မင်းအောင်လှိုင် ဦးဆောင်မည့် အစိုးရအဖွဲ့သစ်တွင် အမာခံကြံ့ဖွတ်ပါတီဝင်များက ဒုသမ္မတ၊ ဝန်ကြီးနှင့်ဒုဝန်ကြီး နိုင်ငံရေးရာထူးနေရာများအတွက် မပါဝင်လာ၍ မကျေမနပ်ဖြစ်
ရန်ကုန်၊ မတ် ၂၉
အကြမ်းဖက် မင်းအောင်လှိုင် သမ္မတ အဖြစ် ဦးဆောင်မည့် အစိုးရအဖွဲ့သစ်တွင် အမာခံကြံ့ဖွတ်ပါတီ ဝင်များမှာ ဒုတိယသမ္မတ၊ ဝန်ကြီးနှင့်ဒုဝန်ကြီးနေရာများအတွက် ပါဝင်လာနိုင်ခြင်းမရှိ၍ ပါတီတွင်း မကျေနပ်မှုများဖြစ်ပေါ်နေကြောင်း ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
သမ္မတ ဖြစ်လာမည့် မင်းအောင်လှိုင်က ဖွဲ့စည်းရန်ရှိနေသော အစိုးရအဖွဲ့သစ်တွင်လည်း ယခု စစ်ကောင်စီနှင့် စစ်ကော်မရှင်တွင် တာဝန်ယူနေသော ဗိုလ်ချုပ်ဟောင်းများကသာ ဒုတိယသမ္မတ၊ ဝန်ကြီးနေရာနှင့်ဒုဝန်ကြီးနေရာများတွင် ပါဝင်လာမည်ဖြစ်ကြောင်း၊ ကြံ့ခိုင်ရေးပါတီဝင် စစ်စစ် အရပ်သားနှင့်အမာခံ ပါတီဝင် ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီဝင်များ ပါဝင်လာခြင်းမရှိ၍ ကြံ့ဖွတပါတီတွင်း မကျေမနပ်ဖြစ်နေကြကြောင်း သိရှိရသည်။
“ဒုတိသမ္မတ၊ ဝန်ကြီးနဲ့ ဒုဝန်ကြီး အတွက် လျာထားစာရင်းမှာ ကျနော်တို့ သိရသလောက်တော့ ဗိုလ် ချုပ်ဟောင်းတွေများတယ်။ ဥပမာ- ဦးညိုစော၊ ဦးမြထွန်းဦး၊ ဦးတင်အောင်စန်း ဒီလူဟောင်းတွေ ပြန်ပါမယ်။ ပါတီမှာ ခေတ်အဆက်ဆက် တာဝန်ယူထားတဲ့ ဗဟိုအလုပ်အမှုဆောင်နဲ့ ဗဟိုကော်မတီဝင် အရပ်သားနဲ့ ဦးဆောင်သူတွေ ပါမလာဘူး။ ပါတီဥက္ကဋ္ဌကြီး ဦးခင်ရီကိုတောင် လွှတ်တော်ဥက္ကဋ္ဌ ရာထူးပဲ ထားပြီး ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌလိုနေရာတွေကိုလည်းပဲ အစိုးရအဖွဲ့မှာ ပါနေတဲ့သူတွေကို ပြန်ပေးထားတာ။ ဒီအပေါ်မှာလည်း ကျေနပ်မှု မရှိကြဘူး” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
မင်းအောင်လှိုင်က ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ အဖြစ် ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အဖြစ် ကာ/လုံ အမှုဆောင်အရာရှိချုပ် အောင်လင်းဒွေး၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ အဖြစ် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန နှစ်ခုကို ပူးတွဲ တာဝန်ယူထားသူ Jeng Phang နော်တောင်ကို ခန့်အပ်ထားသည်။
မင်းအောင်လှိုင်၏ အစိုးရအဖွဲ့သစ်တွင် ဗိုလ်ချုပ်ဟောင်းနင့် လက်ရှိအစိုးရအဖွဲ့ ပါဝင်နေသူများ အပါအဝင် ၅၀ ရာခိုင်နှုန်းလူဟောင်းများပါဝင်ဖြစ်ကြောင်း၊ အထူးသဖြင့် မင်းအောင်လှိုင်နှင့် တိုက်ရိုက်ဆက်စပ်နေသည့် ဝန်ကြီးများ၊ ဗိုလ်ချုပ်ဟောင်းများဖြင့်ပင် အစိုးရအဖွဲ့သစ်ဖွဲ့စည်းမည်ဟု သိရှိရကြောင်း ကြံ့ခိင်ရေးပါတီသတင်းရင်းမြစ်က ရှင်းပြသည်။
ယင်းအပြင် မင်းအောင်လှိုင်က ကြံ့ဖွတ်ပါတီပြင်ပမှ နိုင်ငံရေးပါတီများမှ ပါတီခေါင်းဆောင်တချို့၊ တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ခေါင်းဆောင်တချို့ကိုလည်း အစိုးရအဖွဲ့သစ်တွင် နိုင်ငံရေးရာထူးများ ပေး၍ ထည့်သွင်းဖွဲ့စည်းရန် ရှိနေကြောင်း၊ မင်းအောင်လှိုင်က အစိုးရအဖွဲ့သစ်ကို အားလုံးပါဝင်သော အမျိုးသားညီညွတ်ရေးအစိုးရပုံစံ ဖွဲ့စည်းရန် ဆန္ဒရှိနေသည်ဟု ကြံ့ဖွတ်ပါတီအတွင်း အသိပေးပြောကြားမှုများရှိနေကြောင်း သိရှိရသည်။