နတ်မောက်မြို့အဝင်ရှိ နဒီရွှေဝါမြို့အဝင်ဂိတ်ကို တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်း (ရုပ်/သံ)
မတ် ၂၄၊ ၂၀၂၆




မကွေးတိုင်း၊ နတ်မောက်မြို့အဝင်မှာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ နဒီရွှေဝါမြို့အဝင်ဂိတ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။
မတ်လ ၂၃ ရက်၊ မနေ့ နံနက်ပိုင်းက အကြမ်းဖက် စစ်တပ်ရဲ့အရာရှိကြီးတစ်ဦး နတ်မောက်မြို့နယ်အတွင်း လာမယ်လို့ သတင်းရတာကြောင့် တော်လှန်ရေးတပ်တွေက လမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့ကြပေမဲ့ တော်လှန်ရေးတပ်တွေ စောင့်ဆိုင်းနေတာကိုကြိုသိသွားပြီး အကြမ်းဖက်စစ်တပ်ဘက်က နောက်ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
အဲဒီနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ပြည်သူတွေကို မတရားဖမ်းဆီး ပေါ်တာဆွဲတာတွေ၊ ငွေညှစ်တာတွေ မကြာခဏ ပြုလုပ်နေတဲ့ နတ်မောက်မြို့မြောက်ဘက် ၂ မိုင်ခန့်အကွာက နဒီရွှေဝါမြို့အဝင်ဂိတ်ကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။
စီးနင်းရှာဖွေမှုအတွင်းမှာ HILUX SURF မော်တော်ယာဉ် ၁ စီး၊ ကွန်ပျူတာ ၂ လုံး၊ လက်ကိုင်ဖုန်း ၈ လုံးနဲ့ ပြည်သူတွေဆီက မတရားကောက်ခံထားတဲ့ ငွေကျပ် ၅၁၀,၀၀၀ ကျပ် တိတိကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကိုတော့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နဲ့ နတ်မောက်ငါးပြေမပျောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Video-နတ်မောက်ပကဖ