကိုရီးယားရောက် မြန်မာ့အရေးလှုပ်ရှားသူတစ်ဦးကလည်း တိုက်တွန်းခဲ့ပါတယ်။
“အခုချိန်မှာ ပြည်သူတွေကို နေ့စဉ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီနဲ့ သွားပူးပေါင်းတာက အရမ်းအောက်တန်းကျပါတယ်။ ပြည်သူတွေအနေနဲ့ကို သူ့ကို Social punishment လုပ်သင့်ပါတယ်။ ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားတွေအနေနဲ့ စစ်ကောင်စီနဲ့ ကိုယ်ကျိုးရှာ ပူးပေါင်းနေသူတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့ တိုက်တွန်းလိုပါတယ်” လို့ ၎င်းက ဆိုပါတယ်။