ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားငွေကို စစ်တပ်က တရုတ်ယွမ်ငွေနဲ့ လက်ခံတော့မယ်ဆို
မတ် -၂၀ ၊၂၀၂၆။ဇော်ဝင်း/People’s Spring
ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားမတည်ငွေရင်းကို တရုတ်ယွမ်ငွေနဲ့ပါ လက်ခံတော့မယ်လို့ စစ်တပ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ပါတယ်။
အရင်က အမေရိကန်ဒေါ်လာတမျိုးတည်းကိုပဲ ရင်းနှီးမြှုပ်နှံမှုရဲ့မတည်ငွေရင်းအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပေမယ့် ပိုမိုလွယ်ကူစေဖို့နဲ့ ရင်းနှီးလိုသူတွေ ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းတာလို့ဆိုပြီး မတ်လ ၁၆ ရက် ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် တရုတ်ငွေယွမ်ကို ယူဆောင်လာရင် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း လိုင်စင်ရဘဏ်တွေကတဆင့် ငွေလွှဲ ပြောင်းပေးချေတာတွေကို ဆောင်ရွက်နိုင်ပြီလို့ အသိပေးထားပါတယ်။
“မနှစ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ခရီးစဥ်မှာကတည်းက ယွမ်ငွေနဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံနိုင်ဖို့ တရုတ်ဘက် တိုက်တွန်းခဲ့တာ။ဒေါ်လာကို တဆင့်ခံရတဲ့ အဆင့်ကိုကျော်လိုက်တာပေါ့”လို့ အသက် (၆၀)အရွယ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
အင်အားကြီး အိမ်နီးချင်နိုင်ငံရဲ့ ငွေကြေးစနစ်ကို နိုင်ငံတွင်းတရားဝင်ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက်မှုတွေမှာ အကောင်းအဆိုး ဒွန်တွဲနေပေမယ့် တရုတ်ရဲ့မြန်မာပြည်တွင်း အကျိုးစီးပွားချုပ်ကိုင်မှုတွေကို မမေ့သင့်ဘူးလို့ ထောက်ပြပါတယ်။
“ရင်းနှီးမြှုပ်နှံမှုတစ်ခုတည်းပဲ ကြည့်ရင် မှားသွားလိမ့်မယ်။ပြီးခဲ့တဲ့ ၁၅ နှစ်လောက်က တရုတ်က ကမ္ဘာ့ကုန်သွယ်ရေးမှာ အသာရဖို့ ယွမ်ငွေတန်ဖိုးချတာမျိုး တွေအထိရှိခဲ့ဖူးတယ်။ပြောချင်တာက ပြည် တွင်းမှာ တရုတ်ငွေကြေးစျေးကွက်တစ်ခု ဖြစ်လာခဲ့ရင် ဘယ်သူက ထိန်းကျောင်းနိုင်မှာလဲ ဆိုတာပဲ”လို့ အထက်ပါ စီးပွားရေးလုပ်ငန်းရှင်က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းလို့ အနောက်နိုင်ငံတွေအပါ အဝင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေက ဆက်တိုက်ကျဆင်းနေပေမယ့် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ ဆက်ရှိနေဆဲအပြင် ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံအလိုက်စာရင်းရဲ့ ထိပ်ဆုံးမှာရှိနေပါတယ်။
အခုဘဏ္ဍာနှစ် ၂၀၂၅-၂၆ ဧပြီ ကနေ ဖေဖော်ဝါရီလကုန်အထိ တရုတ်က မြန်မာနိုင်ငံမှာ ဒေါ်လာ သန်း ၁၆၀ နီးပါး ရင်းနှီးမြှုပ်နှံထားတယ်လို့ စစ်ကောင်စီက အသိပေးထားပါတယ်။
(စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က တရုတ်ယွမ်ငွေသုံးစွဲမှုနဲ့ ယွမ်ငွေအခန်းကဏ္ဍကို ပြည်တွင်းမှာ ပိုတိုးမြှင့်လာနေတာဖြစ်ပါတယ်။ဓာတ်ပုံ-SCMP)