စစ်ကောင်စီသတ်မှတ်တဲ့ စက်သုံး​​ဈေး စံချိန်တင်မြင့်တက်

စစ်ကောင်စီသတ်မှတ်တဲ့ စက်သုံး​​ဈေး
စံချိန်တင်မြင့်တက်
မတ်-၂၀၊၂၀၂၆။ဇော်ဝင်း၊​ရောင်နီ /People’s Spring

စစ်ကောင်စီသတ်မှတ်တဲ့ ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းစျေးတွေ ဒီဇယ်တစ်လီတာကို ကျပ် ၅၀၀၀နီးပါးအထိ စံချိန်တင်မြင့်တက်လာတယ်လို့ မော်တော်ယာဥ်မောင်းတွေက ပြောပါတယ်။
အပတ်စဥ် သောကြာနေ့တိုင်း စစ်ကောင်စီဖွဲ့စည်းပေးထားတဲ့ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်ကော်မတီရဲ့သတ်မှတ်စျေးအရ ပြီးခဲ့တဲ့ ခြောက်ရက်ကထက် တစ်လီတာ အနည်းဆုံး ကျပ် ၇၈၀ကနေ ကျပ် ၁၂၆၀အထိ စျေးတက်ခဲ့တာဖြစ်ပါတယ်။
ဒီကနေ့(မတ်လ ၂၀ ရက်)ရန်ကုန်အထိုင် စက်သုံးဆီစျေးအရဓာတ်ဆီ 92တစ်လီတာက ၃,၆၁၀
ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၃,၈၅၀ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၄,၃၉၀ကျပ်နဲ့ ပရီမီယံဒီဇယ် ၄,၈၂၀ကျပ် ဖြစ်ပါတယ်။
အခု စက်သုံးဆီစျေးက ပြည်တွင်းစက်သုံးဆီစျေးသမိုင်းတလျှောက် အမြင့်ဆုံးဖြစ်နေပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအတွက် တိုက်ရိုက်သက််ရောက်မှုတွေနဲ့အတူ အခြေခံလူထုက ကြပ်တည်းမှုတွေ ထပ်ဆင့်ပိုကြုံရလိမ့်မယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့က သုံးသပ်ပါတယ်။
“စက်သုံးဆီ အားလုံးနီးပါးက အရင်ကထက် ၃၀ ရာခိုင်နှုန်းလောက်ကို စျေးတက်သွားတယ်။ဒါဟာ စျေးကွက်ကို ပါ ချက်ချင်းသက်ရောက်လိမ့်မယ်”လို့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ စက်သုံးဆီရည်ညွှန်းစျေးက သုံးပတ်ဆက် မြင့်တက်နေတာဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ ရက်ကထက် ဒီကနေ့ သတ်မှတ်စျေးကြားမှာ တစ်လီတာ ကျပ် ၁၃၀၀ကနေ ၂၀၀၀ကျပ်ကျော်အထိ မြင့်တက်ခဲ့ပါတယ်။
“အခု ဆီစျေးနဲ့ရတဲ့ ဝင်ငွေနဲ့ဆို ဘီးလှိမ့်ဖို့တောင် စိတ်မကူးရဲဘူး။အရေးပေါ်ရှိမှပဲ သုံးလို့ရမှာ “လို့ မြောက်ဒဂုံမြို့နယ်က ယာဥ်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
ဆီဆိုင်တွေမှာဆီဝယ်ဖို့ကား​တွေ နာရီ​ပေါင်းများစွာတန်းစီ​ပေမယ့် ည ၈ နာရီဆို ဆိုင်​တွေက ပိတ်လို့အခက်အခဲဖြစ်ရတယ်လို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့ထက်မန္တလေးအပါအဝင် နယ်မြို့တွေမှာ စက်သုံးဆီအခက်အခဲက နေ့စဥ် ပို ဆိုးရွားလာပြီး စက်သုံးဆီစျေးတွေ အဆမတန်စျေးပေးပြီးဝယ်ယူနေရတယ်လို့ သိရပါတယ်။
မော်တော်ယာဥ်တွေကို တစ်ရက်တစ်ကြိမ်သာ စက်သုံးဆီရောင်းချဖို့ နဲ့ စုံ/မရက်အလိုက် ထွက်ခွင့်ရမယ့် စစ်တပ်က စက်သုံးဆီနဲ့ပတ်သက်လို့ ကန့်သတ်ထားတာကြောင့် မော်တော်ယာဥ် အသုံးပြုရသူတွေ အဆင်မပြေ ဖြစ်နေတယ်လို့ သိရပါတယ်။
အဲဒါအပြင် လေကြောင်းလိုင်းတွေနဲ့ စီးပွားရေးအသင်းအဖွဲ့တချို့က စက်သုံးဆီရရှိမှုအတွက် လုပ်ငန်းပိုင်း လျှော့ချတာ၊ရပ်နားလိုက်တာတွေ ရှိနေပါတယ်။
ရက်ရှည်လာတဲ့အရှေ့အလယ်ပိုင်းစစ်ပွဲတွေကြောင့် ကမ္ဘာ့ရေနံစိမ်း တစ်စည်စျေးတွေကလည်း လေးနှစ်အတွင်း အမြင့်ဆုံး စျေးဖြစ်နေပြီး ဖေဖော်ဝါရီ ၂၈ ရက်က ရေနံတစ်စည် ဒေါ်လာ ၆၀နဲ့ ၇၀ ဝန်းကျင်ကနေ အခုချိန်မှာ ဒေါ်လာ ၁၀၀ ကျော်လာပါတယ်။
(ရန်ကုန်မြို့က စက်သုံးဆီရောင်းဆိုင်အချို့ကို မတ်လ ၂၀ရက်နံနက်က တွေ့ရစဉ်။ ဓာတ်ပုံ -YN)