စက်သုံးဆီနှင့်လေယာဉ်ဆီရှားပါးနေသော်လည်း မင်းအောင်လှိုင် နောက်ဆုံးနှုတ်ဆက်မည့် ၈၁ နှစ် မြောက် တပ်မတော်နေ့အခမ်းအနားတွင် စစ်လေယာဉ်၊ တင့်ကား၊ သံချပ်ကားများအပါအဝင် စစ်ဘက်ဆိုင်ရာ ယာဉ်မျိုးစုံ ထုတ်ပြ မောင်းနှင် ချီတက်ကြမည်

စက်သုံးဆီနှင့်လေယာဉ်ဆီရှားပါးနေသော်လည်း မင်းအောင်လှိုင် နောက်ဆုံးနှုတ်ဆက်မည့် ၈၁ နှစ် မြောက် တပ်မတော်နေ့အခမ်းအနားတွင် စစ်လေယာဉ်၊ တင့်ကား၊ သံချပ်ကားများအပါအဝင် စစ်ဘက်ဆိုင်ရာ ယာဉ်မျိုးစုံ ထုတ်ပြ မောင်းနှင် ချီတက်ကြမည်
ရန်ကုန်၊ မတ် ၂၃
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် စက်သုံးဆီနှင့် လေယာဉ်ဆီများရှားပါးနေသော်လည်း မင်းအောင်လှိုင် စစ်တပ်ဦးစီးချုပ်အဖြစ် နောက်ဆုံး တက်ရောက်မည့် ၈၁ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် စစ်လေယာဉ်၊ တင့်ကား၊ သံချပ်ကာကားများ၊ အမြောက် တင်ကားများ အပါအဝင် စစ်ဘက်ဆိုင်ရာ ယာဉ်မျိုးစုံကို အင်အားအပြည့် ထုတ်ပြ မောင်းနှင် ချီတက်ကြမည်ဖြစ် ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၃၀ ရက်နေ့တွင် စစ်တပ်ဦးစီးချုပ်ရာထူးမှ အနားယူမည့် မင်းအောင် လှိုင် က စစ်တပ်ကာကွယ်ရေးဦးစီးချုပ်အဖြစ် မတ်လ ၂၇ ရက်နေ့ ကျရောက်မည့် ၈၁ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ နောက်ဆုံးအကြိမ်အဖြစ် တက်ရောက်မည်ဖြစ်ကြောင်း၊ ယင်းအခမ်းအနားတွင် မင်းအောင်လှိုင်ကို စစ် တပ် ကာကွယ်ရေးဦးစီးချုပ်အဖြစ် နောက်ဆုံးအကြိမ် စစ်လေယာဉ်များ၊ စစ်ကားများ အားလုံးကို အင်အားအပြည့်ဖြင့် ခမ်းခမ်းနားနား ချီတက် အလေးပြုကြမည်ဖြစ်ကြောင်း သိရှိရသည်။
“တပ်မတော်နေ့အခမ်းအနားမှာ တပ်မတော်(လေ)၊ အမြောက်တပ်၊ သံချပ်ကာတပ်ရင်း အပါအဝင် ကြည်း၊ ရေ၊ လေ အင်အားအပြည့်နဲ့ ချီတက်ကြဖို့ လေ့ ကျင့်နေပါတယ်။ အဲဒီအတွက်လည်း လိုအပ်တဲ့ စက်သုံးဆီနဲ့ လေယာဉ်ဆီတွေကို ချထားပေးတယ်။ ဗိုလ်ချုပ်မှူးကြီးကို ချီတက်အလေးပြုကြရမယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။
အကြမ်းဖက်စစ်တပ်က လေယာဉ်ဆီနှင့် စက်သုံးဆီများ စစ်တပ်အတွက် ဖူလုံစေရေးအတွက် ဆီတင်သွင်းနေသူများထံမှ စစ်တပ်အတွက် ခွဲတမ်း ဆီများအပြင် အရန်ဆီများ၊ လက်ရှိ သုံးစွဲနေသော ဆီများအားလုံးကို တောင်းယူလိုက်ပြီး ပြည်သူလူထုထံသို့မူ အကန့်အသတ်ဖြင့်သာ ရောင်းချစေကြောင်း ဆီတင်သွင်းသူများနှင့် စက်သုံးဆီဖြန့်ဖြူးရေးအသင်းထံမှ သိရှိရသည်။
မြန်မာနိုင်ငံအတွင်းသို့ လေယာဉ်ဆီ တင်သွင်းနေသော NEPAS- Airport Depot Office (National Energy Puma Aviation Services)နှင့် လေယာဉ်ဆီတင်သွင်းနေသော ဆက်စပ်ကုမ္ပဏီများထံမှ လေယာဉ် ဆီများအားလုံးကို စစ်တပ်က အတင်း အဓမ္မ တောင်းခံ သိမ်းယူသွားခဲ့ပြီး စစ်တပ်၏ အသိမ်းခံလိုက်ရသော လေယာဉ်ဆီများတွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း-MAI နှင့် မြန်မာအမျိုးသားလေကြောင်းလိုင်း-MNA တို့အတွက် လေယာဉ်ဆီများပါဝင်ကြောင်း၊ ထို့ကြောင့် MAI နှင့် MNA လေကြောင်းလိုင်းများက ပြည်တွင်းခရီးစဉ်များကို မပျံသန်းနိုင်တော့ဘဲ ဖျက်သိမ်းမှုများ လုပ် ဆောင်နေကြောင်း သိရှိရသည်။
အခြားတစ်ဖက်တွင်လည်း ပြည်သူလူထုကို စက်သုံးဆီ ချွေတာခိုင်းသည့် စီမံချက်များ စစ်တပ်က ချမှတ်နေပြီး တစ်နေ့လျှင် ယာဉ် ၁ စီး စက်သုံးဆီ ၁၅ လီတာသာ ရောင်းချပေးခြင်း၊ စုံ/မ စနစ်ဖြင့် ၁ ရက်ခြား ဆီရောင်းချခြင်းများ လုပ်ဆောင်နေကာ ယခုနောက်ဆုံး ယာဉ် ၁ စီးလျှင် သီတင်း ၁ ပတ် ၁ ကြိမ် (သို့မဟုတ်) ၂ ကြိမ်သာ စက်သုံးဆီရောင်းချပေးတော့မည်ဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်က ပြည်တွင်းတွင် ရက် ၅၀ စာ စက်သုံးဆီ ဖူလုံသည်ဟု ပြောဆိုသော်လည်း လက်တွေ့တွင် ပြည်သူများမှာ စက်သုံးဆီ ရရှိရေးအတွက် ဆီဆိုင်များတွင် ညလုံးပေါက် အိပ်စက်စောင့်ဆိုင်းကာ ယာဉ်တန်းရှည်ကြီးများဖြင့် ကြိတ်ကြိတ်တိုး တန်းစီ ဝယ်ယူနေရကြောင်း သိရှိရသည်။