အမေရိကန်ဒေါ်လာသန်း ၄၀၀ ချေးငွေဖြင့် ဝယ်ယူထားသည့် Su-30SME တိုက်လေယာဉ် ၆ စီးကို ရုရှားက မြန်မာစစ်တပ်ထံသို့ အပြီးသတ်လွှဲပြောင်းပေးအပ်
ရန်ကုန်၊ မတ် ၂၅



အမေရိကန်ဒေါ်လာသန်း ၄၀၀ ချေးငွေဖြင့် ဝယ်ယူထားသည့် Su-30SME တိုက်လေယာဉ် ၆ စီးကို ရုရှားက မြန်မာစစ်တပ်ထံသို့ အပြီးသတ်လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ကြောင်း Defense Expressက သတင်းဖော်ပြသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် မြန်မာစစ်တပ်က လေယာဉ်အမှတ် ၁၉၀၁ နှင့် ၁၉၀၂ ပါရှိသော ရုရှား လုပ် Su-30SME တိုက်လေယာဉ် ၂ စီးကို လေတပ်အတွင်း ထည့်သွင်းသည့် တရားဝင်အခမ်း အနားတစ်ရပ်ကို ကျင်းပခဲ့သည်။
ယင်းမှာ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရှိသော Su-30SME တိုက်လေယာဉ် ၆ စီး ပေးပို့ရေးအတွက် ရုရှားနှင့် မြန်မာတို့အကြား ချုပ်ဆိုထားသည့် သဘောတူညီချက်၏ နောက်ဆုံးအဆင့်လည်း ဖြစ်သည်။
အဆိုပါတိုက်လေယာဉ် ၆ စင်း ဝယ်ယူရေး စာချုပ်မှာ ရုရှားနိုင်ငံ၏ ချေးငွေဖြင့် ငွေကြေးစိုက်ထုတ်ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဝယ်ယူမှုစာချုပ်မှာ ယူကရိန်းကို ရုရှားက အလုံးအရင်းနှင့် မကျူးကျော်မီကတည်းက ချုပ်ဆိုထားခဲ့သော ရုရှား၏ နောက်ဆုံး “တရားဝင် တိုက်လေယာဉ်တင်ပို့မှုစာချုပ်”လည်း ဖြစ်သည်။
ထို့အပြင် Su-30SME တိုက်လေယာဉ် ၆ စီးမျှသာရှိသော ပေးပို့မှုအတွက် ၈ နှစ်အပြည့် အချိန်ယူခဲ့ရသည်မှာလည်း သတိပြုဖွယ်ရာ ဖြစ်သည်။ အဆိုပါ လေယာဉ်ဝယ်ယူရေး သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန်ဖိုးရှိသည့် အဆိုပါ စာချုပ်ထဲတွင် Su-30SME ၏ ဝေဟင်မှ ဝေဟင်ပစ် လက်နက်တပ်ဆင်မှုများ ပါဝင်ခြင်းမရှိဟု သိရှိရသည်။
ထူးခြားချက်မှာ မြန်မာနိုင်ငံသည် ရုရှားလုပ် Su-30SM ၏ ပြည်ပပို့ကုန်ဗားရှင်းဖြစ်သော Su-30SME ကို တစ်နိုင်ငံတည်းသော ဝယ်ယူအသုံးပြုသူအဖြစ် ရှိနေခြင်းဖြစ်သည်။ နှစ်စဉ် ကာကွယ်ရေးအသုံး စရိတ် အမေရိကန်ဒေါ်လာ ၆၀ သန်းမှ ၆၅ သန်းကြားသာရှိသော မြန်မာနိုင်ငံအတွက် ဒေါ်လာသန်း ၄၀၀ ချေးငွေဖြင့် ဝယ်ယူခြင်းမှာ ယေဘုယျအားဖြင့် ယုတ္တိတန်သော ရွေးချယ်မှုဖြစ်ပါသည်။
သို့သော်လည်း ပြီးခဲ့သည့်နှစ် စာရင်းများအရ မြန်မာနိုင်ငံတွင် စာရင်းအရ တိုက်လေယာဉ် စုစုပေါင်း ၆၃ စီး ရှိနေပြီး ၎င်းတို့ထဲတွင် MiG-29 ၃၁ စီး၊ F-7 ၂၁ စီး နှင့် တရုတ်နိုင်ငံထုတ် FT-7 ၁၁ စီးတို့ ပါဝင်နေသည်။
SU 30 တိုက်လေယာဉ်များကို ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ တစ်ကြိမ်လျှင် ၂ စီးနှုန်းဖြင့် အသုတ်လိုက်ခွဲ၍ ပေးပို့ခဲ့ပြီး ပထမအသုတ်အဖြစ် လေယာဉ် အမှတ် ၁၉၀၅ နှင့် ၁၉၀၄ လေယာဉ် ၂ စီးမှာ ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် အဆင်သင့်ဖြစ်နေသော်လည်း မြန်မာနိုင်ငံသို့ လက်တွေ့လွှဲပြောင်းမှုကိုမူ ၂၀၂၂ ခုနှစ်၊ မတ်လတွင်မှသာ လုပ်ဆောင်နိုင်ခဲ့သည်။
အဆိုပါလေယာဉ်များကို ၂၀၂၂ ဇူလိုင်လတွင် စတင်ပျံသန်းနိုင်ခဲ့ပြီး လေတပ်အတွင်း တရားဝင်ထည့်သွင်း သည့် အခမ်းအနားကို ၂၀၂၂ ဒီဇင်ဘာလတွင် ကျင်းပခဲ့ပါသည်။
ဒုတိယအသုတ်အဖြစ် Su-30SME ၂ စီးကြား အချိန်ကာလမှာ သိသိသာသာ ပိုမိုတိုတောင်းပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် အမှတ် ၁၉၀၆ နှင့် ၁၉၀၇ လေယာဉ်များကို စတင်ထုတ်လုပ်နေပြီဖြစ်ကာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် လေတပ်အတွင်း ထည့် သွင်းသည့် တရားဝင်အခမ်းအနားကို ကျင်းပခဲ့သည်။
တတိယအသုတ် (နောက်ဆုံးအသုတ်)အဖြစ် မြန်မာစစ်တပ်က နောက်ဆုံး ၂ စီးဖြစ်သော Su-30SME လေယာဉ်များကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် လက်ခံရရှိခဲ့ပြီး လေယာဉ် အမှတ် ၁၉၀၁ နှင့် ၁၉၀၂ လေယာဉ်များပင် ဖြစ်သည်။
လေယာဉ်ရောက်ရှိချိန်မှ လေတပ်အတွင်း တရားဝင်ထည့်သွင်းသည့်အချိန်အထိ အဘယ်ကြောင့် ၁ နှစ်ခွဲနီးပါး ကြာမြင့်ခဲ့ရသနည်းဟူသော အကြောင်းရင်းမှာ ရှင်းလင်းစွာ မသိရသေးပေ။
ယူကရိန်း မောင်းသူမဲ့လေယာဉ်တပ်ဖွဲ့ ၄၁၃ ရဲရင့်တပ်ရင်းမှ စစ်မှုထမ်းနှင့် Defense Express ၏ လက်နက်ကျွမ်းကျင်သူ အိုင်ဗန် ကီရီချက်ဗ်စကီး (Ivan Kyrychevskyi) ကမူ ထိုကဲ့သို့ ကြန့်ကြာရခြင်းမှာ လေယာဉ်မှူးများနှင့် နည်းပညာဝန်ထမ်းများကို လေ့ကျင့်ပေးရန် အချိန်ယူနေရခြင်းကြောင့်ဖြစ်စေ၊ သို့မဟုတ် မြန်မာနိုင်ငံအတွက် ပေးပို့မည့် ရုရှား Su-30SME လေယာဉ်များတွင် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်များကို ပြန်လည်ပြုပြင်နေရခြင်းကြောင့်ဖြစ်စေ ဖြစ်နိုင်သည်ဟု သုံးသပ်သည်။