ရခိုင်စစ်မျက်နှာ၏ ၁၆ လကာလအတွင်း စစ်ကောင်စီ၏ ထိပ်တန်းစစ်အရာရှိကြီး ၂၂ ဦး ကျဆုံးခြင်းနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ
ရန်ကုန်၊ မတ် ၂၇








ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) ၏ ဒုတိယအကျော့ စစ်ဆင်ရေးကာလ (၁၆) လဝန်းကျင်အတွင်း စစ်ကောင်စီဘက် မှ ဒုတိယတိုင်းမှူး၊ တပ်မမှူး၊ စကခမှူးနှင့် ဗျူဟာမှူးအဆင့်ရှိ အဆင့်မြင့်စစ်အရာရှိကြီး ၂၂ ဦးအထိ သေဆုံးခြင်းနှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်းများ ရှိခဲ့ကြောင်း ရန်ကုန်ခေတ်သစ်က ကောက်ယူထားသော စာရင်းအရ သိရှိရသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စတင်ခဲ့သည့် AA ၏ ထိုးစစ်ဆင်မှုများသည် ၂၀၂၅ ခုနှစ် မတ်လကုန်အထိ ပြင်းထန်ခဲ့ပြီး၊ ထိုကာလအတွင်း တိုင်းစစ်ဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) များ၊ ဗျူဟာစခန်းများနှင့် တပ်ရင်းဌာနချုပ်များကို AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
ရခိုင်စစ်မျက်နှာတွင် သေဆုံး၊ ဖမ်းဆီးခံရသည့်စာရင်းတွင် စစ်အရာရှိကြီးများမှာ စစ်တက္ကသိုလ် (DSA) ကျောင်းဆင်း၊ စစ်ဦးစီးတက္ကသိုလ် (CGSC) နှင့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDC) ကျောင်းဆင်း ထိပ်တန်းအရာရှိကြီးများ ဖြစ်ကြသည်။
ရခိုင်စစ်မြေပြင်တွင် ၁၆ လအတွင်း ထိပ်တန်းစစ်အရာရှိကြီး ၂၂ ဦးအထိ ကျဆုံး/ဖမ်းဆီးခံရခြင်းမှာ စစ်ကောင်စီ၏ ဦးဆောင်မှုအပိုင်း ပြိုလဲနေခြင်းကို ပြသနေသည်။
ရခိုင်စစ်မြေပြင်တွင် ကျဆုံးခဲ့သည့် အဆင့်မြင့်အရာရှိကြီး ၁၀ ဦးမှာ-
၁။ ဗိုလ်မှူးကြီး မင်းမင်းထွန်း (DSA-41)၊ တပ်မ-၁၁ မှူး။ (၂၀၂၄ ဖေဖော်ဝါရီ ၇ ရက်၊ မြောက်ဦးတိုက်ပွဲတွင် ကျဆုံး)
၂။ ဗိုလ်မှူးကြီး သန်းစိုးဝင်း (DSA-42)၊ တပ်မ-၁၁ မှူး။ (၂၀၂၄ ဒီဇင်ဘာ ၂၉ ရက်၊ ဂွတိုက်ပွဲတွင် ကျဆုံး)
၃။ ဗိုလ်ချုပ် အောင်နေမျိုး (DSA-41)၊ တပ်မ-၂၂ မှူး။ (၂၀၂၄ ဒီဇင်ဘာ ၁၇ ရက်၊ မောင်တောတွင် ကျဆုံး)
၄။ ဗိုလ်မှူးကြီး မျိုးမင်းကိုကို (DSA-42)၊ နည်းဗျူဟာ (၈၈၃) မှူး။ (၂၀၂၄ မတ် ၄ ရက်၊ ပုဏ္ဏားကျွန်းတွင် ကျဆုံး။)
၅။ ဗိုလ်မှူးချုပ် ကျော်မျိုးအောင် (တေဇ-၂၈)၊ နည်းဗျူဟာ (၁၁၁) မှူး။( ၂၀၂၅ မေ ၂၇ ရက်၊ ကျောက် ဖြူ၌ ကျဆုံး။)
၆။ ဒုဗိုလ်မှူးကြီး ဗညားပိုင်စိုး (တေဇ-၂၉)၊ နှုံးဘူးဗျူဟာမှူး။ (၂၀၂၃ ဒီဇင်ဘာ ၁၀ ရက်၊ ပလက်ဝ၌ ကျဆုံး။)
၇။ ဗိုလ်မှူးချုပ် ထွန်းထွန်းဝင်း၊ အမ်း ဆေးတပ်မှူး။ (၂၀၂၄ ဒီဇင်ဘာ ၁၅ ရက်တွင် လက်နက်ကြီးထိမှန် ကျဆုံး။)
၈။ ဗိုလ်မှူးကြီး ဟန်လင်းအောင် (DSA-43)၊ စကခ-၁၀ မှူး။( ၂၀၂၆ ဇန်နဝါရီ ၄ ရက်၊ ပန်းတောင်း၌ ကျဆုံး။)
၉။ ဗိုလ်ချုပ် ရဲကျော် (DSA-42)၊ စကခ-၁၇ မှူး။ (၂၀၂၄ ဒီဇင်ဘာတွင် မောင်တောသို့ စစ်ကူလာစဉ် ကျဆုံး။)
၁၀။ ဗိုလ်မှူးကြီး မျိုးသုဝဏ် (DSA-42)၊ ဒုတပ်မမှူး (တပ်မ-၁၀၁)။( သံတွဲတိုက်ပွဲတွင် ကျဆုံး။)
စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသည့် အရာရှိကြီး ၁၂ ဦးတွင်
၁၁။ ဗိုလ်မှူးချုပ် သောင်းထွန်း၊ ဒုတိယတိုင်းမှူး (နပခ)။ အမ်းမြို့ ဌာနချုပ်သိမ်းပွဲတွင် ဖမ်းဆီးခံရ။
၁၂။ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ တိုင်းစစ်ဦးစီးချုပ် (နပခ)။ အမ်းမြို့တွင် ဖမ်းဆီးခံရ။
၁၃။ ဗိုလ်မှူးချုပ် သက်ထူးစံ (DSA-40)၊ စကခ-၅ မှူး။ တောင်ကုတ်တိုက်ပွဲတွင် ဖမ်းဆီးခံရ။
၁၄။ ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ (တေဇ-၂၃)၊ စကခ-၁၉ မှူး။ ၂၀၂၄ ဇန်နဝါရီ ၁၂ ရက်၊ ပလက်ဝတွင် ဖမ်းဆီးခံရ။
၁၅။ ဗိုလ်မှူးချုပ် သူရိန်ထွန်း (တေဇ-၂၂)၊ စကခ-၁၅ မှူး။ ၂၀၂၄ မေ ၅ ရက်၊ ဘူးသီးတောင်တွင် ဖမ်းဆီးခံရ။
၁၆။ ဗိုလ်မှူးကြီး မြင့်ရွှေ (DSA-39)၊ တပ်မ-၁၀၁ မှူး။ သံတွဲတွင် ဖမ်းဆီးခံရပြီးနောက် ဒါးလက်ချောင်း ဗုံးကြဲမှုတွင် သေဆုံး။
၁၇။ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း (DSA-37)၊ စကခ-၉ မှူး။ ၂၀၂၄ ဖေဖော်ဝါရီ ၇ ရက်၊ ကျောက်တော်တွင် ဖမ်းဆီးခံရ။
၁၈။ ဗိုလ်မှူးကြီး ဉာဏ်ဇော်၊ ဗျူဟာမှူး (တပ်မ-၁၀၁)။ သုံ့ပန်းအဖြစ် ဖမ်းဆီးခံရပြီးနောက် လေကြောင်းဗုံးကြဲမှုတွင် သေဆုံး။
၁၉။ ဒုဗိုလ်မှူးကြီး ကျော်ကျော်သက်၊ ယာယီဗျူဟာမှူး (တပ်မ-၉၉)။ ၂၀၂၅ ဖေဖော်ဝါရီတွင် ဖမ်းဆီးခံရ။
၂၀။ ဒုဗိုလ်မှူးကြီး ကျော်လင်းကြိုင် (DSA-46)၊ တိုင်းစစ်ဦးစီးမှူး (G1-နပခ)။ ၂၀၂၅ မေ ၃၀ ရက်၊ ကျောက်ဖြူ၌ ဖမ်းဆီးခံရ။
၂၁။ ဗိုလ်မှူးကြီး ကောင်းမြတ်၊ ဒုစကခမှူး (စကခ-၁၅)။ ၂၀၂၄ မေ ၄ ရက်၊ ဘူးသီးတောင်တွင် ဖမ်းဆီးခံရ။
၂၂။ ဒုဗိုလ်မှူးကြီး ညီညီဝင်း၊ ဗျူဟာမှူး (စကခ-၉)။ ၂၀၂၄ ဖေဖော်ဝါရီ ၂၁ ရက်၊ ကျောက်တော်တွင် ဖမ်းဆီးခံရ။
စစ်ကောင်စီဘက်မှ အဆိုပါ အဆင့်မြင့်အရာရှိကြီးများ ဆုံးရှုံးမှုကို သတင်းထုတ်ပြန်ခြင်းမရှိဘဲ ဖုံးကွယ်ထားသော်လည်း ယင်းစာရင်းများအရ ရခိုင်စစ်မျက်နှာတွင် စစ်ကောင်စီ၏ စစ်ရေးအရ အဘက်ဘက်မှ အရှုံးနှင့် ရင်ဆိုင်နေရခြင်းကို မီးမောင်းထိုးပြနေသည်။
ရခိုင်ပြည်နယ်အတွင်း မြို့ကြီးပေါင်းများစွာကို AA က ထိန်းချုပ်ထားပြီး စစ်ကောင်စီအနေဖြင့် မည်သည့်မြို့ကိုမျှ ပြန်လည်သိမ်း ပိုက်နိုင်ခြင်း မရှိသေးပေ။
AA အနေဖြင့် ၎င်းတို့၏ စစ်ရေးရည်မှန်းချက်အတိုင်းပင် ဆက်လက် ချီတက်နေဆဲဖြစ်ပြီး အာရက္ခတပ်တော်က ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ ခုကို အပြီးသတ်သိမ်းပိုက် ထိန်းချုပ်ထားကြောင်း၊ စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်နှင့် မာန်အောင်မြို့တို့သာ သိမ်းပိုက်ရန်ကျန် ရှိတော့ကြောင်း၊ သိမ်း ပိုက်ရန်ကျန်ရှိနေသည့်မြို့နယ် ၃ ခုတွင်လည်း မြို့နယ်အတွင်းရှိနေရာအများစု ကို ထိန်းချုပ်ထားကာ စစ်ကောင်စီတပ်သားများမှာ မြို့ပေါ်၌ ကျန်ရှိတော့ကြောင်း သိရှိရသည်။