လေယာဉ်ဆီအခက်အခဲကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ်များရပ်ဆိုင်း
မတ်-၂၀၊၂၀၂၆။People’s Spring
လေယာဉ်ဆီအခက်အခဲကြောင့် ပြည်တွင်းလေ
ကြောင်းခရီးစဉ်ပြေးဆွဲမှုကို ရပ်ဆိုင်းလိုက်တယ်လို့ လေကြောင်းလိုင်းတွေကနေ စုံစမ်းသိရှိရပါတယ်။
မနက်ဖြန်(မတ် ၂၁ ရက်)စပြီး ပြည်တွင်းလေ
ကြောင်းခရီးစဉ်ပြေးဆွဲမှုကို ယာယီရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ ဘယ်လောက်ကြာရပ်ဆိုင်းမယ်ဆိုတာတော့မသိရသေးပါဘူး။
“အဓိကလေယာဉ်ဆီမရတော့လို့ ရပ်ဆိုင်းလိုက်တာပါ။ လေယာဉ်ဆီရရင်တော့ပြန်ပြေးဆွဲပေးမှာပါ။ မဖြစ်မနေပြေးဆွဲပေးရမယ့်ခရီးစဉ်တွေကိုတော့ ပြေးဆွဲပေးမှာပါ”လို့ ပြည်တွင်းလေကြောင်းလိုင်းတစ်လိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ပြည်တွင်းလေကြောင်းခရီးစဥ်တွေရပ်နားတာကြောင့် လေယာဥ်လက်မှတ်ခတွေပြန်ပေးမယ်လို့လေယာဥ်လက်မှတ်ကိုယ်စားလှယ်အချို့ကလူမှုကွန်ယက်ကနေအသိပေးနေကြတာကိုလည်းတွေရပါတယ် ။
ဒါပေမယ့် ထိုင်း ၊စင်ကာပူ စတဲ့နိုင်ငံတွေပျံသန်းတဲ့ခရီးစဥ်တွေကိုတော့ ဆက်လက်ပျံသန်းမယ်လို့သိရပါတယ် ။ဒါ့အပြင် လေယာဉ်ဆီ ဝယ်ယူရရှိနိုင်မှု အကန့်အသတ်တွေကြောင့် မြန်မာအမျိုးသားလေ
ကြောင်းလိုင်း (MNA) နဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) အနေနဲ့ ခရီးသည်တွေအတွက် ပစ္စည်းထပ်တိုးသယ်ဆောင်ရန် ကီလိုဝယ်ယူခွင့်ကို ယာယီပိတ်ပင်ထားပါတယ်။
အလားတူ စက်သုံးဆီအခက်အခဲတွေကြောင့် သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ အကြီးအကျယ်ထိခိုက်နေတာဖြစ်ပါတယ်။ခရီးသည်တင်ကားတွေကားခတွေတက်ကုန်ကြပါတယ်။
စက်သုံးဆီမရရှိတာကြောင့် အငှားယာဉ်မောင်းအချို့လည်း ရပ်နားထားရတယ်လို့ ယာဥ်မောင်းအချို့ကပြောပါတယ်။
စစ်ကောင်စီကတော့ စက်သုံးဆီ ရက် ၄၀ စာရှိတယ်လို့ မတ်လ ၄ ရက်ကပြောကြားထားပေမယ့် စက်သုံးဆီရှားပါးပြတ်လပ်မှုက ပြည်တွင်းမှာ တဖြည်းဖြည်းပိုဆိုးလာနေပြီလို့ ပြည်သူတွေကပြောပါတယ်။
(ရန်ကုန်လေဆိပ်မှာရပ်နားထားတဲ့ MNA နဲ့ MAI လေယာဥ်အချို့ကိုတွေ့ရစဥ်(ပုံဟောင်းဖြစ်ပါတယ်) ။ ဓါတ်ပုံ-mridulablog)