မင်းအောင်လှိုင် စစ်ဦးစီးချုပ်ရာထူးမှ အနားမယူမီ နောက်ဆုံးအမှာစကားတွင် NLD အစိုးရ မဲမသမာမှုကြောင့် စစ်အာဏာသိမ်းရဟု ထပ်မံပြောဆိုပြီး စစ်မှု ထမ်းဥပဒေကို ဆက်ကျင့်သုံးမည်ဟု ပြော
ရန်ကုန်၊ မတ် ၂၈
အကြမ်းဖက် မင်းအောင်လှိုင် စစ်ဦးစီးချုပ်ရာထူးမှ အနားမယူမီ နောက်ဆုံး အမှာစကားတွင် NLD အစိုးရ မဲမသမာမှုကြောင့် စစ်အာဏာသိမ်းရကြောင်း ထပ်မံပြောဆိုသည်။
ယမန်နေ့ ၈၁ နှစ်မြောက် စစ်တပ်နှစ်ပတ်လည်နေ့ အခမ်းအနား ချီတက်ပွဲတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး စစ်အာဏာသိမ်းကာလ ၅ နှစ်တာကာလလုံး မင်းအောင်လှိုင်က ဆက်တိုက် NLD ကို အပြစ် တင်လာခဲ့ခြင်းဖြစ်သည်။
စစ်တပ်က ဒီမိုကရေစီစနစ်ကို ကူးပြောင်းပေးခဲ့သော်လည်း NLD အစိုးရက မဲမသမာမှုပြုလုပ်၍ နိုင်ငံတော်ကို စစ်တပ်က ထိန်းသိမ်းရခြင်းဖြစ်သည်ဟု မင်းအောင်လှိုင်က ဆိုသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့အညီ ၂၀၁၀ ပြည့်နှစ်မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပပေးပြီး ပြည်သူများ လိုလားတောင့်တတဲ့ ဒီမိုကရေစီစနစ်ကို သင်္ကာမကင်းငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ရေး ဦးစီးဆောင်ရွက်ပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD အစိုးရရဲ့ ဆိုးရွားစွာပြုလုပ်ခဲ့တဲ့ မဲမသမာမှုတွေကြောင့် ရွေးကောက်ပွဲကိုယ်စားလှယ်တွေဟာ ဘယ်လိုမှ တရားဝင်ရပ်တည်နိုင်မှုမရှိတဲ့အတွက် ဒီတပ်မတော်အနေနဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ကို ခေတ္တရယူထိန်းသိမ်းခဲ့ရတယ်။ ဒီလိုထိန်းသိမ်းခဲ့ရခြင်းဟာ တပ်မတော်အနေနဲ့ ပြည်သူအများ လိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ပေးရမယ့် တာဝန်အရ ဆောင်ရွက်ခဲ့ရခြင်းသာဖြစ်တယ်”ဟု မင်းအောင်လှိုင်က ပြောဆိုသည်။
စစ်တပ်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒကို ဆက်လက် ကာကွယ်စောင့် ရှောက်သွားမည်ဖြစ်ပြီး စင်္စတပ်က ပေါ်ပေါက်လာမည့် အစိုးရသစ်ကို အထောက်အကူပြု ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောဆိုသည်။
” နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အဲဒီနိုင်ငံရဲ့ ရေရှည်အကျိုး စီးပွားကို ဖော်ဆောင်နိုင်ဖို့အတွက် ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ဦးတည်ရေးဆွဲပြီး ပြဋ္ဌာန်းရတဲ့ ပင်မဥပဒေတစ်ရပ်ဖြစ်တယ်။ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ ပေါ်ပေါက်လာပုံ၊ သမိုင်းကြောင်းနောက်ခံအခြေအနေ၊ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ အခြားအခြေခံအချက်အလက်တွေကို မူတည်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းရတာဖြစ်တယ်။ ဒီနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှာလည်း တပ်မတော်ရဲ့ အခန်းကဏ္ဍတွေကို ထည့်သွင်းဖော်ပြထားတာ “ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့” တပ်မတော်ကို တာဝန်ပေးထားတာတွေဟာ အတိတ်သမိုင်းစဉ်မှာ ကြုံတွေ့ခဲ့ရတဲ့ အားနည်းချက်တွေကို သင်ခန်းစာဖော်ထုတ်ပြီး ဒီနိုင်ငံရဲ့ ပကတိအရှိတရားအရ မဖြစ်မနေလိုအပ်လို့ ထည့်သွင်းပြဋ္ဌာန်းထားတာဖြစ်တယ်” ဟု မင်းအောင်လှိုင်က ဆက်လက်ပြောဆိုသည်။
စစ်တပ်အနေဖြင့် လုံခြုံရေးအတွက် စစ်မှုထမ်းဥပဒေကို ဆက်လက်ကျင့်သုံးမည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများတွင် စစ်မှုထမ်းဥပဒေကို ကျင့်သုံးနေကြောင်း အကြမ်း ဖက် မင်းအောင်လှိုင်က ပြောဆိုသည်။
“ဒီနိုင်ငံအနေနဲ့လည်း ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်ဖြစ်စဉ်များကို တားဆီးနှိမ်နင်းနိုင်ဖို့ မြို့နယ်၊ ရပ် ကွက်၊ ကျေးရွာများအလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို စနစ်တကျလေ့ကျင့်ဖွဲ့စည်းပြီး ပြည်သူ့လုံခြုံရေး (People Security) လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်လျက်ရှိတယ်။ ဒီလိုဆောင်ရွက်ရာမှာ နယ်မြေဒေသလုံခြုံရေးအတွက် ပြည်သူ့စစ်နဲ့ တိုင်းပြည်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းစနစ်ကို ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေတယ်။ ကမ္ဘာမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးနေတဲ့ နိုင်ငံများရှိနေတာကိုလည်း တွေ့မြင်နိုင်တယ်။ ပြည်သူများအနေနဲ့ ပြည်သူ့လူမှုစီးပွားဘဝ လုံခြုံမှုအပြည့်အဝရှိစေဖို့အတွက် ပြည်သူ့လုံခြုံရေးလုပ်ငန်းစဉ်တွေမှာ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားလိုတယ်” ဟု မင်းအောင်လှိုင်က ဆက်လက်ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်သည် မတ်လ ၂၇ ရက်နေ့ ၈၁ နှစ်မြောက် စစ်တပ်နှစ်ပတ်လည်နေ့ အခမ်းအနားအပြီးတွင် စစ်ဦးစီးချုပ်ရာထူးမှ အငြိမ်းစားယူကာ စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့က တင်မြှောက်သော ဒုတိယသမ္မတ၊ ယင်းနောက် အကြမ်းဖက် လွှတ်တော်က လွှတ်တော်က ရွေးချယ်သော အကြမ်း ဖက် သမ္မတအဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက သုံးသပ်ပြောဆိုကြသည်။